မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ ရက်မှစ၍ နိုဝင်ဘာ ၉ ရက်ထိ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသခံ ၅ သောင်းခန့် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်သည်။
ရှမ်းမြောက်ဒေသအတွင်း စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) များကြား ပြင်းထန်သည့် တိုက်ပွဲ များ၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား သေဆုံးထိခိုက်ဒဏ်ရာရမှုနှင့်အတူ ဒေသခံ ၅ သောင်းခန့်မှာ ဘာသာရေးအဆောက်အအုံများ အပါအဝင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေရပြီး အများစုသည် တရုတ်နိုင်ငံနှင့် နယ်စပ်များသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လားရှိုးမြို့သို့ သွားရောက်မည့် အဓိကလမ်းကြောင်းများကိုလည်း ညီနောင်မဟာမိတ်နှင့်ပူးပေါင်းတပ်များက ထိန်းချုပ်ကန့် သတ်ထားသလို ဖုန်းလိုင်းနှင့် အင်တာနက်ဝန်ဆောင်မှုများ ဖြတ်တောက်ခံထားရသဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့အကူအညီများအတွက် အဟန့်အတားဖြစ်နေကြောင်း UNOCHA က ဆိုသည်။
UNOCHA အနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသအခြေပြုအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ထောက်ပံ့ပေးလျက်ရှိကြောင်း၊ မြန်မာ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေအဖွဲ့မှ အမေရိကန်ဒေါ်လာ ၁ သန်းကို ရှမ်းမြောက်ဒေသရှိ လိုအပ်ချက်များ အတွက် ထောက်ပံ့သွားမည်ဖြစ်သော်လည်း ယင်းမှာ မြေပြင်လိုအပ်ချက်များအား ဖြည့်ဆည်းပေးရန် လုံလောက်မှုရှိမည် မဟုတ်ကြောင်း ဆိုထားသည်။
သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ပဋိပက္ခများကို ရပ်တန့်ပြီး လိုအပ်နေသောပြည်သူများအတွက် အသက်ကယ်ဆယ် ရေးဝန်ဆောင်မှုများ၊ အကူအညီများရရှိစေရန် အတားအဆီးမရှိ ခွင့်ပြုပေးရန်လိုအပ်ကြောင်းလည်း UNOCHA က တိုက်တွန်းထားသည်။
ယခု နိုဝင်ဘာလအစောပိုင်းတွင် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း စစ်ကိုင်းနှင့် မကွေးတိုင်းတို့အတွင်း စစ်ကောင်စီတပ် နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် (AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF) နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကြား တိုက်ပွဲများ မြင့်တက်လာခဲ့ရာ လူပေါင်း ၄၀,၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်းလည်း UNOCHA ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။