ကရင်ပြည်နယ် မြဝတီမြို့အနီး၌ ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ မဲဆောက်သို့ တိမ်းရှောင်လာသည့် ဒေသခံ အများစုမှာ စားသောက်ရေးနှင့် နေထိုင်ရေး အခက်ကြုံနေရကြောင်း ရွှေ့ပြောင်းလာသူများထံမှ သိရသည်။
မြဝတီမြို့နှင့် ၅ မိုင်ခန့်အကွာရှိ အမှတ် ၂၇၅ ခြေလျင်တပ်ရင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့သည် ယမန်နေ့ နေ့လယ်ပိုင်းမှစ၍ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားရာ ဒေသခံအများစုမှာ ဘေးလွတ်ရာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
တိုက်ပွဲများကြောင့် ရုတ်တရက် တိမ်းရှောင်လာကြသူအများစုမှာ မဲဆောက်တွင် အသိမိတ်ဆွေမရှိသလို မည်သည့်နေရာ သို့ သွားရမည်ကို မသိ၍ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား အမှတ် ၁ အောက်တွင် နေထိုင်နေရကြောင်း သိရ သည်။
တိုက်ပွဲဖြစ်ရာအနီးရှိ မြေနီကုန်းရွာမှ ၄လသားကလေး၏ မိခင် မဇင်မာဝင်းက “မနက်ထဲက ရောက်နေတာသွားစရာမရှိ လို့ ဒီတံတားအောက် နေနေရတာ ။ ပစ္စည်းတွေကလည်း သူများပေးထားတဲ့ ကလေးအင်္ကျီလေးတွေနဲ့ အိတ်လေး၂ လုံးပဲပါ လာတယ်”ဟု ပြောသည်။
ယနေ့တွင် တိုက်ပွဲများကြောင့် မဲဆောက်ဘက်သို့ တိမ်းရှောင်သူမှာ ယမန်နေ့ကထက် ပိုမိုများလာပြီး အမှတ် ၁ တံတား ဖြတ်သန်းရန် နာရီနှင့်ချီ ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရကြောင်း သိရသည်။
မြဝတီမြို့ထဲမှ မိသား ၅ ဦးနှင့်အတူ စစ်ရှောင်လာသူအမျိုးသမီးတဦးက “အမတို့က သင်္ဃန်းညီနောင်ကပါ။ ညီနောင်မှာ တိုက်ပွဲဖြစ်ကတည်းက မြဝတီမြို့ထဲမှာ လာရှောင်နေတာ ။ အခု မြဝတီကလည်း ထပ်ဖြစ်တော့ကလေးကလည်း မွေးထားတာ ရက်ပိုင်းပဲရှိသေးလို့ ဒီဘက်မှာ ဆေးခန်းပြရင်း လာရှောင်တာ” ဟု ပြောသည်။
လက်ရှိတွင် မဲဆောက်ဘက်သို့ တိမ်းရှောင်သူများမှာ တနေ့ထက်တနေ့ ပိုမိုများလာကာ လူဦးရေ ထောင်နှင့် ချီရှိ သော ကြောင့် အစားသောက်နှင့် နေစရာအတွက် ကူညီတောင်းခံမှုများ ရှိနေကြောင်း မဲဆောက်တွင် စစ်ရှောင်များအား ကူညီ ပေးနေသူများထံက သိရသည်။
မြန်မာရွှေ့ပြောင်းများနှင့် စစ်ရှောင်များကို ကူညီပေးနေသည့် အဝေးရောက် ဧရာဝတီအဖွဲ့မှ တာဝန်ရှိသူ ကိုဖိုးသင်္ကြန်က “ဒီနေ့မှစပြီး ကျနော်တို့ဆီ ဆက်သွယ် အကူညီတောင်းတာ။ ရောက်နေတာ လူဦးရေ ၂၀၀ ကျော်လောက်ရှိတဲ့ထဲက မိသားစု ၂၀ လောက်က အစားအသောက်အတွက် အကူအညီ တောင်းခံလာတာဖြစ်ပါတယ်”ဟု ပြောသည်။
ယခင်ရက်ပိုင်းကတည်းက ကြိုတင်ရှောင်နေသော မြဝတီစစ်ရှောင်အချို့မှာ မဲဆောက်ရှိ ဆွေမျိုး အသိအိမ်များ၌ လည်း ကောင်း၊ ပိုက်ဆံတတ်နိုင်သူများက အိမ်ခန်းများကြိုငှား၍ လည်းကောင်း နေထိုင်ရေး အဆင်ပြေသော်လည်း ယခုရက်ပိုင်း ရောက်လာ သူများမှာ အခန်းဌားရန် အဆင်မပြေဘဲ ဘုန်းကြီးကျောင်းများ၌ သွားရောက်နေထိုင်နေကြကြောင်း၊ မြို့ပြင် ရွာများရှိ ဘုန်းကြီးကျောင်းများတွင် စစ်ရှောင်များ ရာနှင့်ချီ ခိုလှုံနေကြကြောင်း သိရသည်။
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး တိုက်ပွဲကြောင့် တိမ်းရှောင်လာသော စစ်ရှောင်ဦးရေ တသိန်းခန့်အထိ လက်ခံနိုင်ရန် ပြင်ဆင် ထားကြောင်း ဧပြီ ၉ ရက်တွင် ပြုလုပ်သော အစည်းအဝေး၌ ပြောထားသော်လည်း စစ်ရှောင်များ ယာယီနေထိုင်ရန် Camp များဆောက်လုပ်ပေး မရှိသေးကြောင်း ကူညီပေးနေသူများက ပြောသည်။
လက်ရှိအချိန်ထိ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားကို ပုံမှန်အတိုင်း ဖွင့်လှစ်ပေးထားပြီး တရားဝင် ဖြတ်သန်းခွင့်ပြု ထားသော်လည်း အောက်လမ်းမှ တရားမဝင် ဝင်ရောက်သည့်နေရာများကို ထိုင်းဘက်က ပိတ်ထားပြီး ထိုင်းစစ်တပ်မှ တံတားအောက်တွင် လုံခြုံရေးယူ ကင်းစောင့်နေသည်ကို တွေ့ရသည်။
ယင်းသို့ ဧပြီ ၉ ရက်တွင် တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ်ရှိ သောင်ရင်းမြစ်ကမ်းတလျှောက် ယင်းနေ့ညပိုင်း၌ ထိုင်းစစ်တပ် တပ်ဖွဲ့ဝင်များက လက်နက်အပြည့်အစုံတပ်ဆင်ထားသော ကား ၁၀စီးနှင့် ကင်းလှည့်နေပြီး ယနေ့တွင်လည်း အမှတ် ၁ တံတားအောက် မဲဆောက်ဘက်၌ လုံခြုံရေးယူထားကြောင်း ထိုင်းသတင်းဌာနများတွင်လည်း ဖော်ပြကြသည်။
ဆက်စပ်ဖတ်ရှုရန်
တိုက်ပွဲကြောင့် မြဝတီမြို့ရှိ ဘဏ်များ ပိတ်
မြဝတီကို KNLA ပူးပေါင်းတပ်များ ထိန်းချုပ်
ထိုင်းအကူအညီဖြင့် မြဝတီမှ ဆုတ်ခွာရေး စစ်ကောင်စီ ဖျက်သိမ်း