မြန်မာစစ်တပ်က ဂျာမနီနှင့် ဩစတြီးယားနိုင်ငံတို့မှ ဝယ်ထားသည့် အမောင်းသင်လေယာဉ်များမှာ အပိုပစ္စည်းပြတ်နေ သဖြင့် ရပ်နားထားရသလို စမ်းသပ်ပျံသန်းစဉ် မတော်တဆမှုများကြောင့် ပျက်စီးခဲ့သည့် လေယာဉ်တချို့ကိုလည်း ပြန်မပြင်နိုင်သေးကြောင်းသိရသည်။
ယင်း အမောင်းသင်လေယာဉ်မှာ ဂျာမနီနိုင်ငံထုတ် Grob-120 TP အမျိုးအစားဖြစ်ပြီး၊ အလားတူ သြစထြီးယားနှင့် မြန်မာပူးတွဲကာ DART -450 အမျိုးအစား အမောင်းသင်လေယာဉ်များ ထုတ်လုပ်မည့် စက်ရုံမှာလည်း ပစ္စည်းမရ သည့်အတွက် ရပ်ထားရသည်။
Grob-120 TP အမျိုးအစား အမောင်းသင်လေယာဉ်မှာ ဥရောပသမဂ္ဂက စီးပွားရေးပိတ်ဆို့မှု ပြန်ဖွင့်ပြီးနောက် ၂၀၁၅ ခုနှစ်တွင် မြန်မာစစ်ခေါင်းဆောင်များက ကြားခံပွဲစား ကုမ္ပဏီများမှ တဆင့် ပထမဆုံး ဝယ်ယူခဲ့ခြင်းဖြစ်ပြီး၊ ယင်းကုမ္ပဏီမှာ လက်နက်ပွဲစား ဒေါက်တာ အောင်မိုးမြင့်ပိုင် Dynasty Group of Companies ဖြစ်ကြောင်း မြန်မာလေတပ်နှင့် နီးစပ်သူ များက ဆိုသည်။
Dynasty Group of Companies က မြန်မာလေတပ်အတွက် ဝယ်ယူထားသည့် Grob – 120 TP လေယာဉ်မှာ အနည်း ဆုံးအစီး ၂၀ ခန့်ရှိနိုင်ပြီး မိတ္ထီလာမြို့ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်တွင် ထားကြောင်း၊ နည်းပညာ အဆင်မြင့်သည့် လေယာဉ်ဖြစ်သဖြင့် မြန်မာလေတပ်က အလွယ်တကူပြုပြင်နိုင်သည့် အခြေအနေမရှိကြောင်း ၎င်းတို့က သုံးသပ်ကြသည်။
လေယာဉ်ဝယ်ပေးသည့် ကြားပွဲစား Dynasty Group of Companies ကို ဥရောပသမဂ္ဂ EU က ယခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကြေညာသည့် ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခဲ့သည်။
Grob-120 TP သည် တာဘိုအင်ဂျင်သုံး ၂ ယောက်စီး အမောင်းသင်လေယာဉ်ဖြစ်ပြီး အမြင့်ပေ ၂၇၇၂ အထိ ပျံနိုင်ကာ လက်ရှိတွင် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ မက္ကဆီကိုနှင့် ဗြိတိန်လေတပ်တို့တွင် အမောင်းသင်လေယာဉ် အဖြစ်သုံးသည်။
အလားတူ Grob – 120 လေယာဉ်ကဲ့သို့ပင် အပိုပစ္စည်းဝယ်မရသဖြင့် လေယာဉ်ထုတ်လုပ်ရန် ကြန့်ကြာနေသည့် အမောင်းသင် လေယာဉ် စီမံကိန်းလည်း ရှိသေးသည်။
မြန်မာစစ်တပ် အာဏာသိမ်းမီ အရပ်သားအစိုးရလက်ထက်က ဩစတြီးယားနိုင်ငံအခြေစိုက် တရုတ်လူမျိုးပိုင် Diamond Aircraft Industries နှင့်ပူးပေါင်းကာ DART-450 အမျိုးအစား အမောင်းသင်လေယာဉ်များ ထုတ်ရန် ကြိုးပမ်းခဲ့သည်။
