မကြာခင်က အကျဉ်းထောင် အသီးသီးမှ ပြန်လည် လွတ်မြောက်လာသူများက ယခင် အကျဉ်းထောင်များ၏ အခြေအနေသည် အလွန်ဆိုးဝါးခဲ့ကြောင်း၊ နိုင်ငံတကာ ကြက်ခြေနီ အသင်းကြီး (ICRC) က အကျဉ်းထောင်များ အတွင်း ဝင်ရောက်လေ့လာခွင့် ရပြီးသည့် ၁၉၉၉ ခုနှစ် နောက်ပိုင်းမှ စ၍ ယခုအထိ သတင်းစာ ဂျာနယ်ဖတ်ရှု့ခွင့်များ ရလာပြီး တိုးတက်လာကြောင်း၊ အကျဉ်းထောင်များ၏ အခြေအနေတိုးတက်မှုသည့် သက်ဆိုင်ရာ အကျဉ်းဦးစီး အရာရှိများ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များ အပေါ်လည်း မူတည်ပြီး တိုးတက်မှုခြင်း မတူညီကြောင်း၊နားလည်မှုဖြင့်သာ ထောင်တွင်းဘ၀ ရှင်သန်ဖြတ်သန်းကြရပြီး ခိုင်မာသည့် ဥပဒေတရပ် မရှိသေးကြောင်း၊ နိုင်ငံရေး အကျဉ်းသား ဟူ၍လည်း ယခုအထိ အသိအမှတ်ပြုခြင်း မရှိသေးကြောင်း ပြောဆိုကြသည်။
မြန်မာနိုင်ငံ၏ ဝေးလံခေါင်ဖျားဒေသတခု ဖြစ်သော ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ် အကျဉ်းထောင်မှ နေ၍ ဇန်နဝါရီ ၁၂ ရက်နေ့ သမ္မတ၏ လွတ်ငြိမ်းချမ်းသာအမိန့်ဖြင့် ပြန်လည်လွတ်မြောက် လာသော ၈၈ မျိုးဆက် ကျာင်းသားခေါင်းဆောင် ကိုကိုကြီးအား အကျဉ်းထောင်များ၏ အခြေအနေ ပြောင်းလဲလာမှုနှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် လင်းသန့်က ဆက်သွယ် မေးမြန်းထားပါသည်။ ကိုကိုကြီးသည် ၂၀၀၇ ခုနှစ်က လောင်စာဆီ ဈေးနှုန်း ကျဆင်းရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေးတို့အတွက် ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒဖော်ထုတ်ရင်း တခြား သော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များနှင့်အတူ ဖမ်းဆီးခံရကာ ထောင်ဒဏ် ၆၅ နှစ် ၆ လ ချမှတ်ခံခဲ့ရပြီး အင်းစိန်၊ မအူပင်၊ ကျိုင်းတုံ၊ မိုင်းဆတ် စသည့် အကျဉ်းထောင်တို့တွင် နေခဲ့ရသူဖြစ်သည်။ ယခင် စစ်အစိုးရများ လက်ထက် နိုင်ငံရေးအကျဉ်းသား အဖြစ် ၁၅ နှစ်ကျော် ကျခံခဲ့ရမှုများ အပါအဝင် ကိုကိုကြီးသည် အကျဉ်းထောင်များထဲတွင် အနှစ် ၂၀ ခန့်နေခဲ့ဖူးသူဖြစ်သည်။
