ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ဘက်ရှိ စစ်ရှောင်များခိုလှုံရာ နေရာသို့ စစ်ကောင်စီလေတပ်က ဧပြီလ ၂၇ ရက် ညပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
၎င်းက “၁၁ နာရီလောက်မှာ ဒီးမော့ဆို အနောက်ဘက်နေရာတွေကို လေယာဉ်နဲ့ လာကြဲသွားတယ်ပေါ့။ အဲဒီမှာလည်း ၂ ယောက်ဒဏ်ရာရပြီး ၁ ယောက်သေဆုံးသွားတယ်” ဟုဆိုသည်။
စစ်ကောင်စီတပ်ဗုံးကြဲသွားသည့် နေရာအတိအကျကိုမူ KNDF ပြန်ကြားရေးတာဝန်ရှိသူက စစ်ရှောင်များ၏ လုံခြုံရေးအခြေအနေကြောင့် ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ၏ တွစ်တာစာမျက်နှာတွင် ဖော်ပြထားသည့် ဓာတ်ပုံများအရ စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်များယာယီခိုလှုံရာ တဲအချို့၏ အမိုးနှင့် အကာများမှာ စုတ်ပြဲနေကြောင်းတွေ့ရသည်။
စစ်ကောင်စီသည် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးဖြင့်လည်း ၁၀ ချက်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် အဆောက်အအုံတလုံးနှင့် စစ်ရှောင်များ၏ တဲအချို့ပျက်ဆီးသွားကြောင်း KnHRG က ဖော်ပြထားသည်။
အလားတူ ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်တွင်လည်း ဧပြီလ ၂၇ ရက် နေ့လည် ၁၁ နာရီဝန်းကျင်က စစ်ကောင်စီတပ်၏ မော်တာလက်နက်ကြီးဖြင့် ၈ ကြိမ်ပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် မကြာသေးသည့် ဧပြီလ ၂၅ ရက်က ဖယ်ခုံမြို့နယ် အနောက်ဘက်ရှိ ဆောင်းဖွေးရွာ ဆေးခန်းကိုလည်း ၄ ကြိမ်ထက်မနည်း တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
စစ်ကောင်စီ၏ တိုက်လေယာဉ်တစီးသည် ဆောင်းဖွေး ကျေးရွာ ဆေးခန်းကို နေ့လည် ၁၂ နာရီ ၁၅ မိနစ်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်မှုအတွင်း မီးဖွားထားသည့် မိခင်တဦးနှင့် ၁၅ နှစ်အရွယ် ယောကျာ်းလေးတဦး အပါအဝင် အရပ်သားအနည်းဆုံး ၅ ဦး ဒဏ်ရာရကြောင်း KnHRG ၏ မှတ်တမ်းများ အရသိရသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်း၏ နေပြည်တော်ခရီးစဉ်တွင် အကြမ်းဖက်မှုများရပ်တန့်ရန် စစ်ကောင်စီဥက္ကဌကို ပြောဆိုခဲ့သော်လည်း စစ်ကောင်စီတပ်က ဆေးခန်းနှင့် စစ်ရှောင်များ ယာယီခိုလှုံရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်လာခြင်းဖြစ်သည်။
ကမ္ဘာတဝှမ်းက လက်နက်ကိုင်တပ်များ လိုက်နာစောင့်ထိန်းအပ်သည့် ကျင့်ဝတ်ဆိုင်ရာ သဘောတူစာချုပ် ဂျနီဗာကွန်းဗန်းရှင်းတွင် ဆေးခန်း နှင့် စစ်ရှောင်များရှိရာနေရာကို တိုက်ခိုက်ခြင်းမပြုရဟု ပါရှိသော်လည်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများက ဂျနီဗာကွန်ဗန်းရှင်းကို မလိုက်နာကြောင်း ပြသနေသည်။
KNDF ဥက္ကဌ ခွန်းဘီထူးကလည်း ရှမ်း-ကယားနယ်စပ်တိုက်ပွဲများတွင် အထိနာနေသည့် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုများ နှင့် လက်နက်ကြီးပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်လာနေကြောင်း ဧရာဝတီသို့ အတည်ပြုပြောဆိုသည်။
