တရုတ်- မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ လယ်ယာ စိုက်ပျိုးရေး၊ ပို့ဆောင်ဆက် သွယ်ရေး၊ မွေးမြူရေး၊ ခရီးသွားလာရေး စသည့် လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန် ပိုမို မြှင့်တင်နိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ယူနန်ပြည်နယ်၊ တက်ဟုန်းပြည်နယ်ခွဲ၏ တက်ဟုန်း ကုန်သည်ကြီးများအသင်း နေပြည်တော် ကိုယ်စားလှယ်ရုံးခွဲကို ဖေဖော်ဝါရီလ ၆ ရက်နေ့က နေပြည်တော် ACE Villa တွင် ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ သံမှူးကြီး မစ္စတာ ချန်းချန်က “တရုတ်- မြန်မာ ၂ နိုင်ငံရဲ့ တရား ဥပဒေ စည်းမျဉ်း၊ စည်းကမ်းများ၊ ပေါ်လစီများနဲ့အညီ ဘက်ပေါင်းစုံ ကဏ္ဍ ပေါင်းစုံမှာ ၂ ဦး ၂ ဖက် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တက်ဟုန်းပြည်နယ် ကုန်သည်ကြီးများ အသင်း ရုံးခွဲများကို မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး မြို့များတွင် ဖွင့်လှစ်ထားပြီး နေပြည်တော် ရုံးခွဲသည် ၄ ခုမြောက် ရုံးခွဲ ဖြစ်ပြီး ဖွင့်ပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်း ပြည်နယ်ခွဲ ပါတီ ကော်မတီ အတွင်းရေးမှူး မစ္စတာ ဝမ်ကျင့်ချွမ်းနှင့် သံရုံး တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီဝင် ဒေါက်တာမျိုးအောင်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်တို့ တက်ရောက်ခဲ့ကြသည်။