မေး။။ အကျဉ်းထောင်ထဲမှာ နေလာခဲ့ရတဲ့ အတွေ့အကြုံတွေအရ အခု ပြန်လွတ်လာချိန်မှာ အကျဉ်းထောင် တွေရဲ့ အဖက်ဖက်က ပြောင်းလဲမှုတွေကို ကိုကိုကြီး အနေနဲ့ ပြောပြပေးပါ။
ဖြေ။ ။ ကျနော်တို့ ပထမ တခေါက် ထောင်ကျတဲ့အခြေအနေကတော့ တော်တော့်ကိုဆိုးတယ်။ ဆိုးတယ် ဆိုတာက ကိုယ်ထိလက်ရောက် ရိုက်နှက်ညှဉ်းပန်းတဲ့ ပြစ်ဒဏ်မျိုးပေးတာ၊ စစ်ခွေးတိုက် ပို့တာမျိုးတွေက အစ နောက်ဆုံး စာအုပ် စာတမ်း ဖတ်ရှု့ခွင့် မရှိလို့ စာရွက်အတိုအစ လေးတွေ မိတာမျိုးတွေကိုပဲ ကြီးလေးတဲ့ ပြစ်ဒဏ်တွေပေးတာ မျိုးတွေ ခံခဲ့ကြရတယ်။ ဒီဘက် ICRC ဝင်လာပြီးနောက်ပိုင်း အကျဉ်းထောင်တွေရဲ့ အခြေအနေကတော့ တဖြည်းဖြည်းချင်း တိုးတက်လာပါတယ်။ အရင်က တမံသလင်းပေါ်မှာ ကျနော်ဆိုရင် ၉ နှစ်လောက် အိပ်ခဲ့ရတာ။ နောက်ပိုင်း ICRC ဝင်ပြီးချိန်မှာ ကွတ်ပျစ်နဲ့ အိပ်လာရတာတို့၊ တဖြည်းဖြည်း ထောင်အလိုက် ရေလောင်းအိမ်သာ ဖြစ်လာတာတို့၊ စာအုပ်စာတမ်း၊ သတင်းစာ၊ ဂျာနယ် ဖတ်ရှုခွင့် ရလာတာတို့ စသဖြင့် ဒါတွေက တိုးတက်တဲ့ အခြေအနေ တွေလို့ ပြောရမှာပါ။
မေး။ ။ တိုးတက်လာတဲ့ အခြေအနေတွေ ရှိသလို မတိုးတက်တာတွေလည်း ရှိရင် သိချင်ပါတယ်။
ဖြေ။ ။ အကျဉ်းထောင် အခြေအနေ ရုပ်ပိုင်းဆိုင်ရာ ဆိုးရွားတဲ့အချိန်မှာတုန်းက တခြားအကျဉ်းသားများ နည်းတူ လျှော့ရက် (ကွာ) ခံစားခွင့်တွေ နိုင်ငံရေးအကျဉ်းသား ရခဲ့ပါတယ်။ ဒီဘက် ပြောင်းလဲလာပြီးကျတော့ ကျနော့်တို့ ၉၇ (၁၉၉၇ ခုနှစ်) က စပြီးတော့ လျှော့ရက် (ကွာ) တွေကို နိုင်ငံရေးအကျဉ်းသားတွေကို မပေးတော့ဘူး။ အဲဒါကို ဖြတ်တဲ့ ကိစ္စဟာ တော်တော့်ကို ဆိုးပါတယ်။ ကျနော်တို့ ထောင်မှာ ယေဘုယျအားဖြင့် ၃ ပုံ ၁ ပုံ လျှော့ရက် ခံစားခွင့် ရတယ် ဆိုပြီး တွက်လို့ရပါတယ်။ အဲဒီတော့ ၁၀ နှစ် ထောင်ကျတဲ့ နိုင်ငံရေးအကျဉ်းသားက ပြောရရင် ၆ နှစ် ၈ လ ဆိုရင် ဒါ လွတ်တယ်ပေါ့လေ။ တကယ်လို့် အဲဒီလှျှော့ရက် (ကွာ) ခံစားခွင့်ကို မပေးတော့ဘူး ဆိုရင် ၁၀ နှစ် အပြည့် နေရတယ်။
