လားဟူတော်လှန်ရေး နှစ် ၅၀ ပြည့် အခမ်းအနားကို လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) က ထိုင်း-မြန်မာနယ်စပ်မှာ ဇန်နဝါရီလ ၁၀ ရက် မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။
လားဟူအမျိုးသားညီညွတ်ရေးပါတီကို လားဟူပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကာကွယ်နိုင်ရေး၊ လားဟူလူမျိုး တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တန်းတူအခွင့်အရေးအတွက် ရည်ရွယ်ပြီး ၁၉၇၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှာတော့ မွန်ပြည်သစ်ပါတီ (NMSP) နဲ့အတူ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
၂၀၂၁ စစ်တပ်က တိုင်းပြည်အာဏာသိမ်းအပြီးမှာတော့ စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးမှုမလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး စစ်ကောင်စီနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန်နဲ့အဖွဲ့ကို LDU ကနေ ထုတ်ပယ်ကြောင်း ကြေညာခဲ့ပါတယ်။
LDU ဖြတ်သန်းခဲ့တဲ့ အခြေအနေတွေ၊ ရှေ့ဆက်မယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး LDU ဥက္ကဋ္ဌ ကျာဟားကို ဧရာဝတီက သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး ။ ။ လားဟူတော်လှန်ရေး စတင်ပေါ်ပေါက်ခဲ့တဲ့ အခြေအနေ အရင်ဆုံးရှင်းပြပါဦး။
ဖြေ ။ ။ ကျနော်တို့ လားဟူလူမျိုးက ဟိုးအရင်တုန်းက ကိုယ်ပိုင်အုပ်ချုပ်ရေး၊ သူကြီး၊ မြို့နယ်ဥက္ကဋ္ဌ၊ ရပ်ကွက်ကအစ ကျနော်တို့ ရွေးချယ်တင်မြှောက်တာ။ နောက်ပိုင်း တော်လှန်ရေးကောင်စီ ပေါ်ပေါက်လာတဲ့ အခါကျတော့ သူတို့ ကြိုက်တဲ့လူကို ကျနော်တို့ကို အုပ်ချုပ်ခိုင်းတယ်။ နောက်ပိုင်း ကျနော်တို့ ကိုးကွယ်မှုဘာသာရေးမှာလည်း သူတို့ တော်တော် ဖိအားပေးလာတယ်။ ကျနော်တို့ ဘုရားကျောင်း ဆောက်မယ်ဆိုရင် သူတို့က ခွင့်မပြုဘူး။ သူတို့ စေတီ ဘုန်းကြီးကျောင်းကျတော့ ဆောက်ချင်သလို ဆောက်လို့ရတယ်။
