မကွေးတိုင်း ဆောမြို့ ၌ ၁၃နှစ်အရွယ် မိန်းကလေးတဦးအပါအဝင် ၆ ဦးကို ပျူစောထီးဟု စွပ်စွဲကာ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ တဖွဲ့က သတ်ဖြတ်၍ အဖိုးတန်ဖိုးပစ္စည်းများ ယူဆောင်သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး အမျိုးသား ညီညွတ် ရေး အစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာန စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည်ဟု သိသည်။
သြဂုတ်လ ၂၁ ရက် ည ၈ နာရီအချိန်က ဆောမြို့ ဇေယျာရပ်ကွက်နေ ဦးခင်မောင်လင်းနှင့် ဇနီးဖြစ်သူ ဒေါ်ယဉ်ငွေတို့ အိမ်သို့ ယော ကာကွယ်ရေးတပ် (YDF) အဖွဲ့ ဝင်များရောက်လာပြီး အိမ်ရှင်ဇနီးမောင်နှံနှင့် ချွေးမ ဒေါ်ခင်မာသက်၊ မြေးဖြစ်သူ အသက် ၁၃ နှစ်အရွယ် မသက်အေးငြိမ်း၊ ညီဖြစ်သူ ဦးဇော်ဌေးတို့ကို သတ်ဖြတ်၍ ရွှေထည် ပစ္စည်း၊ ငွေသား၊ FAW ကား ၁ စီး၊ အိမ်စီးကား အဖြူ ၁ စီး၊ ဖုန်းနှင့် အခြားတန်ဖိုးရှိ ပစ္စည်းများကို ယူဆောင်သွားခြင်း ဖြစ် သည်။
NUG ကာကွယ်ရေး ဝန်ကြီးဌာနမှ အတွင်းဝန် ဦးနိုင်ထူးအောင်က “ဒီကိစ္စကို တိုင်ကြားလာမှုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးဖို့ YDF ကိုလည်း ပူးပေါင်း ပါဝင်ဖို့ ပြောထားတာ ရှိတယ်။ တခြား အဖွဲ့တွေကိုလည်း ချိတ်ဆက်ပြီးတော့ လို အပ်တဲ့ ကနဦး စုံစမ်းမှုတွေ စလုပ်နေပါပြီ” ဟု ဧရာဝတီသို့ ပြောသည်။
၄၅ မိနစ်ခန့် ကြာသည့် ထိုဖြစ်စဉ်အတွင်း ရပ်ကွက်နေပြည်သူများမှာ ပုန်းအောင်းနေကြရပြီး ဦးခင်မောင် ကြည်နှင့် မောင်မြတ်ဘုန်းခန့်နိုင် ဆိုသူနှစ်ဦးမှာ သေနတ်မှန်၍ ဒဏ်ရာရရှိကြောင်း၊ ဒေသခံများက ဆိုသည်။
အသတ်ခံရသည့် ယင်းမိသားစုမှာ နယ်မြို့နေသည့် ကုန်သည်များ ဖြစ်သဖြင့် စစ်တပ်နှင့် မလွဲမရှောင်သာ ဆက်ဆံ မှုများ ရှိနေသော်လည်း ဒလန် သတင်းပေးအနေဖြင့် မကြားဖူးကြောင်း ဒေသခံတချို့က ပြောသည်။
ဆောမြို့ခံ တဦးက “ဆောကနေ ချောက်ကို ကုန်ကူးတဲ့အခါမှာ ဘာဝယ်မှာလဲ၊ ဘာတင်ပို့မှာလဲ ဆိုတာကို စာရင်း တင်ပြရတယ်။ ခွင့်ပြုချက်တောင်းရတာ ရှိတယ်။ မြို့ပေါ်က ထွက်တဲ့ ကုန်သည်ကားတိုင်း အဲဒီလိုမျိုးပဲ လုပ်ရတာ။ သူတို့လည်း ကုန်ကားနဲ့ ပတ်သက်ပြီး စစ်တပ်နဲ့ ဆက်ဆံမှုတွေ ရှိတယ်” ဧရာဝတီသို့ ပြောသည်။
သေဆုံးသူများ၏ ဦးခေါင်းနှင့် ရင်ဘတ်ကို ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ပြီး ဓားပြကဲ့သို့ ပစ္စည်း များကို လုယက်ယူငင်သွားသည့် အပြုအမူကို ရှုတ်ချကြောင်းလည်း ဒေသခံများက ဆိုသည်။
