စစ်ကောင်စီက ခန့်အပ်ထားသော စစ်ကိုင်းတိုင်းဝန်ကြီးချုပ်သည် အရပ်သားခုခံရေးတပ်များ၏ မိုင်းခွဲတိုက်ခိုက်ခြင်း ခံရသည်။
တနင်္လာနေ့ညနေတွင် အရပ်သားခုခံရေးအင်အားစုဖြစ်သော စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့တပ်မတော် (PADF) က စစ်ကိုင်းမြို့နယ်အနောက်ပိုင်းတွင် ဝန်ကြီးချုပ်ဦးမြတ်ကျော်ပါဝင်သော ယာဉ်တန်းကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာသည်။
ထိုတိုက်ခိုက်မှုသည် တပတ်အတွင်း ထိုဝန်ကြီးချုပ်ကို နှစ်ကြိမ်မြောက် ခြုံခိုတိုက်ခိုက်ခြင်းဖြစ်သည်။
ထိုသတင်းကို ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
စစ်ကိုင်းတိုင်းသည် တူမီးသေနတ်များနှင့် လက်လုပ်ဗုံးများဖြင့် အရပ်သားခုခံရေးအင်အားစုများက စစ်ကောင်စီတပ်များကို အဆုံးအရှုံး အများဆုံးဖြစ်စေသော တည်ငြိမ်မှုအနည်းဆုံး ဒေသဖြစ်သည်။
စက်ရုံတရုံအနီးတွင် ထိုယာဉ်တန်းကို မိုင်း ၁၀ လုံးခွဲပြီး တိုက်ခိုက်ခဲ့ကြောင်း ထိုခုခံရေးတပ်ဖွဲ့မှ ကိုတေဇက အင်္ဂါနေ့တွင် ဧရာဝတီ သတင်းဌာနသို့ပြောသည်။
ထိုဝန်ကြီးချုပ်သည် မြို့နယ်အနောက်ပိုင်းရှိ တက္ကသ်ိုလ်တခုတွင် အခမ်းအနားတက်ပြီး စစ်ကိုင်းသို့ ပြန်လာခြင်းဖြစ်သည်။
ကားနှစ်စီး ပျက်စီးသွားသော်လည်း ဝန်ကြီးချုပ် ထိခိုက်ခြင်း ရှိမရှိ မသိရပေ။
ထိုယာဉ်တန်းသည် တိုက်ခိုက်ခံရသောအခါ စက်ရုံတခုတွင် ဝင်ရောက်ခိုလှုံကြောင်း ကိုတေဇ ပြောသည်။ အဝေးပြေးလမ်းတွင် အစောင့်များ အကြီးအကျယ်ချထားသောကြောင့် ထိုတိုက်ခိုက်မှုကို ၅ ရက်ခန့် ကြိုတင် စီစဉ်ရကြောင်း သူပြောသည်။
“ကျနော်တို့က အဆုံးအထိ တိုက်မယ်။ လက်နက်ကောင်းကောင်းမရှိတာက ကျနော်တို့ပြဿနာပဲ။ ဒါပေမယ့် ပြည်သူတွေက စစ်ကောင်စီကို တိုက်ချင်နေတယ်” ဟု ကိုတေဇ ပြောသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့တွင်လည်း ဦးမြတ်ကျော် လိုက်ပါလာသော ယာဉ်တန်းကို ကလေး၀ ပြည်သူ့ကာကွယ်ရေးတပ်(PDF) က စစ်ကိုင်းတိုင်း ကလေး၀မြို့နယ် ကလေး၀-ရေဦးအဝေးပြေးလမ်းပေါ်တွင် မိုင်း ၈ လုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။
ထိုယာဉ်တန်းတွင် လိုက်ပါလာသော စစ်သားများသည် တိုက်ခိုက်ခံရသောအခါ ရမ်းသမ်းပစ်ခတ်သော်လည်း တိုက်ခိုက်သူများ လွတ်မြောက်သွားကြောင်း ထိုအဖွဲ့က ပြောသည်။
လွန်ခဲ့သောအပတ်ကလည်း ခုခံရေးအင်အားစုများသည် စစ်ကောင်စီခန့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီး ဒေါက်တာဌေးအောင်နှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းကို ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှ ချောင်းသာ-ပုသိမ်အဝေးပြေးလမ်းတွင် ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ထိုအဖွဲ့ကပြောသည်။
အပြန်အလှန်ပစ်ခတ်မှုအတွင်း ထိုယာဉ်တန်းတွင် လိုက်ပါလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးသေကြောင်း ထိုတပ်ဖွဲ့က ပြောသော်လည်း ဝန်ကြီးနှစ်ဦး၏ အခြေအနေကို မသိရပေ။
ပြည်သူ့ကာကွယ်ရေးတပ်၏ အခြားတိုက်ခိုက်မှုများ
အရပ်သားခုခံရေးတပ်များသည် စစ်ကိုင်းနှင့် မန္တလေးတိုင်းနှင့် ကချင်၊မွန်နှင့်ကယားပြည်နယ်များတွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်နေပြီး သုံးရက်အတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၆ ယောက်ကို သတ်ဖြတ်ခဲ့သည်ဟု ကြေညာသည်။
မုံရွာရှိ ရဲစခန်းတခုကို လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း အနောက်မြောက်လွင်ပြင် တော်လှန်ရေးအင်အားစုများက အင်္ဂါနေ့တွင်ကြေညာသည်။ ရဲအစောင့်များ ဒဏ်ရာရပြီး တိုက်ခိုက်သူများ လွတ်မြောက်သည်ဟု ထိုအဖွဲ့ကပြောသည်။