၎င်းက “စစ်ကောင်စီဘက်က ကျနော်တို့ ရှိနိုင်တယ်လို့ ထင်တဲ့နေရာတွေကို ဗုံးကြဲတာတွေ၊ လက်နက်ကြီးတွေ တရစပ်ပစ်တာတွေ လုပ်နေတယ်။ တကယ်တမ်းတော့ သူတို့ပစ်တဲ့နေရာတွေက အရပ်သားနေရာတွေပဲ များပါတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်တဲ့ ပြဿနာက ကျနော်တို့ဘက်မှာ တော်တော်ကြီးကြီးမားမားရှိနေတယ်” ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် ဧပြီလ နောက်ဆုံးပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်လာသလို အရပ်သားများအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းနှင့် နှိပ်စက်သတ်ဖြတ်ခြင်းများလည်း လုပ်ဆောင်နေကြောင်း KNDF ပြန်ကြားရေးတာဝန်ရှိသူ တဦးက ပြောပြသည်။
၎င်းက “ပင်လောင်းမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်အစပ်က မြောက်စလုံးတိုက်ပွဲပြီးတဲ့ ဧပြီ ၂၅ ရက်နေ့မှာ စစ်ကောင်စီက မြောက်စလုံးရွာကနေဆုတ်တယ်။ မြောက်စလုံးနဲ့တောင်မဲသင်းကြားထဲမှာ လယ်ချားရွာဆိုတာရှိတယ်။ အဲဒီရွာဘက်ကို ဆုတ်တယ်ပေါ့။ ဆုတ်တဲ့အခါမှာ ရွာသားအချို့ပေါ့။ ဒေသခံရွာသားလို့ယူဆရတာပေါ့ဗျာ။ ရွာသား ၄ ယောက်ကို လက်ပြန်ကြိုးတုပ်ပြီးမှ ဖမ်းခေါ်သွားတာပေါ့။ အဲဒါကိုလည်း ကျနော်တို့ ဒရုန်းတွေနဲ့ မှတ်တမ်းတင်နိုင်ခဲ့တယ်” ဟုဆိုသည်။
ကရင်နီပူးပေါင်းတပ်များက ဧပြီလ ၂၆ ရက်တွင် လယ်ချားရွာသို့ နယ်မြေရှင်းလင်းရေး ဝင်လုပ်သောအခါတွင်မူ စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည်ဟု ယူဆရသည့် အရပ်သားအလောင်းတလောင်း တွေ့ခဲ့ရကြောင်း KNDF ပြန်ကြားရေးတာဝန်ရှိသူက ဆက်ပြောသည်။
၎င်းက “လဲချားရွာရဲ့ ဂိုထောင်တခုမှာ ရွာသားတယောက်ကို လက်ပြန်ကြိုးတုပ်ပြီးမှ ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ထားတဲ့ အလောင်းတလောင်းကိုတွေ့တယ်။ အဲဒီအလောင်းက သူ့ရဲ့မျက်လုံးတွေ ဖောက်ထုတ်ခံထားရတယ်။ သူ့ရဲ့ လက်တဖက်ကလည်း ပြတ်လုနီးနီး လှီးဖြတ်ခံထားရတယ်။ လက်ကိုတော့ နောက်ပြန်တုပ်ထားတာပေါ့။ သူ့ရဲ့ ခေါင်းကတော့ ကွဲအက်ရာတွေနဲ့ သေဆုံးနေတယ်။ အလောင်းကတော့ သေနေတာ ၁ ရက်ကျော်လောက်ပဲ ရှိမယ်ထင်တယ်” ဟုဆိုသည်။
ရှမ်း – ကယားနယ်စပ်တွင် ဖေဖော်ဝါရီလ ၂၈ ရက်မှစတင်သည့် စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် ပင်လောင်း၊ ဖယ်ခုံနှင့် မိုးဗြဲစသည့် မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်တို့ အကြား ၂ လနီးပါး တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည်။
တိုက်ပွဲသည် ဧပြီလ ၂၄ ရက်တွင် မြောက်စလုံးရွာဝန်းကျင်၌ တကျော့ပြန် ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ၃၀ ဦးသေဆုံးသလို ဒဏ်ရာရသူ များပြားကြောင်း၊ ကရင်နီပူးပေါင်းတပ်များဘက်က တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။
၂ ဖက်ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။