နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူများ အားလုံးကို ပြန်လွှတ်ပြီး မြန်မာ နိုင်ငံတွင် ဒီမိုကရေစီ နိုင်ငံရေးစနစ် ဖော်ဆောင်ရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က စစ်ကောင်စီကို မတ် ၂၈ ရက်တွင် ပြင်းထန်စွာ သတိပေးလိုက်သည်။
ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွဲသည့် လုပ်ရပ်ကိုလည်း သည်းမခံနိုင်ကြောင်း ဂျပန်နိုင်ငံ ခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံတကာ အသိုင်းအဝိုင်းက ထပ်တလဲလဲ တောင်းဆိုနေသည့်ကြားမှ မြန်မာနိုင်ငံတွင် စစ်တပ်နှင့် ရဲ၏ လုပ်ရပ် ကြောင့် မတ် ၂၇ ရက် တရက်တည်းမှာပင် လူသေဆုံးမှု အလွန်မြင့်တက်သွားသည့် အခြေအနေအပေါ် ဂျပန်အစိုးရက အပြင်းအထန် ရှုတ်ချပြီး မြန်မာနိုင်ငံက ထိခိုက်နစ်နာသူများ၊ ဝမ်းနည်းပူဆွေးနေသည့် မိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်း ရကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။
အရပ်သားများအပေါ် ပစ်ခတ်ခြင်း၊ ထိန်းသိမ်းထားသူများအပေါ် ရက်စက်စွာ ပြုမူခြင်း၊ စစ်တပ်နှင့်ရဲက မီဒီယာများအပေါ် တင်းကျပ် ဖိနှိပ်ခြင်းတို့သည် မြန်မာစစ်တပ်က တရားဝင် ထုတ်ပြောထားသည့် ဒီမိုကရေစီစနစ်၏ အရေးပါပုံများနှင့် ဆန့် ကျင်နေသည်ဟုလည်း ၎င်းက ဆိုသည်။
မြန်မာစစ်ခေါင်းဆောင်များအနေနှင့် ၎င်းတို့ ပြောကြားထားသော “စစ်တပ်သည် ပြည်သူများ၏ ဘဝကို နိုင်ငံခြား ခြိမ်းခြောက်မှုများမှ ကာကွယ်ရန် အဖွဲ့အစည်းတခု ဖြစ်သည်” ဟူသော စကားအား ပြန်လည် သတိရသင့်ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးက သတိပေး ပြောဆိုသည်။
ဧရာဝတီက အတည်ပြု ရရှိထားသည့် စာရင်းများအရ အာဏာသိမ်း စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် မတ် ၂၇ ရက် တရက်တည်းတွင် အရပ်သား ၁၀၀ နီးပါး သေဆုံးပြီး လူ ၁၅၀ ကျော် ဒဏ်ရာရခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးချိန် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၂၇ ရက်အထိ စစ်ကောင်စီ လက်နက်ကိုင်တပ် များ၏ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် မြန်မာနိုင်ငံသား ၄၂၃ ဦး သေဆုံးသွားခဲ့ပြီဖြစ်ပြီး လူပေါင်း ၂၄၂၈ ဦး ဖမ်းဆီး ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သိရသည်။
You may also like these stories:
စစ်သားနှင့် ရဲကို နာရေးမကူဟု ထုတ်ပြန်သည့် လူမှုကူညီရေး အသင်းများကို အမှုဖွင့်ဖမ်းဆီးနေ
စစ်အာဏာရှင်ကို ကြံ့ကြံ့ခံ တော်လှန်ရင်း သွေးစွန်းခဲ့ရတဲ့ ကချင်မြေ
အသံတိတ်နေသော အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဖျက်သိမ်းချိန်တန်ပြီ