“ရက်ရက်စက်စက်ကို သတ်တာဗျာ။ စစ်တပ်လည်း အဲဒီလိုပဲ လုပ်တာ။ ဒီအဖွဲ့လည်း စစ်တပ်နဲ့ တူလာပြီ ထင်တယ်။ ယောက်ျားသား ၃ ယောက်ကတော့ ခေါင်းတွေဆိုရင် ၃ ပုံ ၁ ပုံလောက်က ပျက်စီးနေတာကို တွေ့ရတယ်။ ရင်ဘတ် တွေရောပဲ။ မိန်းမသားတွေကို ပစ်သတ်တဲ့ ပုံတွေကလည်း တော်တော်ကို ရက်စက်တယ်။ ကျနော်ဆို တညလုံး ကြောက်စိတ်ထက် ခံပြင်းစိတ်နဲ့ စိတ်မကောင်း ဖြစ်လွန်းလို့ အိပ်မပျော်ဘူး” ဟု ဒေသခံတဦးက ပြောသည်။
သတင်းပေး ဒလန်ဟုတ်မဟုတ် စစ်ဆေးမေးမြန်းခြင်း၊ အတည်ပြုခြင်း တစုံတရာမရှိဘဲ ယင်းလုပ်ရပ်ကို ကျူးလွန် သည့် ယော ကာကွယ်ရေးတပ်- YDF အဖွဲ့အား ကျန်တော်လှန်ရေး အင်အားစု မဟာမိတ် ၆ဖွဲ့က ရှုတ်ချကြောင်း ဩဂုတ် ၂၂ ရက်က ထုတ်ပြန်လာခဲ့သည်။
ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၊ လောင်းရှည်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LSRPDF)၊ ဆော ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ (Saw PDF)၊ The Youth Force (Saw & Kyaukhtu)၊ ကျောက်ထု ဒေသပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (K.T.U Region)၊ ကိုရီးယားရောက် ယောသူ/ ယောသားများ စသည့် အဖွဲ့များကလည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်သည့် အဖွဲ့အစည်းက တာဝန်ယူရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
မင်းမဲ့စရိုက်ဆန်စွာ ပြုမူ၍ ကလေးသူငယ်များ အပါအဝင် မသက်ဆိုင်သူများကို ထိခိုက်စေခြင်း၊ သတ်ဖြတ်ခြင်း၊ ပစ္စည်းများ အတင်းအဓမ္မသိမ်းဆည်း ရယူခြင်းတို့ကို ရက်စက်ကြမ်းကြုတ်စွာ လုပ်ဆောင် သွား သောမည်သည့် အဖွဲ့အစည်းကိုမဆို ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် သက်ဆိုင်သူများအနေဖြင့် တာဝန်ယူ ဖြေရှင်းရ မည် ဖြစ်ကြောင်း ဒေသခံ ကာကွယ်ရေး အဖွဲ့များက ထုတ်ပြန်ထားကြသည်။
ဆောမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက “လက်နက် ရှိတယ်ဆိုပြီး ထင်ရာ ဝင်လုပ်သွားတာကို လက်မခံ နိုင်လို့ပါ။ ဒီထဲမှာ ၁၃ နှစ်ကလေးလည်း ပါတယ်။ ဒလန်ရှင်းတာနဲ့ မတူဘဲ အကြမ်းဖက်ဆန်တယ်ဆိုပြီး ရှုတ်ချကြတာ ပါ။ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့် တိုင်ကြားတာကို ဘာမှ မစိစစ်ဘဲနဲ့ ပြည်သူက တိုင်တယ်ဆိုရုံနဲ့ ဒီလို လက်လွတ် စပယ် ဝင်သတ်တာကတော့ လက်ခံနိုင်စရာ မရှိဘူး” ဟု ပြောသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ဒေသခံပြည်သူလူထုနှင့် အခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကလေးငယ်ပါ မချန် သတ်ဖြတ်ပြီး ပစ္စည်းများ လုယက်ယူငင်သွားခြင်းသည် လက်နက်အားကိုးဖြင့် အာဏာရှင်ဆန်ဆန် ပြုမူခြင်း ဖြစ် ကြောင်း ဝေဖန်လျက်ရှိသည်။