သဘောက ထောင်ဒဏ် ၁၅ နှစ် ကျတဲ့သူက ၃ ပုံ ၁ ပုံ လျှော့ရက် ခံစားခွင့်ပေးရင် ၁၀ နှစ် နေရတယ်။ တရားရုံးက ၁၀ နှစ် ချလိုက်တဲ့ အပြစ်ဒဏ်ကို အကျဉ်းဦးစီးက တရားရုံး ခွင့်ပြုချက် မပါဘဲနဲ့ တရားမဝင် နောက်ထပ် ၅ နှစ် ထပ်ချလိုက်တဲ့ သဘော၊ ပေါင်း ၁၅ နှစ် ထောင်ကျ ခံရတဲ့ သဘော ဖြစ်နေတယ်။ အဲဒီတော့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ထောင်အာဏာပိုင်လည်း ဆက်ဆံရေး အဖုအထစ်ဖြစ်တယ်၊ တဘက်က နိုင်ငံရေးအကျဉ်းသား မရှိဘူး ပြောနေပေမယ့် ထောင်လက်စွဲ ဥပဒေပါ ခံစားခွင့်တွေကို သက်သက် ဖြတ်တောက်ခံရတယ်၊ ဒါဟာ အဆိုးဆုံး အချက်ပါဘဲ။
နောက်တခုက ဒီဘက်ခေတ် အကျဉ်းထောင်တွေရဲ့ အခြေအနေ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို ကျနော်တို့က အသိအမှတ်ပြု ပြောနေဆဲမှာ အကျဉ်းသားရဲ့ ခံစားပိုင်ခွင့်နဲ့ ပတ်သက်ပြီး ထောင်တွင်းပြစ်မှုမရှိဘဲ ဖြတ်တောက်တာ၊ ဒါ အဆိုးဆုံး အခြေ အနေပါ။ နောက်တခုကတော့ ကျနော်တို့ ဒီတခေါက်ကျတော့မှ နယ်စွန်နယ်ဖျား ရပ်ဝေး ထောင်တွေ အသီးသီးကို ပို့တဲ့ ကိစ္စ၊ အဲဒါက မိသားစု ဆက်သွယ်နိုင်တဲ့ အခြေအနေ၊ ထောင်ဝင်စာ မတွေ့နိုင်တဲ့ အခြေအနေ မရှိအောင်ကို တမင် ဖန်တီးလိုက်သလိုဖြစ်သွားပါတယ်။
ထောင်ထဲမှာနေတဲ့ အကျဉ်းသား တယောက်အတွက် ၁၄ ရက် တကြိမ် ထောင်ဝင်စာဟာ သူ့ရဲ့ စားဝတ်နေရေး ဖြေရှင်းမှု တခုတည်း သာမကဘဲနဲ့ စိတ်ထွက်ပေါက်လည်းဖြစ်ပါတယ်။ မိသားစုနဲ့တွေ့ဆုံနေရတယ်၊ တွေ့ခွင့်ရတယ်၊ ထောင်ဝင်စာ ထွက်တွေ့ရတယ် ဆိုတာဟာ သူ့အနေနဲ့ ၁၄ ရက်ကြာ ကာလ ပတ်လုံး မွမ်းကျပ်နေတာတွေဟာ တချက်တချက်မှာ သူ့အနေနဲ့ ထွက် ပေါက်အနေနဲ့ ရတယ်။ ဥပမာ ကျနော် ဆိုရင် မိုင်းဆတ်မှာ ၃ နှစ်ကျော်ကျော် နေလိုက်ရတာပါ။ ကျနော့်မိသားစုက ထောင်ဝင်စာ ၃ ခေါက်ပဲ လာနိုင်တယ်။ ဒါတောင်မှ ကျနော့်လိုမဟုတ်ဘဲ လုံး၀ မလာနိုင်တဲ့သူတွေလည်း ရှိတယ်။ အဲဒီတော့ ဒီအခြေအနေတွေဟာ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ၊ ထောင်ကျအကျဉ်းသား တယောက်ကို စိတ်ပိုင်းဆိုင်ရာအရ ညှဉ်းပမ်း နှိပ်စက်တဲ့သဘော၊ ဒါဟာ ဒီဘက်ခေတ်မှာ အကျဉ်းထောင် အခြေအနေတွေ၊ ခုနက ရုပ်ပိုင်းဆိုင်ရာ တိုးတက်နေတဲ့ တချိန်တည်းမှာပဲ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပမ်းနှိပ်စက်တဲ့သဘောတွေ ရှိတယ်။ ပြီးတော့ ