ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အငူမော်- မောင်တော ကားလမ်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ မော်တော်ယာဉ်တန်းအား ရက္ခိုင်စစ်တပ် (AA) အဖွဲ့က တိုက်ခိုက် သည့်အတွက် ရဲတပ် ဖွဲ့ဝင် ၃ ဦးကျဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တပ်မတော် သတင်းပြန်ကြားရေးဌာနက ထုတ်ပြန် ထားသည်။
ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းက တရား ဥပဒေစိုးမိုး ရေးနှင့်နယ်မြေ တည်ငြိမ် အေးချမ်းရေးဆောင်ရွက်ရန်အတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက အင်းဒင်ရဲကင်း စခန်းမှ မော်တော် ယာဉ်များဖြင့် ထွက်ခွာလာခဲ့စဉ် ညနေ ၅ နာရီ ၂၀ ခန့်တွင် ကိုးတန်ကောက် ကျေးရွာအနီး၌ AA အဖွဲ့က ချောင်း မြောင်းတိုက် ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။
ထိုတိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးကာ ရဲတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းအပြင် မော်တော်ယာဉ် လိုက်ပါ မောင်နှင်ပို့ ဆောင်သည့် အရပ်သား ယာဉ်မောင်း ၁ ဦး သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း သိရသည်။
တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက “မနေ့က ဖြစ်တဲ့ ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့တချို့ ကျဆုံး၊ ဒဏ်ရာရတယ်ဆိုတာ မှန်ပါတယ်။ ကျနော်တို့ ဖြစ်စဉ် အသေးစိတ်ကို သတင်းလည်း ထုတ်ပြန်ထားပြီး သား ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရသေ့တောင်မြို့နယ်အတွင်းက ဒုံးပိုက်ကျေးရွာအနီး မောင်တော- အငူမော်ကားလမ်း၌ AA အဖွဲ့များရောက်ရှိနေပြီး အများပြည်သူ အသုံးပြုလျက်ရှိသည့် ဆက်သွယ် ရေးလမ်းကြောင်းများကို မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်မှု များဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းအရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ကိစ္စများ ဆောင်ရွက် ရန်သွား ရောက်စဉ် ထိုသို့ ချောင်းမြောင်းတိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
ရသေ့တောင်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ကျနော်တို့ သိရသလောက်ဆိုရင် ဒီနေ့ မနက်ပိုင်းမှာ ကားတွေတော့ သွားခွင့်ရတယ်။ ဆိုင်ကယ်တွေတော့ ပြတ်သန်းခွင့်မပေးဘူးလို့ သိရတယ်။ ဖြစ်တဲ့နေရာမှာတော့ တပ်မတော်သားတွေလည်း ရှိတယ်။ လမ်းဘေးမှာ ကုန်တင်ကား တစီးလည်း ပျက်စီး နေတာ ရှိတယ်လို့ သိရတယ်။ ကိုးတန်ကောက်ရွာနဲ့ တိုက်ခိုက်မှုဖြစ်တဲ့နေရာနဲ့ဆို ၂ မိုင် လောက် ဝေးတယ်ဆိုတော့ ရွာသားတွေတော့ ထွက်ပြေးတာမရှိဘူး။ စိုးရိမ်ပူပင်မှု တွေတော့ ရှိတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် တပ်မတော်စစ်ကြောင်းများက အချိန်မီ သွားရောက်ပူးပေါင်းခဲ့ပြီး စစ်ကူ၊ ပစ်ကူများ ဆောင်ရွက်ပေးခဲ့သောကြောင့် AA တပ်ဖွဲ့ဝင်များမှာ ဆုတ်ခွာသွားခဲ့ရာ တပ်မတော် စစ်ကြောင်းက ထပ်ကြပ်မကွာလိုက်လံပြီး စစ်ဆင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျှက် ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
ယခုလ ၁၉ ရက်နေ့ မနက် ၅ နာရီခန့်ကလည်း ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များ ကို AA တပ်ဖွဲ့ဝင်များက ကျောက်ဆိပ်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
ထိုဖြစ်စဉ်တွင် AA က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ AA တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားခဲ့သည်ဟု ဆိုသည်။
ယင်းပစ်ခတ်မှုတွင် AA ထံမှ ပြောက်ကျားယူနီဖောင်း ဝတ်ဆင်ထားသည့် အလောင်း ၁ လောင်း၊ အားကစား အင်္ကျီနှင့် ဘောင်းဘီဝတ်ဆင် ထားသည့် အလောင်း ၁ လောင်း၊ M-22 သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၃ ခု၊ ၎င်းကျည် ၄၀ တောင့်၊ M-22 သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၎င်းကျည် ၃၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံးတို့ သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