ပညာရေးပိုင်းမှာလည်း ကျနော်တို့ဆီမှာ မူလတန်းကျောင်း ရှိဖို့တောင် မလွယ်ဘူး။ မြို့ထဲမှာ ကျောင်းသွားတက်လည်း ကျနော်တို့အတွက် ပြဿနာပေါ်တယ်။ နောက် ကျနော်တို့မှာ မွေးမြူထားတဲ့ တိရစ္ဆာန်တွေဘာတွေ သွားရောင်းလည်း တနယ်ဖြတ်ရင် သူတို့က ရပ်ကွက်လူကြီးဆီမှာ ထောက်ခံစာယူရမယ်၊ ဘာရမယ် ဆိုပြီး အလကားပေးတာလည်း မဟုတ်ဘူး။ သူတို့ ပိုက်ဆံတောင်းတယ်။ စီးပွားရေးအရ၊ ပညာရေးအရ၊ ဘာသာရေးအရ ချုပ်ချယ်မှုရှိတော့ ကျနော်တို့ လွတ်လွတ်လပ်လပ်ရှိအောင် ကျနော်တို့ ရှိတဲ့လက်နက်ဆွဲကိုင်ပြီး တော်လှန်ကြတာပါ။
မေး ။ ။ အခုဆိုရင် လားဟူတော်လှန်ရေး နှစ် ၅၀ ရှိလာပြီ။ အစကနေ အခုချိန်ထိ အောင်မြင်မှု၊ ကျဆုံးမှုတွေက ဘာတွေ ဖြစ်မလဲ။
ဖြေ ။ ။ ကျနော်တို့ လားဟူကလည်း လူမျိုးစုံရှိတာကိုး ကျနော်တို့ လားဟူ ပညာတတ်ပိုင်းတွေက အဲဒီတုန်းက နိုင်ငံရေး စိတ်မပါကြဘူး။ အဲဒီတော့ ခေါင်းဆောင်မှုပိုင်းမှာလည်း အားနည်းချက်တွေ ရှိတယ်။ တဖြည်းဖြည်းနဲ့ ကျနော်တို့ လျော့လာ တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ အာဏာသိမ်းမှုနောက်ပိုင်းမှာ ပညာတတ် လူငယ်တွေလည်း ပါလာတယ်။ အခု လားဟူ PDF လည်း ရှိတယ်။ တချို့ သင်တန်းတက်နေတာလည်း ရှိတယ်။ နောက် ဘာသာရေး ခေါင်းဆောင်တွေကလည်း ဒီအတိုင်းနေလို့ မရတော့ဘူးတဲ့။ ဘာကြောင့်လဲဆိုလို့ရှိရင် အပြစ်မဲ့တဲ့သူတွေ အသတ်ခံရတယ်။ နောက် အိုးအိမ်တွေ သူတို့ (စစ်တပ်) မီးတိုက်ရှို့တာ။ ကျနော်တို့နေရာမှာ မဖြစ်လည်း မီဒီယာပေါ်မှာ သတင်းတွေ အကုန်သိနေရတော့ နောက်ပိုင်းမှာ စည်းရုံးရေးက တဖြည်းဖြည်း ထောက်ခံမှုတွေက ရှိတယ်။
ကျနော်တို့ ချထားတဲ့မူအရ မြန်မာပြည် ဖက်ဒရယ်ဒီမိုကရေစီ ရအောင်လုပ်မယ်ဆိုရင် ရမယ်လို့ ကျနော် မျှော်လင့်တယ်။ ဒီအခြေအနေကလည်း တခုကောင်းတာပေါ့။ နိုင်ငံရေး အပြောင်းအလဲ ရှိတယ်။ မဟုတ်ရင် စစ်တပ်ပဲ အုပ်ချုပ်နေတယ် ဆိုရင်၊ အာဏာမသိမ်းဘူးဆိုရင် ဒီအတိုင်းပဲ ဆက်သွားနေမှာပဲ။
နောက်ပိုင်းဆိုရင်တော့ စစ်မှန်တဲ့ဒီမိုကရေစီရဖို့ ကျနော်တို့ လားဟူတွေကလည်း နီးစပ်ရာ EAOs ဘယ်အဖွဲ့မဆို၊ ဘယ်လူမျိုးမဆို လက်တွဲပြီးမှ ဖက်ဒရယ်ဒီမိုကရေစီ မရရအောင် တော်လှန်သွားမယ်ဆိုတာ သန္နိဋ္ဌာန်ချထားတယ်။
