စစ်ကောင်စီက ရက္ခိုင့်စစ်တပ် (AA) အား ကိုဗစ်ကာကွယ်ဆေး ၄ သောင်းထိုးပေးရန် ကြားခံ ပုဂ္ဂိုလ်များကနေ တဆင့် ညှိနှိုင်းထားကြောင်း AA အဖွဲ့က အတည်ပြုသည်။
AA ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက “ကျနော်တို့ကို ကြားခံ ပုဂ္ဂိုလ်တွေကနေတဆင့် ကိုဗစ်ဆေး ၄ သောင်းပေးဖို့ အကြမ်းဖျင်း သိထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ စစ်ကောင်စီက ကိုဗစ်ကာကွယ်ဆေးများ ပေးမည်ဆိုရာတွင် မည်သို့ ဆောင်ရွက် လက်ခံမည်၊ မည်ကဲ့သို့ ဆေး ထိုးမည် ဆိုသည်ကို ကိုဗစ်ဆေးရပြီးသည့်အချိန်အပေါ် မူတည်ပြီး ဆက်လက်ညှိနိုင်းရမည် ဖြစ်ကြောင်း ဦးခိုင်သုခက ပြောသည်။
ရခိုင်ပြည်နယ် စီမံခန့်ခွဲရေး ကောင်စီအဖွဲ့၏ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် ပြည်နယ် ဥပဒေချုပ်ဦး လှသိန်းကတော့ ရခိုင် ပြည် နယ်အတွက် ဒုတိယအသုတ် ဆေးထိုးရန် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၂၂၆၀၀၀ ချပေးရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) အား ဆေးထိုမည့် ဦးစားပေးထဲတွင် ပါဝင်ကြောင်း ပြောသည်။
ဥပဒေချုပ် ဦးလှသိန်းက “ကျနော်တို့ကို ပြည်ထောင်စုက ချပေးတဲ့ ဒုတိယအသုတ် ကာကွယ်ဆေးထိုးမယ့် ဦးတည် အုပ်စု ၁၆ ခုထဲမှာ EAO အုပ်စု ပါဝင်တယ်။ ရခိုင်ပြည်နယ်ထဲက EAO အဖွဲ့ဆိုတော့ AA လည်း ပါတာပေါ့။ ဆေး ဘယ်လို ထိုးမလဲဆိုတဲ့ မူဝါဒကတော့ ပြည်ထောင်စုက ချမပေးသေးဘူး။ ဆေးထိုးမယ့် စာရင်းထဲမှာ EAO တွေ ပါ တာပဲ ရှိသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
AA အား ကိုဗစ်ဆေးထိုးမည့် ကိစ္စမှာ ပြည်ထောင်စုအဆင့်က ချမှတ်ပေးသည့် မူဝါဒအတိုင်းသာ အကောင်အထည် ဖော် ဆောင်ရွက်ရသည့်အတွက် မည့်သည့်အချိန် ဆေးထိုးမည်၊ မည်ကဲ့သို့ ဆေးထိုးပေးမည်ဆိုသည်ကို လက်ရှိ အချိန်အထိ တိတိကျကျ လမ်းညွှန်ထားခြင်း မရှိသေးကြောင်းလည်း ရခိုင်ပြည်နယ် စီမံခန့်ခွဲမှု ကောင်စီဝင်များက ပြောသည်။
AA နှင့် စစ်တပ်တို့သည် ရခိုင်ပြည်နယ်အတွင်း ၃ နှစ်နီးပါး မီးကုန်၊ ယမ်းကုန် တိုက်ခိုက်ခဲ့ကြပြီး ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်း နှစ်ဖက် တိုက်ပွဲများကို ရပ်တန့်ခဲ့ကြသည်။
ထိုသို့ တိုက်ပွဲများ ရပ်တန့်ထားသည့် နောက်ပိုင်းကတည်းက AA သည် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် နိုင်ငံရေးမှူးများကို ခန့်အပ်ပြီး အုပ်ချုပ်ရေးကို တစိုတ်မတ်မတ် ထူထောင်ခဲ့သလို လက်ရှိအချိန်တွင် ပြည်သူ့တရား စီ ရင်ရေး အခန်းကဏ္ဍကိုပါ ကျင့်သုံးကိုင်တွယ်ကာ ပြည်နယ်အတွင်း သြဇာလွှမ်းမိုးမှု နေရာယူထားသည်။
You may also like these stories:
မြို့ကြီးများ၌ ကိုဗစ်ကူးစက်မှု ကျဆင်းသည်ဆိုသော်လည်း နယ်များတွင် ဖြစ်ပွားမြင့်နေ
မောင်တောနယ်စပ်မှာ တကျော့ပြန် လှုပ်ရှားလာသည့် မွတ်ဆလင် လက်နက်ကိုင်များ
AA ထံ အမှုများ မတိုင်ကြားဖို့ မွတ်ဆလင်ရွာ လူကြီးများအား စစ်တပ်က ခေါ်ယူ သတိပေး