စစ်တပ် မီးရှို့ခဲ့သည့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကာဘိုးတိုက်နယ်ရှိ ကျောက်တိုင်၊ ကျီစု၊ ခဝါသည် ရွာများမှ မီးဘေး သင့်သူ ၇၀၀၀ ကျော်အတွက် အကူအညီများ အရေးပေါ် လိုနေကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။
ကျောက်တိုင်၊ ကျီစု၊ ခဝါသည် ကျေးရွာမှ စစ်ရှောင်များမှာ မူးမြစ်အတွင်းရှိ သောင်ခုံများ(မူးကျင်း)နှင့် လယ်ကွင်းများအပါ အဝင် နီးစပ်ရာရွာများ ယာယီ ခိုလှုံနေထိုင်နေရသည်ဟုလည်း ၎င်းတို့က ဆိုသည်။
စစ်ဘေးရှောင်များကို ကူညီပေးနေသူတဦးက “ကျီစုနဲ့ ကျောက်တိုင်က အဓိက အရေးပေါ် အခြေအနေ အကူအညီ ပိုလို နေတယ်၊ ထောက်ပံ့မယ့်သူ မရှိဘူး လမ်းပန်းဆက်သွယ်ရေးပါ ခက်ခဲတော့ ပိုဆိုးတယ်။ အရေးပေါ် စားနပ်ရိက္ခာအပြင် မီးလောင်ပြင်နဲ့ လက်ရှိ စစ်ရှောင်တဲ့ နေရာတွေမှာ ယာယီ တဲဆောက်နေဖို့အတွက် လိုနေတယ်၊ ဘယ်လိုမှ အဆင်မပြေ ကြဘူး။ အချို့က မူးကျင်းထဲမှာ စိုက်ခင်လေးတွေရှိတော့ အဲဒီကထွက်တဲ့ သီးနှံလေးတွေရောင်းချပြီး ဖြေရှင်းနေကြတာတွေ လည်း ရှိတယ်။ လက်ရှိ အခြေအနေအရ အကူအညီတွေ က အများကြီး လိုအပ်နေပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ယခုအခါ စစ်ဘေးရှောင်များတွင် ရာသီပြောင်းတုပ်ကွေး အဖြစ်များနေပြီး မူးကျင်းနှင့် ကွင်းပြင်များ၌ ဖြစ်သလို နေထိုင်နေ ကြရကြောင်း၊ ရေဦးနှင့် ခင်ဦးဘက် သွားရောက် ခိုလှုံနေသူများအား ဒေသခံများက ဝေမျှကျွေးမွေးထားသော်လည်း ယင်း ရွာများမှာလည်း စစ်ဘေးသင့်နေသဖြင့် ရေရှည်အဆင်မပြေကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် (PDF) တဦးကလည်း ရှင်းပြသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ ရက်တွင် ကျောက်တိုင်၊ ကျီစု၊ ခဝါသည် ကျေးရွာများကို အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ် လက်အောက်ခံ ကလေးမြို့အခြေစိုက် ခမရ ၃၆၁၊ ဟုမ္မလင်းအခြေစိုက် ခမရ ၃၆၉ တပ်များနှင့် ဒေသခံ ပျူစောထီး အင်အား ၁၂၀ ခန့် ပါသော စစ်ကြောင်းက ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
![](https://burma.irrawaddy.com/wp-content/uploads/2022/11/KB2.jpeg)
အဆိုပါ ဖြစ်စဉ်ကြောင့် အိမ်ခြေ ၃၂၀ ဝန်းကျင်ရှိ ကျောက်တိုင်ကျေးရွာမှ အိမ်ခြေ ၁၈၀ ခန့်၊ အိမ်ခြေ ၁၀၀၀ ခန့် ရှိသော ကျီစုကျေးရွာမှ အိမ်ခြေ ၆၀၀ ကျော်၊ အိမ်ခြေ ၁၃၅ အိမ် ရှိသည့် ခဝါသည်ကျေးရွာမှ အိမ်ခြေ ၉၀ ကျော်ထိ မီးလောင် ပြာ ကျခဲ့ကြောင်း သိရသည်။