ကျရှုံးမှုကကျတော့ ဒီနှစ် ၅၀ အတွင်းမှာ ခေါင်းဆောင်မှု အားနည်းမှု ရှိတာပေါ့။ ပြည်သူလူထု ထောက်ခံမှု မရှိလို့။ စပြီး တော်လှန်တဲ့အချိန်က အနည်းဆုံး စစ်သားက ၃၀၀ လောက် ရှိတယ်။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ လျော့သွားတယ်။ နောက်တခုက NCA (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်) လက်မှတ် သွားရေးထိုးတုန်းက ကျနော်တို့ လားဟူ တပ်မရှိဘူးဆိုပြီး ပါတီသဘောနဲ့ လက်မှတ် သွားထိုးလာတယ်။ အဲဒီနောက်ပိုင်း ကျနော်တို့ရှိတဲ့ စခန်းလည်း ဖျောက်ထားရတာပေါ့။ အဲဒီလိုမျိုး ပြဿနာပေါ်တယ်။ နောက်ပိုင်း အဲဒီလိုမျိုး ဆက်မဖြစ်အောင် ကျနော်တို့က ပြန်ပြီးမှ လားဟူတော်လှန်ရေးကို အသက်သွင်းရမယ်။ ဒီနေ့ ဆရာတို့တွေ့တဲ့အတိုင်းပဲ တော်တော်လေး စိတ်ဓာတ် တက်ကြွနေကြတာ မြင်ရတယ်။ တော်တော်လည်း အားရစရာကောင်းတယ်။
မေး ။ ။ LDU ထိပ်ပိုင်း တာဝန်ရှိသူတဦး ဖြစ်ခဲ့တဲ့ ကျာဆော်လမွန်ကို ထုတ်ပယ်လိုက်တဲ့အတွက် LDU မှာ ဘယ်လို ရိုက်ခတ်မှုမျိုးတွေ ရှိလဲ။
ဖြေ ။ ။ ကျနော်တို့ကို စကစက ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး ခေါ်တယ်။ ဟိုး အာဏာမသိမ်းခင်ကတည်းကလည်း သွားဆွေးနွေးရင် တခုခုဆုံးဖြတ်ချက်ချမယ်ဆိုရင် အဲဒီ စစ်တပ်ကပဲ ကန့်လန့်ကန့်လန့် လုပ်နေတယ်။ အဲဒါကြောင့် စကစ နဲ့ သွားဆွေးနွေးဖို့က ပြည်သူလူထုတွေကရော၊ ကျနော်တို့အတွက်ရော အဆင်မပြေဘူး။ အဲဒါ မဆွေးနွေးသေးဘူး ဆိုပြီးတော့ ကျနော်တို့ ကော်မတီက ဆုံးဖြတ်ချက်ချတယ်။ အဲဒီအပေါ်မှာ အတွင်းရေးမှူး (ကျာဆော်လမွန်) က သူ့သဘောနဲ့သူ သွားတာ။
ကျနော်တို့ လားဟူ မျိုးချစ်လူငယ်တွေ တော်တော်များတယ်။ အဲဒီ မျိုးချစ်လူငယ်တွေထဲရှိတဲ့ ပြည်သူလူထုကကျတော့ စကစနဲ့ ဆွေးနွေးမယ် ဆိုတာကို မထောက်ခံဘူးတဲ့။ နံပါတ် ၁ အချက်က သူ (ကျာဆော်လမွန်) က ဆုံးဖြတ်ချက်ကို ကျော်လွန်တယ်။ နံပါတ် ၂ အချက်က အရင်ဥက္ကဋ္ဌကိုယ်တိုင်က မသွားဘူးဆိုပြီး စာပြန်ထားတယ်။ သူက ဆက်သွားတယ်။ အဲဒါကြောင့် သူ့ကို ကျနော်တို့ အဖွဲ့ကနေ ထုတ်ပယ်ထားတယ်။