Diamond Aircraft Industries နှင့် မြန်မာစစ်တပ်တို့ လေယာဉ်ပေါင်းထုတ်မည့် အစီအစဉ်ကို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၂၀၁၇ ခုနှစ် ဥရောပ ခရီးစဉ်တွင် အစပြုခဲ့ခြင်းဖြစ်ပြီး၊ မြန်မာလေတပ်နှင့် Diamond Aircraft Industries တို့အကြား သဘောတူညီချက် ရပြီးနောက် ၂၀၁၈ ခုနှစ်တွင် မိတ္ထီလာမြို့ရှိ လေယာဉ်ထုတ်လုပ် ပြင်ဆင်ရေးဌာနချုပ်၌ DART – 450 လေယာဉ်များအတွက် စက်ရုံတရုံဆောက်ခဲ့ကြောင်း ဧရာဝတီက စုံစမ်းသိရသည်။
DART – 450 လေယာဉ်ထုတ်လုပ်နိုင်ရန် မြန်မာစစ်ခေါင်းဆောင်များက ကြားခံအဖြစ် ဦးနေထွဋ်ဝင်း၏ Miya Win International Ltd ကုမ္ပဏီကို အသုံးပြုခဲ့ပြီး အဆိုပါ ကုမ္ပဏီသည် ဆောက်လုပ်ရေး နှင့် လေကြောင်း သယ်ယူပို့ဆောင် ရေး လုပ်ငန်းများ လုပ်ကိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှု ဦးစီးဌာန (DICA) ၏ အချက် အလက်များအရ သိရသည်။
ယင်း Miya Win ကုမ္ပဏီကို ဗြိတိန်က ၂၀၂၂ ခုနှစ် မတ်လတွင် မြန်မာ့လေတပ်အတွက် လေယာဉ်များ ထောက်ပံ့ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းအတွက် ပွဲစားလုပ်ပေးသည်ဆိုသော အကြောင်းပြချက်ဖြင့် ဒဏ်ခတ် ပိတ်ဆို့ အရေးယူခဲ့သည်။
၂၀၁၉ ခုနှစ်တွင် Diamond Aircraft Industries မှ ဩစတြီးယားနိုင်ငံသားပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်ကာ လေယာဉ်ထုတ်လုပ်ရေးအတွက် လုပ်ငန်းအချို့ စတင်ခဲ့သော်လည်း လေယာဉ်တစီးသာ တပ်ဆင်စမ်းသပ် ပျံသန်းရပြီး လေယာဉ်အတွက် လိုအပ်သည့်အပိုပစ္စည်းများ ဝယ်မရဖြစ်နေသဖြင့် ထုတ်လုပ်ရေး လုပ်ငန်းစဉ် ကြန့်ကြာနေကြောင်း၊ အဓိကအားဖြင့် DART – 450 ၏ အင်ဂျင်မှာ ယူကရိန်းအစိုးရပိုင် Ivchenko Corporation ထုတ်လုပ်သဖြင့် ယူကရိန်း-ရုရှားစစ်ပွဲကြောင့် ယူကရိန်းထံမှ အလွယ်တကူ ဝယ်မရဘဲ ဖြစ်နေကြောင်း မြန်မာလေတပ် နှင့် နီးစပ်သူများက ဆိုသည်။
စစ်ပွဲကြောင့် ယူကရိန်းအစိုးရက ရောင်းချမပေးခြင်းလော သို့တည်းမဟုတ် မြန်မာစစ်တပ်က ယူကရိန်းကို ကျူးကျော်သည့် ရုရှားအား ထောက်ခံသဖြင့် ယူကရိန်းက လေယာဉ်အင်ဂျင် မရောင်းပေးခြင်းလော ဆိုသည် ကိုမူ ဧရာဝတီက သီးခြား အတည်မပြုနိုင်ပေ။
DART-450 လေယာဉ် ယူကရိန်းထုတ် Ivchenko-Progress Motor Sich AI-450S တာဘိုအင်ဂျင်သုံး ၂ ယောက်စီး အမောင်းသင်လေယာဉ်ဖြစ်ပြီး အမြင့်ပေ ၂၉၉၀ အထိ ပျံနိုင်သည်ဟု သိရသည်။