အင်္ဂါနေ့နံနက်က ချောင်းဦးမြို့နယ်တွင် ပူးပေါင်းအဖွဲ့ ၄ ဖွဲ့က စစ်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်သောအခါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေကြောင်း ချောင်းဦး PDF ကပြောသည်။ ထိုတိုက်ခိုက်မှုတွင် ယာဉ်တစီးလည်း ပျက်စီးသွားသည်ဟု ဆိုသည်။
အင်္ဂါနေ့နံနက်က ခြေလျှင်သွားနေသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးကို ခြုံခိုတိုက်သောအခါ စစ်သား ၅ ဦးသေကြောင်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ကပြောသည်။
ပူးပေါင်းတပ်ဖွဲ့တခုက ကလေးရှိတပ်ရင်းတခုကို တနင်္ဂနွေနေ့ညနေတွင် စီးနင်းကြောင်း ဇိုလန်ပြည်သူ့ကာကွယ်ရေးတပ်ကပြောသည်။
လက်နက်ဂိုဒေါင်ပျက်စီးပြီး စစ်သားအချို့ဒဏ်ရာရသည်ဟု ထိုအဖွဲ့ပြောသည်။
တနင်္လာနေ့က ချင်းတွင်းမြစ်အတွင်း နေရာ ၉ ခုတွင် စပိဘုတ်အပါအဝင် စစ်ကောင်စီသင်္ဘောများကို တိုက်ခိုက်ခဲ့ကြောင်း ကနီ ပြည်သူ့ကာကွယ်ရေးတပ်ကပြောသော်လည်း စစ်ကောင်စီတပ် အသေအပျောက် မသိရပေ။
ကနီမြို့နယ် ယင်း ရွာအနီးတွင် ပူးပေါင်းတပ်များက မိုင်းခွဲ ခြုံခိုတိုက်သောကြောင့် စစ်ကောင်စီတပ်သား ၈ ဦးသေပြီး ၃ ဦး ဒဏ်ရာရကြောင်း ထိုအဖွဲ့ပြောသည်။
တနင်္လာနေ့ညက မန္တလေးတိုင်းမြင်းခြံမြို့နယ်ရှိ ကျေးရွာ စာသင်ကျောင်းတခုတွင် စခန်းချနေသော စစ်ကောင်စီတပ်များကို အဖွဲ့ ၄ ဖွဲ့က ဝင်ရောက်တိုက်ခိုက်သောကြောင့် စစ်ကောင်စီတပ်သား ၈ ဦးသေပြီး ၂ ဦး ဒဏ်ရာရသည်ဟု ဆိုသည်။
ရွှေကူပြည်သူ့ကာကွယ်ရေးတပ်နှင် ကချင်လွတ်လပ်ရေးတပ်မတော် ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား ကချင်ပြည်နယ်ရွှေကူတွင် အပြင်းအထန် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း အမျိုးသားညီညွတ်ရေးအစိုရ ကာကွယ်ရေးဝန်ကြီးဌာနကပြောသည်။
တနင်္လာနေ့က မွန်ပြည်နယ် သထုံမြို့နယ်တွင် သထုံပြည်သူ့ကာကွယ်ရေးတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့က စစ်ကောင်စီတပ်များကို တိုက်သောအခါ စစ်ကောင်စီဘက်က ၃ ဦးသေသည်။
တနင်္လာနေ့က ကယားပြည်နယ် ဒီမောဆိုတွင် စစ်ကောင်စီတပ်သည် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) အပြင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သော ကရင်နီတပ်မတော် ပါဝင်သော ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲ ၃ ကြိမ်ဖြစ်ကြောင်း ထိုအုပ်စုများပြောသည်။
ထိုပစ်ခတ်မှုများတွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ကရင်နီအရပ်သား တိုက်ခိုက်ရေးသမား တဦး ဒဏ်ရာရသည်ဟု ကယားပြည်သူ့ကာကွယ်ရေးတပ်ကပြောသည်။
ထိုမြို့နယ်တွင် အင်္ဂါနေ့နံနက်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
စစ်ကောင်စီသည် တနိုင်ငံလုံးတွင် PDF များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည်။
စစ်ကောင်စီသည် အရပ်သားများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ်သုံးခြင်း၊ နေအိမ်များကိုမီးရှို့ခြင်း၊ အဓမ္မပြုကျင့်ခြင်းအပါအဝင် ရက်စက်ကြမ်းကြုတ်မှုများကို အထူးသဖြင့် မကွေးနှင့် စစ်ကိုင်းတိုင်းများနှင့် ချင်း၊ရှမ်းနှင့်ကယားပြည်နယ်များတွင် ကျူးလွန်နေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta-Appointed Chief Minister Ambushed ကို ဘာသာပြန်သည်။)
You may also like these stories:
ဆေးတပ်သား အမျိုးသမီး ၉ ဦးကို ဓားစာခံအဖြစ် စစ်တပ်ခေါ်သွားဟု ကလေး PDF ပြော
စစ်ရှိန်မြင့်လာတဲ့ ချင်းတောင်တန်း
တိုက်ပွဲပုံစံသစ်ကို စစ်ကောင်စီ ရင်ဆိုင်နေရ
လက်နက်ကိုင်ခုခံမှုများကို သုံးလအတွင်း ရှင်းလင်းပစ်ရန် စစ်ကောင်စီ ရည်မှန်း