ကျနော်တို့ ၂၀၁၈ တုန်းက ညီလာခံလုပ်တယ်။ အဲဒီ အဖွဲ့ထဲမှာ ဆော်လမွန်တယောက်တည်း ပါတယ်။ ကျန်တဲ့လူက နောက်ပိုင်းကျမှ တက်လာတဲ့ အဖွဲ့ဝင်တွေ။ အရေးကြီးတာက ပြည်သူလူထု ထောက်ခံမှုပဲ။
မေး ။ ။ NCA အပေါ် LDU ရဲ့ သဘောထားက ဘယ်လိုလဲ။
ဖြေ ။ ။ NCA နဲ့ ပတ်သက်ရင် အခု ဆွေးနွေးရင်လည်း ဘာမှ ရလဒ်ရမှာ မဟုတ်ဘူး။ NCA လက်မှတ် သွားရေးထိုးတုန်း ကလည်း စစ်တပ်ပါတယ်။ EAOs ရယ်၊ အစိုးရရယ်၊ အခု အစိုးရမှ မပါဘူးဆိုရင် ဥပမာ ဖိုခနောက်သုံးချောင်းက သဘောတူထားတဲ့ဥစ္စာကို ၂ ချောင်းထဲ သွားပြီးဆွေးနွေးရင် အဆင်ပြေမှာ မဟုတ်ဘူးလို့ ကျနော် မျှော်လင့်တယ်။ အဲဒါကြောင့် သွားဆွေးနွေးရင်လည်း ကျနော်တို့ တိုင်းပြည်အတွက် သို့မဟုတ် ကျနော်တို့ အဖွဲ့အစည်းအတွက် ဘာမှ အကျိုးထူးရမှာ မဟုတ်ဘူးလို့ ထင်တယ်။ အဲဒါကြောင့် ကျနော်တို့ မဆွေးနွေးဘဲ နေတာ။
မေး ။ ။ စစ်တပ်ဘက်က ဖိတ်ခေါ်လာရင်ရော။
ဖြေ ။ ။ စစ်တပ်က ဖိတ်ခေါ်တာ အကြိမ်ပေါင်းများစွာ ရှိပြီ။ ကျနော်တို့က မဆွေးနွေးဘူး။ တကယ်တမ်း ပြည်သူလူထုရွေးကောက်ပွဲနဲ့ တက်လာတဲ့ ကိုယ်စားလှယ်တက်လာမှ အချိန်မရွေးလက်တွဲဖို့၊ ဆွေးနွေးဖို့ အဆင်သင့်ပဲ။
မေး ။ ။ စစ်တက်က အာဏာသိမ်းပြီးနောက်ပိုင်း သတ်ဖြတ်မီးရှို့မှုတွေ လုပ်နေတဲ့အပေါ် ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ကျနော့်အနေနဲ့ ကျနော့်ရွာ မဟုတ်ဘူး။ ဒါပေမဲ့ ကျနော်တို့ ပြည်သူလူထုကို ဘာမှ အပြစ်မရှိဘဲနဲ့ အဲဒီလို သတ်ဖြတ်နေတာက တော်တော် စိတ်ထိခိုက်တယ်။ အဲဒါကြောင့်ပဲ ဘာသာရေးခေါင်းဆောင်တွေက တက်လာပြီးတော့မှ တော်လှန်ကြတာ။ လူငယ်တွေက တက်လာပြီး တော်လှန်ကြတာ။ တိုက်ပွဲမှာ သေနတ်ကိုင်ပြီးကျတာ အဲဒါ ယောက်ျား အလုပ်ပဲ။ ဒါပေမဲ့ ဘာလက်နက်မှမရှိသူကို ဖမ်းပြီးသတ်တာ၊ ရွာမီးရှို့တာကျတော့ ကျနော်တို့က လုံးဝ လက်မခံဘူး။ စိတ်လည်း မကောင်းဘူး။ အဲဒီအတွက် စိတ်လည်း ညစ်တယ်။
မေး ။ ။ LDU အတွက် မြေပြင်မှာ စစ်တပ်၊ ပြည်သူ့စစ် အပါအဝင် UWSA နဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့တွေရှိတော့ စစ်ရေးလှုပ်ရှားမှုမှာ အကျပ်အတည်းတွေ ရှိလား။