လက်ရှိအချိန်အထိ မြန်မာလေတပ်ကို DART- 450 လေယာဉ်များ ထုတ်လုပ်နိုင်ရေးအတွက် Diamond Aircraft Industries အနေနှင့် အကူအညီပေးနေခြင်းရှိမရှိကို ယင်းကုမ္ပဏီ၏ ဈေးကွက်နှင့် ဆက်သွယ်ရေးဒါရိုက်တာ Anita M. Lentsch အား ဆက်သွယ်မေးမြန်းရာ တိတိကျကျ ပြန်လည် ဖြေကြားခြင်း မရှိပေ။
၎င်းတို့အနေနှင့် ဩစတြီးယား ဒစ်ဂျစ်တယ်နှင့် စီးပွားရေးရာ ဝန်ကြီးဌာန၏ စစ်ဆေး အကဲဖြတ်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ကြောင်း၊ ကမာ္ဘတဝှမ်းကို ကုန်စည်ပို့ဆောင်ပေးနေသည့် ကုမ္ပဏီအနေဖြင့် ပဋိပက္ခ အလားအလာရှိသည့် နိုင်ငံများအတွက် EU နှင့် ကုလသမဂ္ဂတို့မှ နိုင်ငံရေး တာဝန်ရှိသူများ၏ တာဝန်ယူမှုဖြစ်သော နောက်ဆက်တွဲ အကျိုး သက်ရောက်မှုများနှင့် ဆန်းစစ်ချက်များကို လိုက်နာရန် လိုအပ်ကြောင်း ဧရာဝတီကို ပြောသည်။
Anita M. Lentsch က “ကျမတို့ဟာ အဲ့ဒီတိုင်းတာမှုတွေကို အပြည့်အဝလိုက်နာပြီး စီမံကိန်းများ မကိုင်တွယ်မီနဲ့ အကောင်အထည်ဖော်တဲ့ ကာလအတွင်း ကုန်စည်ပေးပို့မှု၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစသည်ဖြင့် သက်ဆိုင်တဲ့ နည်းလမ်းအားလုံးကို အတိအကျ လေးစားလိုက်နာပါတယ်။ ဥရောပနှင့် အမေရိကန်တို့ရဲ့ ပိတ်ဆို့အရေးယူမှုအားလုံးကို တရားဝင်ငွေပေးချေမှုတိုင်းမှာ Diamond Aircraft က သေချာပေါက်လိုက်နာပြီး လိုအပ်ပါက တာဝန်ရှိအာဏာပိုင်များထံမှ ခွင့်ပြုချက်ရယူမှာ ဖြစ်ပါတယ်” ဟုဆိုသည်။
DART- 450 တစီး၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ သန်းခန့် တန်ကြေးရှိပြီး Grob-120 TP ၏ တန်ကြေးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ သန်းတန်ကြေးရှိကြောင်း လေယာဉ်ဆိုင်ရာ ကျွမ်းကျင်သူများက ဆိုသည်။
စစ်ရေး၊ နိုင်ငံရေးလေ့လာသည့် သုတေသီ David Matheison ကလည်း မြန်မာစစ်တပ်က ဝယ်ထားပြီး အပိုပစ္စည်း ဝယ်မရဖြစ်နေသည့် လေယာဉ်များသည် လေယာဉ်မှူးအသစ်များကို လေ့ကျင့်ပေးရန် ဒီဇိုင်းထုတ်ထားသည့် ၂ ယောက်စီး အမောင်းသင်လေယာဉ်များဖြစ်ပြီး တိုက်စစ်ကို ရည်ရွယ်သည့် လေယာဉ်များမဟုတ်ကြောင်း ဧရာဝတီကို ပြောသည်။
၎င်းက အဆိုပါ အမောင်းသင်လေယာဉ်များကို အပေါ့စားတိုက်ခိုက်ရေးလေယာဉ်များအဖြစ် အဆင့်မြှင့်တင် အသုံးပြုနိုင် သော်လည်း လက်ရှိမြန်မာစစ်တပ်သည် ၎င်းတို့ပိုင်ဆိုင်ထားသည့် တိုက်လေယာဉ်နှင့် စစ်ရဟတ်ယာဉ်များကို အညှာ တာမဲ့စွာ သုံးနေကြောင်း ရှင်းပြသည်။
