ကမ္ဘာကြီး ပူးနွေးလာတဲ့ အကျိုးသက်ရောက်မှုအနေနဲ့ Greenland ကျွန်းက ရေခဲထုကြီးတွေဟာ ၂၀၁၉ ခုနှစ် မတိုင်ခင် ယခင်အဆက်ဆက် မှတ်တမ်းတွေထက် ကျော်လွန်ပြီး အများအပြား အရည်ပျော်နေတယ်လို့ လေ့လာချက်အသစ်မှာ ဖော်ပြလိုက်ပါတယ်။
အဆိုပါ သုတေသန ဖော်ပြချက်ကို Communications Earth and Environment ဂျာနယ်မှာ ဖော်ပြထားတာပါ။ ၂၀၁၉ ခုနှစ်တုန်းက ဖော်ပြချက်မှာတော့ Greenland ကျွန်းရဲ့ ရေခဲ အရည်ပျော်မှု ထုထည် ပမာဏဟာ နှစ်စဉ် ၅၃၂ ဘီလီယံတန်ချိန် ရှိတယ်လို့ ဆိုပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ ဇူလိုင်တလတည်းမှာတင် ရေခဲတန်ချိန် ၂၂၃ ဘီလီယံ အရည်ပျော်ခဲ့ပါတယ်။
နှိုင်းယှဉ်လေ့လာချက်တွေအရ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ကြား နှစ်စဉ် ရေခဲတန်ချိန် ၂၅၅ ဘီလီယံ လောက်ပဲ အရည်ပျော်ခဲ့တာကို တွေ့ရပါတယ်။ “Greenland ကျွန်းမှာ နောက်ထပ် ဆုံးရှုံးမှုအများဆုံး နှစ်တနှစ် အဖြစ် မှတ်တမ်းတင်ခဲ့ရတာပါ” လို့ Alfred Wegner Institute for Polar and Marine Research က ရေခဲမြစ်သုတေသီ Ingo Sasgen က ဆိုပါတယ်။
ယခင်အပတ်က ထုတ်ဝေခဲ့တဲ့ လေ့လာချက်တခုမှာတော့ တကျွန်းလုံးရဲ့ ၇၉ ရာခိုင်နှုန်း ရေခဲတွေနဲ့ ဖုံးလွှမ်းနေတဲ့ Greenland မှာ ရေခဲအရည်ပျော်မှု ပိုမြန်လာတာကြောင့် ကမ္ဘာ့ရေမျက်နှာပြင် မြင့်တက်လာမှာကို စိုးရိမ်နေကြပါတယ်။
ရေခဲ ဖုံးလွှမ်းနေတဲ့ အန္တာတိကတိုက်ပြီးရင် ဒုတိယအကြီးဆုံး Greenland ကျွန်းဟာ နွေရာသီဆိုရင် ရေခဲ အရည်ပျော်မှုကြောင့် နှစ်စဉ် ကမ္ဘာ့ရေမျက်နှာပြင် ၁ မီလီမီတာကျော် မြင့်တက်သွားလေ့ ရှိပါတယ်။ နောက်ပိုင်း ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှင့်မှုတွေ မြင့်မားလာတာကြောင့် ရေခဲ အရည်ပျော်ပမာဏ ပိုများလာခဲ့ပါတယ်။
၁၉၉၀ ခုနှစ်ကစလို့ Greenland ကျွန်းမှာ ရေခဲအရည်ပျော်တာ ပိုများလာပြီး ၂၀၁၉ ခုနှစ်မှာတော့ ၂၀၁၂ ခုနှစ်ထက်စာရင် ၁၅ ရာခိုင်နှုန်း ပိုများလာပါတယ်။ ၂၀၁၉ ခုနှစ်၊ မိုးလေဝသ အခြေအနေ ထုတ်ပြန်ချက်အရ အာတိတ်ဒေသဟာ နှစ်ပေါင်း ၁၂၀ အတွင်းမှာ ဒုတိယ လေထုအပူချိန် အမြင့်ဆုံးဖြစ်ခဲ့ပြီး တတိယမြောက် အပူဆုံး နှစ်တနှစ်လည်း ဖြစ်ခဲ့ပါတယ်။
ကမ္ဘာကြီးပူနွေးလာခြင်းရဲ့ အကျိုးဆက်အဖြစ် ရေခဲမြစ်တွေ အရည်ပျော်လာမယ်ဆိုရင် အမေရိကတိုက်၊ ဥရောပနဲ့ အာရှတိုက်နိုင်ငံတွေက ကမ္ဘာ့လူဦးရေ သန်း ၃၀၀ ကျော်ဟာ နောက်ထပ် ဆယ်စုနှစ် ၃ ခုကျော်လောက်မှာ ကမ္ဘာရေမျက်နှာပြင် မြင့်တက်လာတာကြောင့် နေအိမ်တွေ ဆုံးရှုံးသွားနိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းထားကြပါတယ်။
ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတာကြောင့် အမေရိကန် ကမ်းရိုတန်း ဖလော်ရီဒါကစလို့ ကမ္ဘာ့မြို့ကြီးတွေဖြစ်တဲ့ လန်ဒန်၊ ရှန်ဟိုင်း၊ ဟောင်ကောင်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ၊ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့အထိ၊ ပစိဖိတ်သမုဒ္ဒရာ ဒေသတွေပါမကျန် ရေလွှမ်းသွားမယ့် အန္တရာယ်တွေ ရှိနေပါတယ်။
“ကျနော်တို့ နောက်ထပ် ရာစုနှစ်၊ ထောင်စုနှစ်သစ်တွေမှာ ရေခဲအရည်ပျော်လို့ ပင်လယ်ရေ မျက်နှာပြင် မီတာ အနည်းငယ်လောက် မြင့်တက်သွားခဲ့ရင် ဒါဟာ ရေခဲမြစ်တွေ ဆုံးရှုံးသွားတာလို့ လက်ခံရတော့မယ်လေ။ နောက်ထပ် ၄ နှစ်၊ ၁၀ နှစ်၊ နှစ် ၁၀၀ လောက်နဲ့ ပြီးသွားမှာမျိုး မဟုတ်ပါဘူး။ အကျိုးဆက်က အချိန်အကြာကြီး ဆက်ရှိလာတော့မှာပါ။ အခုတောင် အစကို မြင်နေရပြီ” လို့ Sasgen က ဆိုပါတယ်။
Ref: edition.cnn
You may also like these stories:
အပူချိန်မြင့်မားလာမှုကြောင့် Greenland ကျွန်းရဲ့ ရေခဲထုတန်ချိန် ၁၁ ဘီလီယံနီးပါး အရည်ပျော်
၂၀၁၅ ခုနှစ်နောက်ပိုင်း အပူဆုံး စံချိန်အထိ ရောက်ခဲ့တဲ့ အန္တာတိကတိုက်
လေ့လာခန့်မှန်းမှုတွေအရ အနာဂတ်မှာ ပျောက်ကွယ်သွားနိုင်ခြေရှိတဲ့ မြို့များ