ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့် မြို့ဝင်စစ်ဆေးရေးဂိတ်တခုနှင့် ခလရ ၂၇၄ တပ်ရင်း ဝင်ပေါက်ဂိတ်တို့ကို ချင်းဒေသကာကွယ်ရေးတပ် (CDF) တပ်ဖွဲ့ဝင်များ ယမန်နေ့မနက်ပိုင်းတွင် ၁ နာရီကျော်ကြာ သွားရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား၂ ဦး သေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း သိရသည်။
CDF မင်းတပ်မှ ခေါင်းဆောင်တဦးက “အဲဒီ စစ်ကောင်စီဂိတ်တွေက ကျနော်တို့ပြည်သူတွေကို ဒုက္ခပေးနေတဲ့အတွက် တိုက်ထုတ်လိုက်တာ။ မြို့ဝင် စစ်ဆေးရေးဂိတ်တခုရယ်၊ မြို့ထဲက ခလရ ၂၇၄ တပ်ထဲကို ဝင်တဲ့ ဂိတ်တခုရယ်ကို တိုက်ခိုက်ခဲ့တာ။ စီးနင်းပြီးတော့ တိုက်ခိုက်မှုတွေ မလုပ်နိုင်ခဲ့တဲ့အတွက် လက်နက်ခဲယမ်းတွေတော့ မရခဲ့ဘူး။ သူတို့ဘက်ကတော့ ထိခိုက်ကျဆုံး မှုတော့ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလောအခြေအနေတွင် CDF တပ်ဖွဲ့ဝင်များသည် နယ်ဘက်ကျေးရွာအားလုံးကို နယ်မြေစိုးမိုးထားပြီး အုပ်ချုပ်ရေး ကဏ္ဍများကိုလည်း ထူထောင်ထားကာ မြို့ အဝင်မြို့အထွက် လမ်းကြောင်းများကိုပါ လုံခြုံရေးချ၍ စစ်ကောင်စီတပ်ကို ခြိမ်းခြောက်ထားနိုင်ကြောင်း CDF ခေါင်းဆောင်တဦးက ဆိုသည်။
ထိုသို့ စစ်ရေးတင်းမာမှုအခြေအနေကြောင့် စစ်ကောင်စီတပ်များ မင်းတပ်မြို့နယ်ထဲသို့ စစ်အင်အားဖြည့်တင်းလာနိုင်သည့် အတွက် အချိန်မရွေး ထိတွေ့တိုက်ပွဲဖြစ်ပွားနိုင်သောကြောင့် မကွေးတိုင်းနှင့် ထိစပ်နေသော မင်းတပ်- ကံကြီး- ဆောလမ်း မကြီးကို ဇူလိုင်လ ၁၃ ရက်ကစ၍ ပြည်သူများ အသုံးမပြုရန် CDF တပ်ဖွဲ့က သတိပေးထုတ်ပြန်ထားသည်။
မင်းတပ်မြို့ခံတဦးက “အရင်တုန်းကတော့ စစ်ကောင်စီက CDF တွေကို စစ်ကြောင်းတွေထိုးပြီးတော့ ဖြတ်လေးဖြတ်လုပ် တာတွေရှိတယ်။ အခုအခြေအနေမှာတော့ သူတို့ ယန္တရားက မြို့ပေါ်ထွေအုပ်ရုံးနဲ့ ရဲစခန်းလောက်ပဲ ကျန်တော့တယ်။ ကား လမ်းတွေကိုလည်း CDF တပ်ကပဲ စိုးမိုးထားတဲ့အတွက် ခရီးသည်ကားတွေက တိုက်ပွဲမရှိရင်တော့ သွားလို့လာလို့ ရနေ တယ်။ ရိက္ခာပြတ်လပ်မှုတော့ မရှိဘူး။ ဒါပေမယ့် နှစ်ဖက်လုံးကတော့ စစ်ရေးတော့ တင်းမာနေတယ်ဆိုတော့ တိုက်ပွဲက ဖြစ်ကြမယ်ထင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
မင်းတပ်မြို့နယ်အတွင်း လက်ရှိအခြေအနေတွင် စစ်ကောင်စီယန္တရားသည့် ပျက်လုလုအခြေအနေသို့ ရောက်ရှိနေပြီး ဒေသခံ CDF တပ်ဖွဲ့ဝင်များက ကုန်စည်စီးဆင်းရာ အဓိကလမ်းကြောင်းဖြစ်သည့် မင်းတပ်- ကျောက်ထုလမ်းမကြီး၌ စစ်ရေးဂိတ်များချကာ စစ်ကောင်စီထုတ် အရက်၊ ဘီယာများကို မြို့နယ်အတွင်းသို့ တင်သွင်းရောင်းချခြင်း လုံးဝ မပြုရန် ပိတ်ပင်ထားသည်။
You may also like these stories:
တီးတိန် သိုင်းငင်းရွာတိုက်ပွဲ ပြင်းထန်သဖြင့် နှစ်ဖက်သေဆုံးမှုများ
မိုးဗြဲ- လွိုင်ကော် ကားလမ်းဘေးရွာများ၊ စစ်ယာဉ်တန်းက ပစ်ခတ်သဖြင့် အရပ်သား ၃ ဦး သေဆုံး
ထန်တလန်သို့ အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီစစ်ကြောင်းကို CDF ပိတ်ဆို့တိုက်ခိုက်