ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု မြင့်တက်နေသော ကာလအတွင်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၌ သြဂုတ်လ ၂၇ ရက်နေ့က ဒေသခံ ၂ ဦး ကျည်ထိ၍ သေဆုံး သွားခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ ကျည်ထိ၍ သေဆုံးသွားသော ဒေသခံ ၂ ဦးမှာ ကျောက်တော်မြို့ အစွန် ရှမ်းရွာရပ်ကွက်မှ အသက် ၃၀ အရွယ် ကိုမောင်နိုင်ဝင်းနှင့် ယင်းမြို့နယ် အပေါက်ဝ ကျေးရွာမှ အသက် ၃၆ နှစ်အရွယ် ဒေါ်ဘုမတို့ ဖြစ်ကြောင်း ကာယကံရှင် မိသားစုဝင်များက ပြောသည်။
သေဆုံးသူ ကိုမောင်နိုင်ဝင်းမှာ သြဂုတ်လ ၂၆ ရက်နေ့ ညနေ ၁၀ နာရီ ဝန်းကျင် အချိန်ခန့်က နေအိမ်မှ အပြင်ထွက်စဉ် တပ်မတော် စစ်ကြောင်းနှင့် တွေ့ဆုံပြီး ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း အစ်မ ဖြစ်သူ ဒေါ်မလှမြက ပြောသည်။
ဒေါ်မလှမြက “ကျမတို့မှာ အိမ်သာတွေ ဘာတွေ မရှိဘူး။ မြို့အစွန်ဆိုတော့ ကျမ မောင်လေးက ညဘက် အလေး၊ အပေ့ါ သွားဖို့ အပြင်ထွက်သွားတဲ့အချိန် စစ်သားတွေနဲ့ တွေ့ပြီး သူ့ကို ဖမ်းဆီးပြီးတော့ သေနတ်နဲ့ ပစ်သတ်သွားတာ။ ပြီးမှ သူတို့ ကို AA တယောက် အသေ ဖမ်းမိတယ်ဆိုပြီးတော့ ရဲစခန်းကို လာပို့တာလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သေဆုံးသူ ကိုမောင်နိုင်ဝင်းတွင် သေနတ်ဒဏ်ရာများနှင့် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း မိသားစုဝင်များက ဆိုသည်။
တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကမူ တပ်မတော်သားများ လုံခြုံရေး ဆောင်ရွက်နေစဉ် သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၁ နာရီ ၃၅ မိနှစ်အချိန်ခန့်တွင် ကျောက်တော်- ဝါးကင်းကျေးရွာ အသွား လမ်းကြောင်းပေါ်၌ မသင်္ကာဖွယ်ရာ မီး အပြန်အလှန် အချက်ပြမှု ပြုလုပ်နေသည်ကို တွေ့ရသဖြင့် စစ်ဆေးနိုင်ရေး ခေါ်ယူရာ မီးအချက်ပြသူ ၂ ဦးမှာ ထွက်ပြေး သဖြင့် တပ်မတော်သား ၁ ဦးက ထွက်မပြေးရန် ပြောသော်လည်း ရပ်တန့်မှု မရှိခြင်းကြောင့် ခြောက်လှန့် ပစ်ခတ်ခဲ့ ကြောင်း ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားပြီး အသက် ၃၀ ခန့်ရှိ အမျိုးသား ၁ ဦးအား ၎င်းဝတ်ဆင် သည့် ပုဆိုး ခါးပုံအစ အတွင်းမှ Quansheng အမျိုးအစား လက်ကိုင် စကားပြောစက်တလုံး၊ ငွေကျပ် ၁၀၀၀ နှင့်အတူ အသေ ဖမ်းဆီး ရမိကာ ၎င်းစီးနင်းသည်ဟု ယူဆရသော Smash -125 အမျိုးအစား လိုင်စင်မဲ့ ဆိုင်ကယ် ၁ စီးအား သိမ်းဆည်းရမိပြီး သေဆုံးသူအား သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း တပ်မတော် ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ သေဆုံးသူ၏ အစ်မဖြစ်သူ ဒေါ်မလှမြက “ကျမ မောင်လေးက ဖုန်းဆိုင်ထိုင်ပြီး အမေအိုကို လုပ်ကိုင်ကျွေးမွေးနေတာ တရပ်ကွက်လုံး သိတယ်။ သူ့မှာ ဆိုင်ကယ်လည်း မရှိဘူး။ အဲဒီနေ့က သူတို့ (တပ်မတော်သား) ကျမတို့ အိမ်ထဲကို ဝင်လာပြီးတော့ ရေသောက်တယ်။ ထမင်းအိုးတွေကို ဖွင့်ကြတယ်။ ကျမ ယောင်္ကျားကိုတောင် မေးသေးတယ်။ ကလေး ဘယ်နှစ်ယောက် ရှိလဲဆိုပြီးတော့။ ပြီးမှာ ဘေးအိမ်က ဆိုင်ကယ်ကို ယူသွားကြတယ်။ ကျမတို့ကလည်း မောင်လေးကို အဖမ်းခံပြီး အပစ်ခံ ရတာကို မသိဘူးလေ။ သိရင်တော့ ထွက်ကြည့်မိပါတယ်။” ဧရာဝတီသို့ ပြောသည်။
