တနင်္သာရီတိုင်းမှ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) က မြတ်မန္တလာထွန်း အဝေးပြေးယာဉ်ကို ဧပြီလ ၁ ရက်နေ့ညက မှားယွင်းတိုက်ခိုက်မိကြောင်း တောင်းပန်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး သံဃာတော် နှစ်ပါး အပါအဝင် ငါးဦးဒဏ်ရာရသည်။
မြတ်မန္တလာထွန်း အဝေးပြေးယာဉ်သည် တနင်္သာရီတိုင်း၊ မြိတ်မှကော့သောင်းသို့ ပြေးဆွဲနေခြင်းဖြစ်ပြီး ဧပြီလ ၁ ရက်နေ့ ည ၈ နာရီက ပြည်ထောင်စုလမ်းမပေါ်ရှိ လယ်တောင်ယာကျေးရွာနှင့် တမုတ်ချုံးကျေးရွာအကြား PDF မဟာမိတ်အဖွဲ့များ၏ တိုက်ခိုက်ခံရချိန်တွင် ခရီးသည် ၁၆ ဦး လိုက်ပါလာသည်။ အသက် ၆ နှစ်အရွယ် ကလေးငယ်တဦးနှင့် အသက် ၄၀ အရွယ် အမျိုးသမီးတဦး သေဆုံးသွားသည်။
ထိုတိုက်ခိုက်မှု မဖြစ်ပွားမီတနေ့က ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ် ၅၅၈ တပ်ရင်းတို့ တိုက်ပွဲ ဖြစ်ပွားသောကြောင့် ထိုလမ်းကို ယာယီပိတ်ထားကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။
PDF ၏ ထုတ်ပြန်ကြေညာချက်အရ ခုခံတော်လှန်ရေးအင်အားစုများသည် စစ်ကောင်စီတပ်ကူများ ဖြတ်သန်းလာသည်ကို စောင့်နေခြင်းဖြစ်ပြီး အရပ်သားများကို တင်ဆောင်လာသည့် ဘတ်စ်ကားတစင်းကို မျှော်လင့်မထားကြောင်း ဖော်ပြထားသည်။
“ကားကိုရပ်ခိုင်းသော်လည်း မရပ်သောကြောင့် ထိုဘတ်စ်ကားကို ရန်သူကသုံးနေသည်ဟု ယူဆခဲ့သည်” ဟု တနင်္သာရီမြို့နယ် PDF က ပြောသည်။
ကျန်ရစ်သူမိသားစုများကို ခုခံတော်လှန်ရေးအင်အားစုက တောင်းပန်ပြီး ထိုမှားယွင်းပစ်ခတ်မှုတွင် ပြည်သူများ ထိခိုက်သေဆုံးရသောကြောင့် ဝမ်းနည်းကြောင်း ကြေညာသည်။
ဒေသတွင်းတွင် အလားတူဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားနေကြောင်း၊ ဒေသခံပြည်သူများသည် မှားယွင်းပစ်ခတ် ခံရမည်ကို စိုးရိမ်နေကြောင်း တနင်္သာရီတိုင်းမှ ဒေသခံများပြောသည်။
“ခုခံတော်လှန်ရေးအင်အားစုတွေ အနေနဲ့ စစ်ကောင်စီတပ်ကို တိုက်ချင်ရင် သတင်းအတိအကျရမှ တိုက်သင့်တယ်။ ဒီလိုမလုပ်ရင် တော်လှန်ရေးအပေါ် လူထုယုံကြည်မှု ကျဆင်းနိုင်တယ်” ဟု တနင်္သာရီတိုင်း ဒေသခံတဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
ဖေဖော်ဝါရီလတွင် အရပ်သား မော်တော်ယာဉ်တစီးကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တနင်္သာရီတိုင်းတွင် မှားယွင်းပစ်ခတ်သောကြောင့် သံဃာတော်တပါးနှင့် အမျိုးသမီးတဦးသေဆုံးပြီး အခြား အရပ်သား ခြောက်ဦး ဒဏ်ရာရခဲ့သည်။ နောက် သုံးရက်ကြာသောအခါ ထိုခုခံတော်လှန်ရေးအဖွဲ့က တိုက်ခိုက်ခံရသော မိသားစုများကို တရားဝင်တောင်းပန်စာ ထုတ်ပြန်သည်။
အခြားဖြစ်ရပ်တခုတွင်လည်း နိုဝင်ဘာလ နှောင်းပိုင်းက ရန်ကုန်ရှိ သံလျင် သဘာဝတရားရိပ်သာပိုင် ယာဉ်တစီးသည် မြိတ်မှ ရန်ကုန်သို့ မောင်းနှင်လာစဉ် ပုလော ခုခံတော်လှန်ရေး အင်အားစုက မှားယွင်ပစ်ခတ်ခဲ့ပြီး သံဃာတော်တပါး ပျံလွန်တော်မူသည်။
You may also like these stories:
NUG ကို အကြောင်းကြားရန် ပျက်ကွက်မှု ကုလယာဉ်တန်းများကို ထိခိုက်လာနိုင်
ပျူစောထီးဟု စွပ်စွဲကာ မိသားစုလိုက် YDF သတ်ဖြတ်မှု NUG စုံစမ်း
တာဝန်ခံမှု ရှိသော တော်လှန်ရေးဖြစ်ရန် လိုသည်
လူသတ်မှု ကျူးလွန်ခဲ့ဟု ယင်းမာပင် PDF ခေါင်းဆောင် ဗိုလ်သံမဏိ ဝန်ခံ