ဒေသတွင်း တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့က ရှုတ်ချခဲ့ပြီး နာရီပိုင်းအတွင်း ကျူးလွန်ခဲ့သည့် ယော ကာကွယ်ရေးတပ်- YDF က သေဆုံးသူများသည် ပျူစောထီးအဖွဲ့များ ဖြစ်ပြီး အစည်းအဝေး လုပ်နေချိန် ဝင်ရောက် စစ်ဆေးစဉ် ခုခံသဖြင့် ပစ် ခတ်ရာမှ မတော်တဆ သေဆုံးကြောင်း ထုတ်ပြန်လာသည်။
ထို့ပြင် အသက် ၁၃ နှစ်အရွယ် မိန်းမကလေးငယ်မှာ သေနတ် ဝင်လုသဖြင့် မတော်တဆ ကျည်ထွက်ပြီး သေဆုံး ကြောင်းနှင့် သေဆုံးသူ၏ သားဖြစ်သူကလည်း သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားသည်ဟု YDF ၏ ထိုထုတ်ပြန် ချက်၌ ဖော်ပြထား သည်။
သို့သော်လည်း သေဆုံးသူများသည် ပျူစောထီးများ မဟုတ်သလို ၎င်းတို့ သတင်းပေး တိုင်ကြားမှုကြောင့် ဒုက္ခရောက် သူများ ရှိမနေကြောင်း ဒေသခံများက ပြန်လည် ပြောဆိုကြသည်။
YDF က သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဒေသခံတို့၏ ဝေဖန်မှုများ မြင့်တက်လာသည့်အခါ ယင်းကိစ္စ ကျူးလွန် သည့် တပ်ရင်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးပါမည်ဟု ဒုတိယအကြိမ် စာတစောင်ကို နာရီပိုင်းအတွင်း ထပ်မံ ထုတ်ပြန်ခဲ့ရသည်။
မြေပြင်တွင် တကယ်ဖြစ်ခဲ့သော အချက်အလက်များကို အမှန်တရားအတိုင်း ဖော်ထုတ်နိုင်ရန် YDF ဗဟိုမှ စုံစမ်း စစ်ဆေး ဖော်ထုတ်သွားမည် ဖြစ်ပြီး အကယ်၍ အောက်ခြေ တာဝန်ရှိသောတပ်ရင်းမှ သတင်းအချက်အလက်များ မှားယွင်းပေးပို့ထားခြင်း ရှိခဲ့ပါက အမှန်တရား မပျောက်ပျက်စေရန် အလို့ငှာ မြေပြင်တွင်ဖြစ်ခဲ့သော ဖြစ်ရပ်များကို အမှန်တရား ပေါ်ပေါက်အောင် စုံစမ်း ဖော်ထုတ်သွားမည် ဖြစ်ကြောင်း ထို ဒုတိယအကြိမ် ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ဧရာဝတီက YDF မှ တာဝန်ရှိသူတဦးကို ဆက်သွယ် မေးမြန်းရာ “YDF ဗဟိုက စုံစမ်းစစ် ဆေးမှုတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။ အားလုံးကို စုံစမ်းစစ်ဆေးပြီးရင် သတင်း ထပ်မံထုတ်ပြန် သွားပေးပါ မယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။
ထို့ပြင် YDF တပ်ရင်း တပ်ဖွဲ့ဝင်များ၏ မမှန်မကန် ထွက်ဆိုခဲ့မှုများ ပေါ်ပေါက်လာပါက၊ မတရား ကျူးလွန်ခဲ့မှုများ ရှိခဲ့ပါက၊ တာဝန်ဝတ္တရားလုပ်ပိုင်ခွင့်၊ တပ်၏ စည်းမျဉ်းစည်းကမ်းများကို ကျော်လွန်လုပ် ဆောင်ခြင်းများရှိခဲ့ပါက ကျူးလွန်သူများအား ဖော်ထုတ်ပြီး အရေးယူသွားမည်ဟု YDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆော၊ ထီးလင်း၊ ဂန့်ဂေါမြို့နယ် ၃ ခုတွင် အဖွဲ့ခွဲများရှိသည့် YDF အဖွဲ့သည် လတ်တလော၌ ကာကွယ်ရေး ဝန်ကြီး ဌာနလက်အောက်ခံ မဟုတ်သေးဘဲ လက်အောက်ခံအဖြစ် ဖွဲ့စည်းရန် စတင် ဆောင်ရွက်ဆဲ အခြေအနေ ဖြစ်ကြောင်း လည်း သိရသည်။
