အိမ်နီးချင်းနိုင်ငံများ၏ အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေမှုအပေါ် တရုတ်ကို အမေရိကန်က သတိပေးလိုက်ပြီး၊ လာမည့် ၅ နှစ်အတွင်း အာရှတည်ငြိမ်မှုရစေရေးအတွက် စစ်ရေးနည်းပညာသစ်ကို ရှာဖွေစူးစမ်းနေကြောင်း ပြောကြား လိုက်သည်။
ဝါရှင်တန်နှင့် ဘေဂျင်းတို့ ဒေသတွင်း လွှမ်းမိုးရေး အတွက် ယှဉ်ပြိုင်လျက်ရှိရာ တောင်တရုတ်ပင်လယ်၊ ကိုရီးယား ကျွန်း ဆွယ်နှင့် ထိုင်ဝမ်ရေလက်ကြားကဲ့သို့ အရေးကိစ္စများတွင် ပေါက်ကွဲလုနီး တင်းမာသည့် အလားအလာများ ရှိနေသည်။
ပြီးခဲ့သည့် ရက်က ကမ္ဘာတလွှားမှ ကာကွယ်ရေး ဝန်ကြီးများနှင့် ထိပ်တန်း စစ်ဘက်အရာရှိကြီးများ တက်ရောက်သည့် စင်ကာပူ၌ ကျင်းပသော ရှန်ဂရီလာ တွေ့ဆုံဆွေးနွေးမှုတွင် အင်အားကြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ဖြစ်ခဲ့သည်။
ယင်းဖိုရမ်တွင် လုံခြုံရေး သက်သက် ဆွေးနွေးရန် ဖြစ်သော်လည်း လက်တွေ့ ဆွေးနွေးမှုများတွင် တရုတ်-အမေရိကန် ကုန်သွယ်ရေး တင်းမာမှုနှင့် နည်းပညာ ပြိုင်ဆိုင်မှု တို့က နောက်ခံ အခင်းအကျင်း အဖြစ် ပါဝင်နေခဲ့သည်။
“တရုတ်ဟာ ဒေသတွင်းမှာ ပူးပေါင်း ဆက်ဆံရေး လုပ်နိုင်တယ်။ လုပ်လည်း လုပ်သင့်တယ်။ ဒါပေမယ့် တခြားနိုင်ငံတွေ ရဲ့အချုပ်အခြာအာဏာကို ထိပါးတာတွေ၊ သံသယဖြစ်အောင် လုပ်တာတွေကို အဆုံးသတ်ရမှာဖြစ်ပါတယ်”ဟု အမေရိကန် ယာယီ ကာကွယ်ရေးဝန်ကြီး ပက်ထရစ် ရှာနာဟန်က ပြောသည်။
တောင်တရုတ် ပင်လယ်တွင် ဘေဂျင်း၏ စစ်ရေးတင်းမာလာမှု အပေါ် ဝါရှင်တန်က အတိအလင်းဆန့်ကျင်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။
ယင်းပင်လယ်ပြင်ပေါ်တွင် ထိုင်ဝမ်၊ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့်ဗီယက်နမ်တို့၏ ရေပိုင်နက်များ တောင်းဆိုနေခြင်း အပေါ် တရုတ်က ပယ်ချထားသည်။
ဘေဂျင်းသည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းလျက် အမေရိကန် စစ်သင်္ဘောများ ဝင်ထွက် နေခြင်း အပေါ် အမြဲတစေ ရန်လိုနေပြီး ယင်းရေလက်ကြား အစိတ်အပိုင်းကိုလည်း ၎င်း၏ ပိုင်နက်အဖြစ် မှတ်ယူထားသည်။
မည်သည့် တိုင်းပြည်ဟု အမည်တပ် မပြောသော်လည်း ဒေသတွင်း မတည်မငြိမ် ဖြစ်ရန် အကျပ်ကိုင်ခြင်းကို လက်နက်သဖွယ် သုံးစွဲနေသည့် နိုင်ငံများရှိကြောင်း၊ အငြင်းပွားနေသည့် နယ်မြေများတွင် စစ်ရေးအတွက် အဆင့်မြင့် လက်နက်များ ဖြန့်ချထားမှု များလည်း ပါဝင်နေကြောင်း၊ အခြားနိုင်ငံများ၏ စစ်ဘက်နှင့် အရပ်ဘက်နည်းပညာများကို အစိုးရ အထောက်အပံ့ဖြင့် ခိုးယူနေခြင်းကိုလည်း မြှင့်တင်လုပ်ဆောင်နေကြောင်း အမေရိကန်ယာယီကာကွယ်ရေး ဝန်ကြီး ရှာနာဟန်က မှတ်ချက်ချခဲ့သည်။
တရုတ်နိုင်ငံသည် ၎င်း၏ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေဖုန်ဟယ် ကို စင်ကာပူဖိုရမ်သို့ စေလွှတ်ထားပြီး သူသည် ယနေ့တွင် မိန့်ခွန်းပြောကြားရန် စီစဉ်ထားကာ ထိုမိန့်ခွန်းတွင် ရှာနာဟန်၏ မှတ်ချက်ကို ပြန်လည်တုံ့ပြန်မည်ဟု မျှော်လင့်ရသည်။
You may also like these stories:
ရခိုင်ပြည်နယ် အကြမ်းဖက်မှုက အာဆီယံ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေနိုင်
အမေရိကန်က Huawei ပိတ်ပင်ထားမှုကို ခေတ္တ ဖြေလျော့ပေး
တရုတ်နိုင်ငံထုတ် ဒရုန်းတွေက သတင်းအချက်အလက် ခိုးယူနေကြောင်း အမေရိကန်အစိုးရ သတိပေး