ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းက မီးတိုက်ကျေးရွာသား ၁ ဦး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိသည်။
သေဆုံးသူမှာ အသက် ၃၆ နှစ်အရွယ် ဦးကျော်မောင်သာဖြစ်ပြီး မတ်လ ၁၃ ရက်နေ့ည ၈ နာရီခန့်က ရွာအနောက်ဘက်ရှိ လယ်ကွင်းသို့ နွားပျောက်သွားရှာစဉ် ကင်းလှည့်နေသည့် မီးတိုက်နယ်ခြားစောင့် ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဆွေမျိုး တော်စပ်သူ တဦးက ပြောသည်။
၎င်းက “သူ့က နွားတကောင် ပြန်မရောက်တဲ့အတွက် ရွာအနောက် ဘက်က လယ်ကွင်းပြင်ဘက်ကို သွားရှာတာ။ မျက်မြင်တွေ ပြောတာက ကင်းလှည့်နေတဲ့ နယ်ခြားစောင့်ရဲက သူတို့ခေါ်တယ်။ သူက မပြေးဘူး။ အဲဒီ အချိန်လှမ်းပစ်လို့ သူလဲကျတယ်။ တော်ကြာမှာ ရွာက ကားခေါပြီးတော့ သူလက်နှစ်ဘက်ကို ကားပေါ်ဆွဲတင်ကြတယ်တဲ့။ သွေးတွေလည်း အိုင်ခံနေတယ်လို့ပြောတယ်။ ပြီးမှမောင်တောဆေးရုံကို ပို့လိုက်ကြတာ” ဟု ဧရာဝတီသို့ ပြောသည်။
ပစ်ခတ်ခံရသည့်အတွက် ဦးမောင်ကျော်သာမှာ ညာဒူးအောက်ခြေမှာ ကြေမွသွားပြီး မောင်တောဆေးရုံသို့ ရောက်ရှိစဉ် အချိန်တွင် သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့ ကြောင်းလည်း မိသားစုဝင်များက ပြောသည်။
မီးတိုက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သာထွန်းက “သေနတ်ဒဏ်ရက ဒူးဆစ်အောက်မှာ ခြေသလုံး တခုလုံး တစစီ ဖြစ်သွားတယ်။ သွေးထွက်တာ တော်တော်များတဲ့အတွက် ဆေးရုံကို ရောက်တာနဲ့ ဆုံးသွားတာ။ နယ်ခြားစောင့် ရဲကတော့ ဘာကြောင့် ပစ်တယ်ဆိုတာတော့ မပြောဘူး။ ဆေးရုံကို ယူသွားတာ။ အခုအလောင်းကို ရွာပြန်ယူလာတယ်။ အဲဒီအတွက် ကုန်ကျစရိတ်တွေ ခံပေးမယ်လို့ပြောပဲ” ဟု ဧရာဝတီသို့ ပြောသည်။
သေဆုံးသွားသည့် ဦးမောင်ကျော်သာတွင် ဇနီးနှင့်အတူ သား/သမီး ၄ ဦး ကျန်ရှိခဲ့ကာ ရိုးသားစွာ လုပ်ကိုင်စားသောက်နေတဦးဖြစ်သည့်အတွက် ယခု ကဲ့သို့ ကျေးရွာတွင် တည်ရှိသော နယ်ခြာစောင့်ရဲစခန်းမှ ပစ်ခတ်မှုအပေါ် တာဝန်ယူ၊ တာဝန်ခံမှု အပြည့်ဖြင့် ဖြေရှင်းပေးစေလိုကြောင်း ဒေသခံ ကျေးရွာသားများနှင့် မိသားစုဝင်များက လိုလားနေကြသည်။
မောင်တောမြို့နယ်အတွင်းက မီးတိုက်ကျေးရွာသည် မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေတွင် တည်ရှိသော ကျေးရွာတရွာဖြစ်ပြီး ရခိုင်၊ မရာမာ၊ ဒိုင်းနက် တိုင်းရင်းသားများ စုပေါင်းနေထိုင်သော ကျေးရွာဖြစ်သည်။