တပ်မတော်၏ ထုတ်ပြန်ချက် အရ AA အဖွဲ့များအနေဖြင့် ကျေးရွာများအတွင်း အရပ်သားအသွင်ဖြင့် ရောနှောနေထိုင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချောင်းမြောင်း ပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
ယခုလ ဇွန်လ ၁၃ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် ဒုံးပိုက် နယ်ခြားစောင့်ရဲ ကင်းစခန်းအား AA အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် တချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။
ပြီးခဲ့သော မေလ ၂၉ ရက်နေ့ နံနက် ၂ နာရီ ခန့်ကလည်း ရသေ့တောင်မြို့နယ် အတွင်းရှိ သဇင်မြိုင် နယ်ခြားစောင့် ရဲကင်းစခန်းကို AA အဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးပြီး မိသားစုဝင် ၃ ဦးဖမ်းဆီးခံခဲ့ ရသည်။
နောက်ပိုင်းတွင် ဖမ်းဆီးသွားသည့် ရဲတပ်တပ်ဖွဲ့ မိသားစုဝင်များကို AA တပ်ဖွဲ့ဝင်များက ၎င်းမြို့နယ် အတွင်း က အောက်ကျောင်းတောင် ကျေးရွာ ရပ်မိ၊ ရပ်ဖ လက်ထဲသို့ လွှဲအပ်ကာ ပြန်လွတ်ပေး ခဲ့သည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်အတွင်းရှိ နယ်ခြား စောင့်ရဲစခန်း ၄ ခုကို AA အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့သလို မတ် လ ၃ ရက်နေ့ ကလည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ယိုးတရုတ်ရဲ စခန်း ကို တိုက်ခိုက်ခဲ့သည်။
ယင်းအပြင် ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ကလည်း မြောက်ဦးမြို့ နယ် အတွင်း ကိုးသောင်း ဘုရားအနီးရှိ ရဲတပ်ရင်းကို AA က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ ဝင်များ ထိခိုက် ကျဆုံးမှုများ ရှိခဲ့သည်။
ထိုရဲစခန်းများအား တိုက်ခိုက်သည့် ဖြစ်စဉ်များတွင် တပ်ဖွဲ့ဝင် မိသား စုဝင်များ ဖမ်းဆီးခံရမှု ရှိခဲ့သော်လည်း နောက်ပိုင်းတွင် AA အဖွဲ့က ပြန်လည် လွတ်ပေးခဲ့သည်။
ထိုသို့ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို လုပ်ဆောင်နေသော ရဲတပ်ဖွဲ့ဝင်များကို AA အဖွဲ့က လာရောက်တိုက် ခိုက်ခြင်းမှာ စစ်ရာဇဝတ်မှုကို ကျူးလွန်ရာရောက်ကြောင်း တပ်မတော်က ပြောဆို ထားသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်းက ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်အတွင်း ဒဏ်ရာရ AA တပ်ဖွဲ့ဝင်များအား ဆေးကုသနေသော ယာယီစခန်းတခုကို တပ်မတော်က အင်အား အလုံးအရင်းဖြင့် လာရောက် တိုက်ခိုက်ခဲ့သည့်အတွက် လက်တုန့်ပြန် သည့်အနေဖြင့် ထိုသို့ သဇင်မြိုင် ရဲကင်းစခန်းအား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း AA အဖွဲ့၏ မေလ ၂၉ ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များဆိုသည်မှာ တပ်မတော် လက်အောက်တွင်ရှိပြီး တပ်မတော်၏ စစ်ဆင်ရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်မှု၊ ရဲစခန်းများကနေ လက်နက်ကြီးယာယီ ခန်းများထိုင်ကာ ပစ်ခတ်မှုများ ရှိသည့်အတွက် ရဲစခန်းများကို တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း AA အဖွဲ့က ယခင် ဖြစ်စဉ်များ နှင့်ပတ်သက်ပြီး ပြောဆို ထားသည်။
ပြီးခဲ့သော ဇန်နဝါရီလ ၂ ရက်နေ့ကလည်း အဆိုပါ သဇင်မြိုင် နယ်ခြားစောင့် ရဲစခန်းမှ တပ်ဖွဲ့ဝင် ၄ ဦးမှာ စေတီပြင် စခန်းမှ တပ်ဖွဲ့ဝင်များ၏ လစာကို ထုတ်ယူပြီး အပြန်တွင် လစာများ လုယူခံရကာ တပ်ဖွဲ့ဝင် ၂ ဦး မှာလည်း ပျောက်ဆုံးသွားခဲ့သည်။
You may also like these stories:
ကျောက်တော် အပေါက်ဝရွာတွင် လက်နက်ကြီးကျ၍ အရပ်သား ၂ ဦး ဒဏ်ရာရ
ရခိုင် ပဋိပက္ခ ဖိအားကြောင့် မြေပုံက ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၆၀ နုတ်ထွက်