ကျောက်တိုင်ကျေးရွာ ဒေသခံတဦးက “ကျမတို့အိမ်ဆိုရင် စားဖို့လှောင်ထားတဲ့ စပါးကျီကအစ အိုးခွက်ပန်းကန်အဆုံး အကုန် မီးရှို့ခံရတဲ့အထဲ ပါသွားတာ။ ရုတ်တရက်ကြီး စစ်ကြောင်း ဝင်လာတာဆိုတော့ ဘာမှကို မယူနိုင်ကြဘဲ ထွက်ပြေးခဲ့ ကြရတာ။ အခု ကိုယ့်နေရာလေးကို မီးလောင်ပြင် ဖြစ်နေတာ မြင်ရတော့ ရင်ထဲမှာ ဘယ်လိုမှ မကောင်းဘူး။ သူတို့တွေ ပြန်ပြီး မခံစားကြရပါစေနဲ့လို့ပဲ ဆုတောင်းပေးပါတယ်” ဟု ပြောသည်။
ယခုအခါ စစ်ဘေးရှောင် မီးဘေးသင့် ပြည်သူများ အနေဖြင့် ရှိနေသည့် စားနပ်ရိက္ခာများကို အချင်းချင်း ပြန်လည် ဝေငှ စားသောက်နေကြရပြီး မြို့ဝင်မြို့ထွက်များရှိ စစ်ကောင်စီဂိတ်များ၌ ရှာဖွေ စစ်ဆေးမှု ကြမ်းတမ်းခြင်း၊ ကျေးရွာသားတချို့ အား ဖမ်းဆီးခြင်းများကိုပါ ပြုလုပ်နေသောကြောင့် မသွားမလာရဲ ဖြစ်နေကြကြောင်းလည်း ဒေသခံများက ဆိုသည်။
ကျီစုကျေးရွာသား တဦးကလည်း “ကျနော်တို့ တောတွေမှာက အိမ်တလုံးရဖို့ လွယ်လွယ်ကူကူနဲ့ ဖြစ်ခဲ့ကြရတာ မဟုတ် ဘူးဗျ။ အဘိုးအဘွားတွေ လက်ထက်ကတည်းက လယ်ထဲမှာ ကျွဲ၊ နွားတွေနဲ့အတူ ဖက်ရုန်းပြီး ရတာလေးတွေကို ချွေတာ စုဆောင်းပြီး တနှစ်ချင်း နည်းနည်းစီ လုပ်ခဲ့ကြရတာ။ အဲဒီလို ရုန်းကန်းခဲ့ကြရတဲ့ အိမ်လေးကို တရက်တည်းနဲ့ ကုန်အောင် လုပ်ရက်ကြတာ။ ဘယ်လိုမှ ဖြေလို့မရဘူး။ သူတို့မှာ ကိုယ်ချင်းစာစိတ် လုံးဝကို မရှိကြတော့တာ” ဟု ပြောသည်။
ကျောက်တိုင်ကျေးရွာကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့စဉ်က လမ်းမလျှောက်နိုင်သည့် အသက် ၉၂ နှစ်အရွယ် အဘွားအို ၁ ဦး နှင့် အသက် ၇၆ နှစ်အရွယ် အဘွား ၁ ဦးတို့အား အရှင်လတ်လတ် မီးရှို့သတ်ဖြတ် ထားခဲ့သလို ကျန်းမာရေးမကောင်း သဖြင့် အိမ်ယာထဲ လဲနေသည့် အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ ဦးကိုလည်း လက် နောက်ပြန်ကြိုးတုပ်ကာ မီးရှို့သတ် ဖြတ်ခဲ့ ကြောင်း ဒေသသတင်းရင်းမြစ်များက ဆိုသည်။
ထို့ပြင် စစ်ကောင်စီတပ်များ ရွာမှထွက်ခွာသွားသည်အထင်ဖြင့် မီးငြှိမ်းသတ်ရန် သွားရောက်ခဲ့သော ဒေသခံကာကွယ်ရေး အဖွဲ့ဝင် ၂ ဦးမှာလည်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။
![](https://burma.irrawaddy.com/wp-content/uploads/2022/11/KB3.jpeg)