David Matheison က DART-450 လေယာဉ် ထုတ်လုပ်ရေးအစီအစဉ် ကြန့်ကြာနေသော်လည်း Grob-120 TP လေယာဉ်အချို့ အသုံးပြုနိုင်နေဆဲဖြစ်သဖြင့် လေယာဉ်မှူးသစ်များ လေ့ကျင့်ပေးသည့် လုပ်ငန်းသည် တစုံတရာ ထိခိုက်ဦးမည် မဟုတ်ကြောင်းဆိုသည်။
၎င်းက “ ဂျာမနီနှင့် ဩစတြီးယားနိုင်ငံက လေယာဉ်ထုတ်လုပ်သူတွေဟာ တိုက်ခိုက်ရေး မဟုတ်တဲ့ ပုံစံအတွက် ရည်ရွယ်တာဖြစ်နိုင်သော်လည်း မြန်မာစစ်တပ်ကို လေယာဉ်ရောင်းချမှု၊ ထုတ်လုပ်ရန် ပံ့ပိုးမှုတွေ အားလုံးကိုတော့ ရပ်ဆိုင်းသင့်ပါတယ်။ ဒီလေယာဉ်တွေကို စစ်ရာဇဝတ်မှု ကျူးလွန်နေသူတွေကို ရောင်းချထားရင် အဲဒီကုမ္ပဏီတွေ ဟာလည်း စစ်ရာဇဝတ်မှု ကျူးလွန်သူတွေ နဲ့အတူ ပါဝင်နေသလိုပါပဲ’’ ဟုဆိုသည်။
လက်ရှိတွင် စစ်ကောင်စီသည် တိုက်ခိုက်ရေးလေယာဉ်များရှိနေသဖြင့် အမောင်းသင် လေယာဉ်များကို တိုက်ခိုက်ရေး တွင် မသုံးသေးသော်လည်း အနာဂတ်တွင်မူ သုံးကောင်းသုံးနိုင်ကြောင်း စစ်ရေး၊ နိုင်ငံရေးလေ့လာသည့် လွတ်လပ်သော သုတေသီ David Matheison က ခန့်မှန်းသည်။
မြန်မာလေတပ်သည် တရုတ်နိုင်ငံလုပ် PT-6 (Nanchang CJ -6) လေယာဉ်အဟောင်းကို ပြင်ဆင်ကာ MTX-1A အမည်ဖြင့် နှစ်ယောက်စီး အမောင်းသင်လေယာဉ် တစီးထုတ်လုပ်ထားသလို MTX-1 P အမည်ပေးထား သော နောက်ထပ် လေယာဉ်တစီးကို ပြုပြင်ထုတ်လုပ်ရန် လုပ်ဆောင်ကြောင်းသိရသည်။
MTX-1A နှစ်ယောက်စီးအမောင်းသင်လေယာဉ်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပြုလုပ်သည့် စစ်ကောင်စီ လေတပ်၏ ၇၅ နှစ်ပြည့် စိန်ရတုနှစ်ပတ်လည်တွင် ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့သည်။
အလားတူ မြန်မာပြည် အလယ်ပိုင်း မိထ္တီလာမြို့ ရှမ်းတဲလေတပ်စခန်းအနီးရှိ တပ်မတော် အကြီးစား စက်ရုံ(တကစ) မှလည်း တရုတ်နိုင်ငံမှ Hongdu Aviation Industry Corporation နှင့် ပူးပေါင်းပြီး K8-W အမျိုးအစား နှစ်ယောက်စီး အမောင်းသင်လေယာဉ်များကို ထုတ်လုပ်နေကြောင်း သိရသည်။
K8-W မှာ လေ့ကျင့်ရေးသာမက အပေါ့စားတိုက်ခိုက်ရေး လေယာဉ်အဖြစ် ပြောင်းလဲနိုင်ပြီး ၂၀၁၂ခုနှစ် ကချင်စစ်ပွဲအစက K- 8s အမျိုးအစား လေယာဉ်ကို တိုက်ခိုက်ရေးတွင် အသုံးပြုခဲ့သည်။
You may also like these stories:
စစ်ကောင်စီ ကိုယ်တိုင်ထုတ် လေ့ကျင့်ရေး လေယာဉ် MTX – 1A
သတိထားရမယ့် တရုတ်လုပ် FTC – 2000G တိုက်လေယာဉ်များ
ဗီယက်နမ်က ပထမဆုံးအကြိမ် ကာကွယ်ရေး ပစ္စည်းပြပွဲပြုလုပ်
ကုလသမဂ္ဂလက်နက်ပိတ်ဆို့မှု အလုပ်ဖြစ်နိုင်လား
မြန်မာသို့ ရုရှားမှ (လက်နက်ခဲယမ်းများနှင့်အတူ) အချစ်များ