စစ်အာဏာသိမ်းမှုဆန့်ကျင်သူများစွာအား ဖမ်းဆီးချုပ်နှောင်ထားသည့် အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်း ပုဒ်မ ၅၀၅ အပါအဝင် တရား စွဲခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ အားထောင်အာဏာပိုင်များက ရိုက်နှက်နှိပ်စက်သည့်အတွက် ဒဏ်ရာရသူများ ရှိနေကြောင်း အ ကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။
အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားအချို့အနေဖြင့် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ဦးအား စစ်ကောင်စီက သေဒဏ်အတည်ပြုခြင်းနှင့် ပတ်သက်ပြီး ဇွန်လ ၈ ရက်နေ့က ထောင်အတွင်း အစာငတ်ခံဆန္ဒပြခဲ့ကြကြောင်းသိရသည်။
ယင်းနောက် ဇွန်လ ၉ ရက်နေ့တွင် ညွှန်မှူးဦးမျိုးသိန်းမှ ထောင်သို့လာရောက်စစ်ဆေးစဉ်တွင်လည်း အပြေဆောင် (၂) မှ နိုင်ငံရေး အကျဉ်းသား အချို့က ထောင်သို့ ပိုက်ဆံသွင်းသည့်ကိစ္စ၊ နိုင်ငံရေးအကျဉ်းသား/အချုပ်သားများအား မိလ္လာခပ်ခိုင်းသည့်ကိစ္စနှင့် ဆန်အိတ်များထမ်းခိုင်းသည့် ကိစ္စရပ်များတင်ပြခဲ့ကြကြောင်း သိရသည်။
ထိုသို့ ညွှန်မှူးထံ တင်ပြဆောင်ရွက်မှုများအား အငြိုးထားကာ ညွှန်မှူးပြန်သွားချိန်တွင် မိန်းဂျေးဦးစီးနှင့် ထောင်ပိုင်လေးတို့မှ တင်ပြခဲ့သူ များထဲမှ ၁၁ ဦးအား ခေါ်ထုတ်ကာ ဝန်ထမ်းများ၊ ရာဇဝတ်သားများနှင့်အတူ ရိုက်နှက်ခဲ့ကြသည့်အတွက် ထိခိုက်ဒဏ်ရာများရခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရိုက်နှက်နှိပ်စက်မှုအား ထောင်ဦးစီးအရာရှိဖြစ်သူ ဦးမျိုးမင်းထိုက်ရှေ့တွင်ပင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း တားဆီးခြင်းမရှိသည့်အ တွက် ရိုက်နှက်ခံရသူ ကိုမုန့်ဖတ်ဆိုသူ ညာနံရိုးတချောင်အက်ဒဏ်ရာ၊ ကိုရာကြီးဆိုသူ ဘယ်လက်ဖျံရိုးကျိုးခဲ့ပြီး ကိုကျော်သီဟတွင် နှာရွက်ပဲ့ထွက်ဒဏ်ရာများရရှိခဲ့သည့်အပြင် ချယ်ရီကောင်းထက်ဆိုသူနှင့်အခြားသူအချို့လည်း ဒဏ်ရာများရခဲ့ကြောင်းသိရသည်။
ရိုက်နှက်ခံရသူများထဲတွင် သင်းအုပ်ဆရာ၊ ရှေ့နေ၊ ဆရာဝန်၊ အင်ဂျင်နီယာများ ပါဝင်ကြောင်းလည်း ထောင်နှင့် နီးစပ်သူများက ပြောသည်။
ထိုသို့ ရိုက်နှက်မှုနှင့် ပတ်သက်ပြီး ထောင်ဝန်ထမ်းဖြစ်သူ သပြေဆောင် အဆောင်မှူးက “မင်းတို့ သတင်းကို အပြင်မှာ ကြိုက်သလိုထုတ်၊ မင်းတို့သေသွားရင် ငါတို့က A4 တရွက်ပဲကုန်တယ်”ဟု ပြောဆိုခဲ့သည့်အပြင် ထောင်ဝန်ထမ်းများက ဆဲဆိုခြိမ်းခြောက်မှုများလည်း ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
လက်ရှိတွင် ရိုက်နှက်နှိပ်စက်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအခြေအနေအား အသေးစိတ်မသိရသေးဘဲ အစားငတ်ခံဆန္ဒပြရာတွင် ပါဝင်သူများအား အဆောင်ပြောင်းရွေ့မှုများ ပြုလုပ်ထားကြောင်း ထောင်နှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “ဆန္ဒပြတဲ့သူတွေကို အဆောင်ပြောင်းတာတွေလုပ်တယ်၊ စိုက်ပျိုးရေးဘုတ်ဆိုပြီး မနက် ၇ နာရီကနေ ည ၇ နာရီအထိ အပင်တွေစိုက်ခိုင်းတယ်၊ အခန်းလူကြီးက မလုပ်ချင်ရင် ဘောင်ချာဝင်မလား တယောက်တသိန်းခွဲပေးရမယ်ပြောတယ်၊ မပေးတဲ့အခါ လူ ၆၀ လောက်အိပ်ရမယ့်နေရာမှာ လူ ၁၂၀ ဦးထားတာတွေလုပ်တယ်” ဟု ပြောသည်။