ကျီစုကျေးရွာသည် ယခုနှစ် ဇူလိုင် ၁၈ ရက်ကလည်း ပထမအကြိမ် မီးရှို့ခံခဲ့ရပြီး အိမ် ၂၁၇ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ ကြောင်း၊ ယခုတကြိမ်တွင်လည်း ဗုဒ္ဓဘာသာဝင်များ နေထိုင်သည့်အပိုင်းတွင် အိမ် ၃၀၀ ခန့် ရှိသည့်အနက် ၇၀ ခန့်သာ ကျန်တော့ကြောင်း၊ အစ္စလာမ်ဘာသာဝင်များ နေထိုင်သည့်အပိုင်း၌ အိမ်ခြေ ၇၀၀ ခန့် ရှိသည့်အနက် ယခင်တခေါက် မီးလောင်သွား၍ ပြန်ဆောက်ထားသည့် ယာယီအိမ်များပါမကျန် မီးရှို့သွားရာ အကောင်းဟူ၍ ၉၀ ခန့်သာ ကျန် တော့ကြောင်း ကျီစုကျေးရွာသားတဦးက ရှင်းပြသည်။
ကျီစုကျေးရွာ ဒေသခံတဦးကလည်း “သူတို့မှာလည်း သားသမီး၊ မိဘ၊ ဆွေမျိုးဆိုတာ ရှိကြပါတယ်။ အခုလို အချိန်မှာ သူတို့နဲ့ ပတ်သက်တဲ့သူတွေ အေးအေးဆေးဆေး နေကြသလို ကျမတို့ရဲ့ သားသမီးလေးတွေ၊ မိဘတွေ၊ ဆွေမျိုးတွေလည်း အေးအေးဆေးဆေး နေချင်ကြတာပေါ့။ ကျမတို့ နေရာမှာ သူတို့ဆိုရင်ဆိုတဲ့ စာနာစိတ်လေးတွေ ဝင်ပေးကြပါလို့ပဲ ပြောချင်ပါတယ်” ဟု ဆိုသည်။
အဆိုပါ ကျီစုကျေးရွာမီးရှို့ခံရမှုတွင် အစ္စလာမ်ဘာသာဝင်များ၏ ဝတ်ကျောင်း ဗလီ ၂ လုံးကိုပါ မီးရှို့ခဲ့ကြသလို ဘာသာရေး ဆိုင်ရာ စာအုပ်များကိုလည်း မီးပုံရှို့ထားခဲ့ကြောင်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီသည် ၂၀၂၁ နှစ်ကုန်ပိုင်းမှ စတင်ကာ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာများကို တရွာဝင်တရွာ ထွက် မြေလှန်မီးတိုက်စနစ်ဖြင့် မီးရှို့ခဲ့သည့်အနက် ၂၀၂၂ ခုနှစ် ဧပြီ၊ မေနှင့် ဇွန် ၃ လသည် နေအိမ်ပျက်စီးမှု အရေအတွက် အများဆုံးလများ ဖြစ်ခဲ့ပြီး အဆိုပါ ၃ လအတွင်း နေအိမ်ပေါင်း ၁၂,၀၀၀ ကျော် ဖျက်ဆီးခံခဲ့ရကြောင်း Data for Myanmar က ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ပြန်ထားသည့် စာရင်းများအရလည်း အောက်တိုဘာ ၁ လလုံးတွင် နိုင်ငံအနှံ့ နေအိမ်၊ အဆောက်အအုံပေါင်း ၁,၅၁၀ လုံးထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့်အနက် စစ်ကိုင်းတိုင်းတွင် ၁,၁၂၄ လုံးထက်မနည်း ရှိနေကြောင်း၊ အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်း လုံး၌ နေအိမ်နှင့် အဆောက်အအုံပေါင်း ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရသည့်အနက် ၇၀ ရာခိုင်နှုန်းမှာ စစ်ကိုင်းတိုင်းတွင် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်း စစ်ပြေးဒုက္ခသည် ၁ ဒသမ ၆ သန်းကျော် ရှိလာပြီး စစ်ကိုင်းတိုင်းသည် နေရပ် စွန့်ခွာထွက်ပြေးသူ အများဆုံး ဒေသလည်း ဖြစ်ကာ ပြည်တွင်း စစ်ပြေးဒုက္ခသည် အရေအတွက် စုစုပေါင်း၏ ၄၁ ရာခိုင်နှုန်း ရှိကြောင်း ISP-Myanmar က ဆိုထားသည်။