ယမန်နေ့ သြဂုတ်လ ၂၇ ရက်နေ့ကလည်း ကျောက်တော်မြို့နှင့် ၆ မိုင်ခန့်ဝေးသည့် ရန်ကုန်- စစ်တွေ ကားလမ်းပေါ်တွင် တည်ရှိသော အပေါက်ဝ ကျေးရွာမှ ကောက်စိုက်နေသူ အမျိုးသမီး ၃ ဦးမှာ လက်နက်ကြီး ကျည်ဆန် ထိမှန်သည့်အတွက် ၁ ဦးသေဆုံးခဲ့ပြီး ၂ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ သေဆုံးသူ အပေါက်ဝ ကျေးရွာသူမှာ အသက် ၃၆ နှစ်အရွယ် ဒေါ်ဘုမ ဖြစ်ပြီး ပြင်းထန်ဒဏ်ရာများ ရရှိသူ အမျိုးသမီး ၂ ဦးမှာ အသက် ၃၃ နှစ်အရွယ် ဒေါ်အေးသိန်းကျော့နှင့် အသက် ၃၇ နှစ်အရွယ် ဒေါ် မကျော့စိန်တို့ ဖြစ်ကြောင်း မိသားစုဝင်များ က ပြောသည်။
သေဆုံးသူ ဒေါ်ဘုမ၏ အစ်ကို ဦးလှစိန်မောင်က “မနေ့က မနက် ၁၀ နာရီလောက်မှာ ရွာအနောက်ဘက် လယ်ကွင်းမှာ ကျနော့် ညီမနဲ့ ရွာက အမျိုးသမီး ၄ ယောက် ကောက်စိုက်နေကြတာ။ သေနတ်သံကြားတော့ ရွာကို ပြန်လာကြတယ်။ ရထားဘူတာ ကနေ တပ်မတော် စစ်ကြောင်းက ဦးစွန်းတောင် (ခမီးရွာ) ရွာသား ဆိုင်ကယ်နဲ့ ရွာကို ပြန်တဲ့ လူ တ ယောက်ကို လှမ်းပစ်တာလို့ ပြောတယ်။ ဆိုင်ကယ်နဲ့ဆိုတော့ သူ့ကိုတော့ မထိဘူး။ ပစ်တာရပ်ပြီဆိုပြီး ကျနော့် ညီမတို့ လယ်ကွင်းထဲကနေ တက်လာတာမှာ နောက်ထပ် ပစ်တဲ့ လက်နက်ကြီးအစ လာမှန်တာ” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး မင်းသန်းမူ ယမန်နေ့က အဆိုပါ အပေါက်ဝ ကျေးရွာအနီးဝန်းကျင်တွင် တိုက်ပွဲ ဖြစ်ပွားမှု မရှိကြောင်း ပြောသည်။
ဗိုလ်မှူးကြီး မင်းသန်းက “မနေ့က အဲဒီ အပေါက်ဝ ရွာနားမှာ တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ အမျိုးသမီး ၃ ယောက်က ခဲယမ်းကျတာ နေမှာပေါ့။ ခဲယမ်းကျတယ် ဆိုတာက ဘယ်က ပစ်မှန်းတော့ မသိဘူူးပေါ့ကွာ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ လက်နက်ကြီးထိမှန်မှုကြောင့် အပေါက်ဝကျေးရွာ ကောက်စိုက်သူ အမျိုးသမီး ၃ ဦးမှာ ပြင်းထန်ဒဏ်ရာများကြောင့် ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဒေါ်ဘုမမှာ တော့ စစ်တွေဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်နေစဉ် ဒဏ်ရာ ပြင်းထန် သည့် အတွက် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
လက်ရှိအချိန်တွင် ဒဏ်ရာပြင်းထန်သူ အပေါက်ဝ ကျေးရွာသူ ၂ ဦးမှာ ကျောက်တော် ဆေးရုံတွင် တက်ရောက် ကုသမှု ခံယူနေရပြီး သေဆုံးသူ ဒေါ်ဘုမ၏ ရုပ်အလောင်းကို ကျောက်တော် ဆေးရုံမှ ရွာသို့ ယူဆောင်ပြီး ယနေ့ သဂြိုလ် မည် ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုနှင့် ရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ်ကို ချန်လှပ်ပြီး တပ်မတော်က အပစ်ရပ်သက်တမ်းကို စက်တင်ဘာလကုန်အထိ ထပ်တိုးထားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သြဂုတ် ၂၄ ရက်နေ့က ထုတ်ပြန်သော အပစ်ရပ်ကြေငြာချက်တွင် နိုင်ငံတော်မှ အကြမ်းဖက် အဖွဲ့ဟု သတ်မှတ်ထားသည့် အဖွဲ့များ လှုပ်ရှားသည့် နယ်မြေများ မပါဝင်ကြောင်း ထည့်သွင်း ဖော်ပြထား သဖြင့် ရက္ခိုင် စစ်တပ် (AA) အခြေစိုက် လှုပ်ရှားနေသည့် ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှာ အပစ်ရပ်ဒေသထဲတွင် အကျုံးဝင်ခြင်း မရှိပေ။
You may also like these stories:
ရခိုင်ကို ချန်လှပ်၍ တပ်မတော် အပစ်ရပ်သက်တမ်းထပ်တိုး