အင်ဒိုနီးရှား ကာကွယ်ရေးတပ်များသည် ပြည်သူကို သစ္စာခံပြီး နိုင်ငံ၏ အရပ်သားအုပ်ချုပ်ရေးကို လက်ခံသောကြောင့် ဂုဏ်ယူကြောင်း ကာကွယ်ရေးဝန်ကြီး မစ္စတာ ပရာဘိုဝို ဆူဘီယန်တိုက ပြောကြားလိုက်သည်။
စင်ကာပူတွင် ကျင်းပသည့် ၂၀ ကြိမ်မြောက် သေနင်္ဂဗျူလာလေ့လာရေး နိုင်ငံတကာအင်စတီကျု (IISS) ရှန်ဂရီလာ လုံခြုံရေးဆွေးနွေးပွဲတွင် ဇွန်လ ၃ ရက်နေ့က ပြုလုပ်သည့် အမေးအဖြေကဏ္ဍ၌ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးက အင်ဒိုနီးရှားစစ်တပ်ကို မြန်မာပြည်သူများအား ဆန့်ကျင်သည့် မြန်မာစစ်တပ်နှင့် နှိုင်းယှဉ်ပြောကြားခြင်း ဖြစ်သည်။
“မြန်မာနှင့်ပတ်သက်ပြီး ပြောရပါက အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် အာဏာရှင်စနစ်ကို လက်ခံမည်မဟုတ်ဘဲ မြန်မာစစ်ကောင်စီ၏ လုပ်ရပ်များသည် မြန်မာပြည်သူများကို အန္တရာယ် ကျရောက်စေသည်” ဟု မစ္စတာ ဆူဘီယန်တိုက ပြောကြားသည်။
အင်ဒိုနီးရှားနိုင်ငံသည်လည်း စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးနှင့် ပတ်သက်ပြီး ခက်ခဲသောအတိတ် ရှိခဲ့သည်။ သို့သော် အင်ဒိုနီးရှားစစ်တပ်သည် ကြားနေရန် နိုင်ငံရေးမှ ဆုတ်ခွာသည့်အစီအစဉ် ချမှတ်ခဲ့သည်ဟု မစ္စတာ ဆူဘီယန်တိုက ပြောသည်။
“ကျနော်တို့နိုင်ငံ စစ်တပ်က ကမ္ဘာမှာ အမျိုးသားနိုင်ငံရေးကနေ ဆန္ဒအလျောက် ယနေ့တိုင် ဆုတ်ခွာတဲ့ ဥပမာတွေထဲက တခုဖြစ်တယ်လို့ ကျနော်ထင်တယ်။ အဲဒီအတွက် ကျနော် ဂုဏ်ယူတယ်” ဟု သူပြောသည်။
အထက်ပါ အမေးအဖြေကဏ္ဍတွင် မစ္စတာ ဆူဘီယန်တိုက ပြည်သူကိုလေးစားရန်နှင့် ပြည်သူနှင့်ရပ်တည်ရန် အင်ဒိုနီးရှားစစ်တပ်၏ ဆုံးဖြတ်ချက်ကိုလည်း မီးမောင်းထိုးပြသည်။
“အင်ဒိုနီးရှားမှာ ကျနော်တို့စစ်တပ်ရဲ့ အစဉ်အလာက ကျနော်တို့ဟာ ပြည်သူ့စစ်သားတွေ ဖြစ်တယ် ဆိုတာပဲ။ ကျနော်တို့ဟာ ပြည်သူထဲကပေါ်ထွက်လာပြီး ပြည်သူတွေမရှိရင် ကျနော်တို့က ဘာမှ မဟုတ်တော့ဘူး” ဟုလည်း ၎င်းကရှင်းပြသည်။
အင်ဒိုနီးရှား၏ ခြေလှမ်းများကို လေ့လာသုံးသပ်ရန်လည်း မြန်မာစစ်တပ်ကို ၎င်းကတောင်းဆိုသည်။ စစ်တပ်၏ အကြီးမားဆုံးတာဝန်မှာ ပြည်သူကို ကာကွယ်ရန်ဖြစ်သည့် ကတိကဝတ်ကို ထိန်းသိမ်းခြင်းဖြင့် မည်သည့် အခက်အခဲကိုမဆို ကျော်လွှားနိုင်ကြောင်း ပြောသည်။
“စစ်တပ်ဟာ အမြဲတမ်း ကိုယ့်ပြည်သူကို ကာကွယ်သင့်ပြီး ကိုယ့်ပြည်သူကို ပြန်ပြီး အကြမ်းမဖက်သင့်ဘူးဆိုတာ မြန်မာစစ်တပ် ယုံကြည်လာအောင်လုပ်ဖို့ ကျနော်တို့ စိတ်အားထက်သန်ပါတယ်” ဟုလည်း မစ္စတာ ဆူဘီယန်တိုက ပြောသည်။
ကိုးကား ။ ။ Antara သတင်း Proud that Indonesian military remains loyal to the people: Minister
You may also like these stories:
မြန်မာ့အရေး အာဆီယံ ‘လမ်းဆုံလမ်းခွ’ ရောက်
မြန်မာအကြမ်းဖက်မှု အရှေ့တောင်အာရှခေါင်းဆောင်များ “အလေးအနက် စိုးရိမ်ပူပန်”
မြန်မာ့အရေး အဓိက ဇာတ်ကောင်များနှင့် တိတ်တဆိတ် ထိတွေ့ဆက်ဆံနေဟု အင်ဒိုနီးရှားပြော
မြန်မာ့အရေး အပြောင်းအလဲအတွက် အင်ဒိုနီးရှား အချိန်မကျန်တော့