ယင်းအပြင် ဆန္ဒပြမှုအား အကြောင်းပြကာ အင်းစိန်ထောင်အတွင်းက အမျိုးသမီးဆောင်အား ထောင်အာဏာပိုင်များက ရေနှင့် မီးဖြတ်ထားသည့်အတွက် သန့်ရှင်းမှုမရှိသည့် အိမ်သာရေများအား သောက်နေရပြီး ဝမ်းပျက်ဝေဒနာများခံစားနေကြရကြောင်းလည်း သိရသည်။
အင်းစိန်ထောင်အတွင်း အမျိုးသမီးအကျဉ်းသားများ ဆန္ဒပြမှုဖြစ်စဉ်မှာ ပြီးခဲ့သည့်လအတွင်းက နိုင်ငံရေးအကျဉ်းသူတဦး ကလေးမီးဖွား ချိန်တွင် အလွယ်တကူမွေးဖွားနိုင်ခြင်းမရှိသော်လည်း ဆေးရုံးသို့ အချိန်မီမပို့ဆောင်ခဲ့ဘဲ အချိန်လွန်မှပို့ဆောင်ခဲ့သည့်အတွက် ကလေးမှာ သေဆုံးလျှက် မွေးဖွားခဲ့ရကြောင်း သိရသည်။
ယင်းဖြစ်စဉ်ပတ်သက်ပြီး ထောင်အာဏာပိုင်များက အင်းစိန်ထောင်တွင် ချုပ်နှောင်ခံထားရသည့် အဆိုပါအမျိုးသမီး၏ ခင်ပွန်းဖြစ်သူ အား အသိပေးခဲ့ခြင်းလည်းမရှိဘဲ နောက်ပိုင်းမှသာ ၎င်းအမျိုးသားဖြစ်သူ သိရှိခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထောင်နှင့် နီးစပ်သူတဦးက “ထောင်ထဲမှာ ကလေးမမွေးနိုင်တာကို အထဲမှာပဲ အတင်းကုန်းရုန်းပြီးလုပ်နေကြတာ၊ အဆင်မပြေတော့မှ ဆေးရုံပို့တော့ ကလေးကအသေလေးမွေးလာရော၊ အဲဒါကို ထောင်ထဲက သူ့ယောကျာ်ကို အသိမပေးဘူး၊ ဒီလိုပဲ စုံစမ်းကြရင်းနဲ့ မှသိကြတာ၊ ဖြစ်ချင်တော့ သူ့ယောကျ်ားကလည်း ဒီရက်ပိုင်းမှာပဲ သေဒဏ်ချခံလိုက်ရတယ်” ဟု ပြောသည်။
ထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုစနစ် ညံ့ဖျင်းမှုကြောင့် ကလေးဆုံးရှုံးခဲ့ရသူ အမျိုးသမီးနှင့် အမျိုးသားဖြစ်သူတို့မှာ အင်းစိန် ထောင်အတွင်း နိုင်ငံရေးနှင့် ဆက်နွယ်မှုဖြင့် တရားစွဲထောင်ချခံထားရသူများဖြစ်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောထား သော်လည်း အသေးစိတ်အချက်အလက်များအား မသိရသေးပေ။
အကျဉ်းထောင်အရာရှိဟောင်းတဦးက “အခုကတော့ နိုင်ငံရေးနဲ့ နွယ်တဲ့ အကျဉ်းသား၊ အချုပ်သားတွေကို သီးသန့်ကို ရုပ်ပိုင်းစိတ်ပိုင်း ညှင်းပမ်းနှိပ်စက်ဖို့ စနစ်တကျများ ရည်ရွယ်ဆောင်ရွက်နေသလား သံသယဖြစ်ဖွယ်အခြေအနေပါပဲ၊ အကျဉ်းထောင်မှာ တာဝန်ထမ်း ဆောင်ခဲ့တဲ့ အတွေ့အကြုံအရ ဒီလောက်ဆိုးဝါးတဲ့ အခြေအနေ၊လုပ်ရပ်ကို တခါမှမကြုံခဲ့ဖူးဘူး။ ဥပဒေမဲ့ လုပ်နေတာတွေက တမင် ရည်ရွယ်ချက်တခုနဲ့ လုပ်နေသလား သံသယဖြစ်ဖွယ်ပါပဲ” ဟု ပြောသည်။
လက်ရှိအင်းစိန်အကျဉ်းထောင်အတွင်း ညှင်းပမ်းနှိပ်စက်မှုများတွင် ထောင်တာဝန်ခံအရာရှိဖြစ်သူ ဦးဇော်လင်းအောင်နှင့် ထောင်ကြီးကြပ်ရေးမှူး ဦးအောင်ကိုဦးတို့တွင် တာဝန်ရှိကြောင်းနှင့် ၎င်းတို့ခိုင်းစေမှုဖြင့် နိုင်ငံရေးအကျဉ်းသားများအား ရိုက်နှက်ညှင်းပမ်းနေသည့် ရာဇဝတ်မှုဖြင့် ထောင်ကျနေသူများထဲတွင် တရုတ်ကြီး၊ ရဲလေး၊ မိုးကောင်း၊ မောင်ထွန်း၊ ဟန်ညွှန့်၊ စိုးတင့် စသူများ ပါဝင်ကြောင်းလည်း စောင့်ကြေည့်လေ့လာသူတဦးက ပြောသည်။
