အိန္ဒိယနယ်စပ်အနီး ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်သည့် မြန်မာစစ်တပ်၏ စစ်ဆင်ရေးများတွင် စစ်လေယာဉ်များ အိန္ဒိယနိုင်ငံ လေကြောင်းပိုင်နက်အတွင်း ဝင်ရောက်ခွင့်ပေးခြင်းကို ရပ်ဆိုင်းသင့်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုက ပြောကြားလိုက်သည်။
စစ်ကောင်စီလေတပ်သည် ဇန်နဝါရီလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့က ချင်းတိုင်းရင်းသား လက်နက်ကိုင်များကို တိုက်ခိုက်ရာတွင် မြန်မာ-အိန္ဒိယ နယ်စပ် နှစ်ဘက်လုံးသို့ ဗုံးများကြဲချခဲ့ကြောင်း Fortify Rights အဖွဲ့က ပြောကြားသည်။
အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်အနီး မြန်မာနိုင်ငံ၊ ချင်းပြည်နယ်မှ ချင်းအမျိုးသားတပ်ဦး (CNF) ၏ ဝိတိုရိယ စခန်းကို ဇန်နဝါရီလ ၁၀ ရက်နေ့က စတင်သည့် ဗုံးကြဲတိုက်ခိုက်မှုတွင် အမျိုးသမီး နှစ်ဦး အပါအဝင် CNF မှ တပ်ဖွဲ့ဝင် ငါးဦး သေဆုံးသည်ဟု အထက်ပါအဖွဲ့က ပြောကြားသည်။
မြန်မာလေတပ်က ကြဲချသော ဗုံးနှစ်လုံးသည် အိန္ဒိယနိုင်ငံဘက်အခြမ်း မီဇိုရမ်ပြည်နယ်၊ ချမ်ဖိုင်ခရိုင်၊ ဖာကွန် ကျေးရွာအနီးသို့ ကျရောက်သော်လည်း မည်သည့်ထိခိုက်ဒဏ်ရာရမှုမျှ မရှိကြောင်း အထက်ပါအဖွဲ့က ပြောသည်။
“လေကြောင်းပိုင်နက် ကျူးကျော်မှုများကို နယူးဒေလီ အနေဖြင့် ခွင့်မပြုသင့်ဘဲ အိန္ဒိယ အာဏာပိုင်များသည် နယ်စပ်ဒေသမှ အရပ်သားများ လုံခြုံရေးနှင့် နယ်စပ်ဒေသများအတွက် လုပ်နိုင်သမျှ အရာရာကို လုပ်ဆောင်သင့်သည်” ဟု Fortify Rights အမှုဆောင်အရာရှိ မက်သရူး စမစ်က ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
“အိန္ဒိယနိုင်ငံဟာ အိန္ဒိယလေပိုင်နက်ကို အသုံးပြုပြီး ဒေသတွင်း မတည်ငြိမ်အောင်လို့ မြန်မာစစ်ကောင်စီက လုပ်ဆောင်နေတာကို ဆက်လက်ခွင့်မပြုဘဲ စစ်ကောင်စီကို သူတို့ရဲ့ ရာဇဝတ်မှုများအတွက် အပြစ်ပေးဖို့ အားထုတ်မှုတွေကို ထောက်ခံသင့်တယ်” ဟု ၎င်းကပြောသည်။
မကြာသေးမီလများအတွင်း မြန်မာစစ်လေယာဉ်များသည် ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် လေပိုင်နက်များကိုလည်း ချိုးဖောက်ခဲ့ကြောင်း Fortify Rights က ပြောသည်။
ဗုံး ၇ လုံးကြဲချခဲ့ကြောင်း မြန်မာနိုင်ငံအနောက်ပိုင်း ခရစ်ယာန်အများစု ပါဝင်သော ချင်းလူမျိုးစုများကို ကိုယ်စားပြုသည့် CNF ပြောခွင့်ရသူ ဆလိုင်းထက်နီက ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပြောသည်။
“လေကြောင်းတိုက်ခိုက်မှုအတွင်း ကျနော်တို့ အိမ်တချို့ပျက်စီးသွားတယ်။ ဗုံးတလုံးက အိန္ဒိယ နိုင်ငံထဲကို ကျတယ်” ဟု AFP သတင်းဌာနသို့ ၎င်းကပြောသည်။
ချင်းပြည်နယ်တွင် အခြေစိုက်သည့် မီဒီယာများက မြန်မာစစ်လေယာဉ်တစီး၏ ပုံနှင့် ဝိတိုရိယ စခန်းမှ အပျက်အစီးများကိုသာမက အိန္ဒိယနိုင်ငံအတွင်း ဗုံးကျရောက်ပေါက်ကွဲသည့်နေရာကိုပါ ဖော်ပြကြသည်။
အိန္ဒိယနှင့် မြန်မာအကြား နိုင်ငံတကာနယ်နိမိတ်ကို သတ်မှတ်ထားသည့် မြစ်အတွင်း ဗုံးများကျရောက်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောသည်ဟု AFP သတင်းဌာနက ဖော်ပြသည်။
“ကျနော်တို့ ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ အိန္ဒိဘက်မှာ ထိခိုက်သေဆုံးပျက်စီးမှု မရှိဘူး” ဟု ချမ်ဖိုင်ခရိုင်မှ ရဲမှူး လယ်ရင်ပျူယာ ဗာတီက AFP သတင်းဌာနသို့ ပြောကြားသည်။
AFP သတင်းဌာန၏အဆိုအရ CNF တပ်ဖွဲ့ဝင် အရေအတွက်သည် မကြာသေးမီက ကျဆင်းလာပြီး ၂၀၁၅ ခုနှစ်တွင် မြန်မာစစ်တပ်နှင့် အပစ်အခတ်ရပ်စဲခဲ့သည်။ သို့သော် CNF သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် စစ်တပ်ကို တိုက်ခိုက်နေသည့် အဖွဲ့များနှင့် ပူးပေါင်းခဲ့သည်။
ကိုးကား ။ ။ Al Jazeera, AFP
You may also like these stories:
CNF ဌာနချုပ်အား ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်မှုတွင် ဆေးရုံတရုံ ထိမှန်ပျက်စီး
CNF ဌာနချုပ် ဗုံးကြဲမှု လေကြောင်းအားကိုးဖြင့် အနိုင်ကျင့်ခြင်းသာ ဖြစ်ဟုဆို
NUG အစိုးရနှင့် ပထမဆုံး ပူးပေါင်းလိုက်သည့် ချင်းအမျိုးသား တပ်ဦး (CNF)
စစ်ကောင်စီ NCA ၆ နှစ်ပြည့်ပွဲ CNF နှင့် KNU မတက်