YDF အဖွဲ့သည် ၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက်တွင် ဆောမြို့နယ်၊ အညာတကင်းကျေးရွာတွင် နေထိုင်သည့် အသက် ၅၀ ကျော်အရွယ် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး ဒလန်အဖြစ် စွပ်စွဲကာ သတ် ဖြတ်ခဲ့သည့်အမှုကိုလည်း ကျူးလွန်ခဲ့ဖူးပြီး NUG ၏ ကာကွယ်ရေး ဝန်ကြီးဌာနကို ယင်းဖြစ်စဉ်အား တိုင်ကြားခဲ့ဖူး ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လအတွင်းကလည်း ယင်းမာပင်ခရိုင်နှင့် ထိစပ်နယ်မြေတွင် ဗိုလ်သံမဏိ ဦးဆောင်သည့် ယင်းမာပင်မြ့နယ် ဒေသ ကာကွယ်ရေး တပ်ဖွဲ့ဝင် (YMB PDF) နှင့် ၎င်း၏ သစ္စာခံ တပ်ရင်း/ တပ်ဖွဲ့များသည် ဒေသခံပြည်သူလူ ထုကို ခြိမ်းခြောက်၊ နှိပ်စက်၊ ဖမ်းဆီး၊ လုယက် သတ်ဖြတ်မှု ၅ မှု ကျူးလွန်ခဲ့ကာ ၂၁ ဦးထိ သတ်ဖြတ်ခံခဲ့ရသည့် အမှုအား ကာကွယ်ရေး မဟာမိတ်အဖွဲ့များက ထုတ်ဖော် ပြောဆိုလာပြီးနောက် NUG ထံ တိုင်ကြားချက်များ ထွက် ပေါ်ခဲ့သေးသည်။
NUG က ဖွဲ့စည်းထားသည့် စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်သည် လက်ရှိ ဖြစ်ပွားနေသော စစ် ဘက်ဆိုင်ရာ ရာဇဝတ်မှုများအား စုံစမ်း စစ်ဆေးလျက်ရှိပြီး ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်နိုင်ရေး အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းထိုလအတွင်း ထုတ်ပြန်ခဲ့သော်လည်း ဗိုလ်သံမဏိအမှုနှင့် ပတ်သက်၍ မည်ကဲ့သို့ အရေးယူ ဆောင်ရွက်သည်ကိုမူ အသေးစိတ်ထုတ်ပြန်လာခြင်း မရှိပေ။
NUG ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်တွင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) အပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ အထူးတပ်ဖွဲ့များအတွက် စစ်မြေပြင်တွင် လိုက်နာရမယ့် စည်းမျဉ်း စည်း ကမ်းများအား ထုတ်ပြန် ကြေညာထားသည်။
ထိုအထဲတွင် အရေးပေါ် လိုအပ်ချက်အရ အရပ်သားပြည်သူပိုင် ပစ္စည်းများအား အသုံးပြုရပါက တန်ရာ တန်ကြေး ပေးရန်၊ သုံ့ပန်းများအား ညှဉ်းပန်းသတ်ဖြတ်ခြင်း မလုပ်ဘဲ သင့်လျော်သည့်နေရာတွင် ထိန်းသိမ်းထားရန် စသည်တို့ ပါဝင်သည်။
You may also like these stories:
တာဝန်ခံမှု ရှိသော တော်လှန်ရေးဖြစ်ရန် လိုသည်
လူသတ်မှု ကျူးလွန်ခဲ့ဟု ယင်းမာပင် PDF ခေါင်းဆောင် ဗိုလ်သံမဏိ ဝန်ခံ
ကောလင်းကာကွယ်ရေးအဖွဲ့ သိမ်းထားသည့်ပစ္စည်းများ ပြန်ပေးရန် တရုတ်နိုင်ငံသားများ တောင်းဆို