ဖြေ ။ ။ RCSS နဲ့က ပြဿနာ မရှိပါဘူး။ PPST (ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့) မှာ အဖွဲ့ချင်း၊ လူချင်းလည်း တွေ့နေကြတာ။ ဝ အဖွဲ့ (UWSA) နဲ့လည်း နားလည်မှု ရထားတယ်။ ကျနော်တို့ ထိပ်တိုက်တွေ့ဖို့တော့ မျှော်လည်း မမျှော်လင့်ဘူး။ ဖြစ်လည်း ဖြစ်မလာနိုင်ဘူး။ ဒါပေမဲ့ စကစနဲ့ကတော့ တွေ့မှာပဲ။ ပြည်သူ့စစ် (လားဟူပြည်သူ့စစ်) တချို့ကျတော့လည်း သူတို့ ခေါင်းဆောင်ပိုင်းက ကိုယ့်စီးပွားအတွက် လုပ်နေကြတာ ရှိတယ်။ ဒါပေမဲ့ အောက်ပိုင်း လူငယ်တွေ အားလုံးလိုလိုက စိတ်ပါတာ မဟုတ်ဘူး။ ဒီတော့ ထိပ်တိုက်တွေ့ရမှာက စကစပဲ။
ကျနော်တို့ EAOs တွေနဲ့ နားလည်မှု တော်တော်ယူထားတယ်။ အခု အခြေအနေအရ ဖြစ်ဖို့လည်း တော်တော်ခက်တယ်။ EAOs အရှေ့ပိုင်း အဖွဲ့တော်တော်များများထဲမှာလည်း လားဟူစစ်သားတွေက တော်တော်များတယ်။ အဲဒါကြောင့် နားလည်မှုနဲ့ ကျနော်တို့က မဟာမိတ်အနေနဲ့ ဆက်သွားမှာ။
မေး ။ ။ ရှမ်းပြည်နယ်အတွင်း အင်အားကြီး လက်နက်ကိုင်အဖွဲ့ကြီးတွေကြားမှာ လှုပ်ရှားနေတဲ့ အဖွဲ့တချို့ ပျောက်သွားတာ ရှိတယ်။ ဥပမာ WNO (ဝ အမျိုးသားအဖွဲ့ချုပ်) လိုပေါ့။ အဲဒီလိုမျိုးဖြစ်မှာ စိုးရိမ်မိလား။
ဖြေ ။ ။ WNO ကကျတော့ များတဲ့အဖွဲ့ထဲမှာ မပါဘူးလေ။ နည်းနည်းလေးပဲ။ လားဟူကကြတော့ အဲဒီလို ဖြစ်မှာကို ထင်လည်း မထင်ဘူး။ မျှော်လည်း မမျှော်လင့်ဘူး။
မေး ။ ။ LDU က ရှေ့ဆက်ဘာတွေလုပ်ဖို့များ မှန်းထားလဲ။
ဖြေ ။ ။ ကျနော် တခုပြောချင်တာကတော့ ကျနော်တို့ရဲ့ တိုင်းရင်းသားအဖွဲ့တွေအားလုံး စည်းလုံးညီညွတ်ဖို့ အရေးကြီးတယ်။ လားဟူက တဖွဲ့ထဲတိုက်လည်း နိုင်မှာမဟုတ်ဘူး။ EAOs ပေါင်းစုံက သဘောတူညီချက်တခုပဲ၊ ရည်မှန်းချက်တခုပဲ ထားပြီးမှ စည်းစည်းလုံးလုံးနဲ့ တိုက်ခိုက်ရင်တော့ ကျနော်တို့ မုချ အောင်မြင်မယ်လို့ ကျနော် ယုံကြည်တယ်။
အရေးကြီးတာက ကျနော်တို့ ရှမ်း၊ ဗမာရယ်လို့ မခွဲဘဲနဲ့ ကိုယ့်ဝါဒချင်းတူရင် ဒီမိုကရေစီ စစ်တပ်၊ ဖက်ဒရယ်စစ်တပ်လိုမျိုး လက်တွဲသွားရင် ကျနော်တို့ ထင်တာထက် စောပြီး မုချ အောင်မြင်မယ်လို့ ကျနော်က ခံယူတယ်။