အင်းစိန်ထောင် တာဝန်ခံအရာရှိဖြစ်သူ ဇော်လင်းအောင်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ဖက်မှ အကျဉ်းဦးစီးဌာနသို့ ပြောင်းရွေ့လာခြင်းဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အကျဉ်းထောင်အသီးသီးတွင် စစ်တပ်အရာရှိများအား အစားထိုးခန့်အပ်ပြီးနောက်တွင်လည်း နိုင်ငံရေးနှင့် ဆက်နွယ်ကာ ဖမ်းဆီးချုပ်နှောင်ထားသူများအား နှိပ်စက်ညှင်းပမ်းမှုများ ပြုလုပ်လျှက်ရှိနေကြောင့် လေ့လာသူများကပြောသည်။
ထိုသို့ နိုင်ငံရေးအကျဉ်းသားများအား နှိပ်စက်ညှင်းပမ်းမှုများတွင် အင်းစိန်ထောင်၊ မန္တလေး(အိုးဘို)ထောင်၊ မုံရွာထောင်နှင့် ဘားအံထောင် တို့မှာ အဆိုးဝါးဆုံးဖြစ်နေကြောင်းလည်း လေ့လာစောင့်ကြည့်သူများက ပြောသည်။
ရှေ့နေတဦးက “အခုဖြစ်နေတဲ့ အကျဉ်းထောင်တွင်း ညှင်းပမ်းနှိပ်စက်မှုတွေဟာ တည်ဆဲထောင်ဥပဒေတွေကို ဆန့်ကျင်နေပြီးတော့ ရာ ဇဝတ်မှုတွေသာဖြစ်တယ်၊ ရိုက်နှက်တယ်ဆိုရင် သာမန်ထိခိုက်ခံရမယ်ဆိုရင် ရာဇသတ်ကြီးပုဒ်မ ၃၂၃၊ ၃၂၅။ ကိုယ်လက်အင်္ဂါချို့ ယွင်သွားမယ်၊ ပြင်းပြင်းထန်ထန်ဒဏ်ရာ ရသွားမယ်၊ အမြဲတစေ မသန်စွမ်းနိုင်တဲ့ ဒဏ်ရာမျိုးရမယ်ဆိုရင် ပုဒ်မ ၃၂၄၊ ၃၂၆။
နှိပ်စက်ညှင်းပမ်းရင်းက သေသွားမယ်ဆိုရင်၊ အစီအစဉ်တကျ စီစဉ်ပြီးမှ ဆောင်ရွက်ရာကနေ သေဆုံးတာဆို ပုဒ်မ ၃၀၂-၁(ခ)အရ သေဒဏ်မှတပါး အခြားပြစ်ဒဏ် မချမှတ်နိုင်တဲ့ ရာဇဝတ်မှုတွေဖြစ်ပါတယ်” ဟု ထောက်ပြသည်။
ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့ကလည်း ဘားအံ (တောင်ကလေး) ထောင်တွင် နိုင်ငံရေးအကျည်းသားများအား ရာဇဝတ်အကျဉ်းသားများနှင့် အတူထားရန် အဆောင်ပြောင်းရွေ့ရာမှ မပြောင်းရွေ့လို့သည့်အတွက် ဆန္ဒထုတ်ဖော်ရာတွင် အကြမ်းဖက်သေနတ်ပစ်ဖောက်ကာ ပြောင်း ရွေ့စေခဲ့သည့်အပြင် လေးခွများ၊ ဝါးချွန်များဖြင့်ပါ တိုက်ခိုက်ခဲ့သည့်အတွက် အကျဉ်းသား ၂ ဦးကျည်ထိမှန်ကာ ၆၀ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယင်းအပြင် မန္တလေး အိုးဘိုထောင်တွင်လည်း ဇွန်လ ၅ ရက်နေ့က ထောင်ဝန်ထမ်းနှင့် နိုင်ငံရေးအကျဉ်းသားအချို့ စကားများရန်ဖြစ်ရာမှ နိုင်ငံရေးအကျဉ်းသားများအား ထောင်အာဏာပိုင်များက ဝိုင်းဝန်ရိုက်နှက်ခဲ့ကြသည့်အပြင် ထောင်ပိုင်မှ ဓားဖြင့်ထိုးခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသား ၂ ဦးဓားထိုးခံရပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကာ တိုက်ပိတ်ခံထားရကြောင်းလည်း သိရသည်။
အဆိုပါ အိုးဘိုထောင်ဖြစ်စဉ်တွင် နိုင်ငံရေးအကျဉ်းသား ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည် ပြုနိုင်ခြင်းတော့ မရှိသေးပေ။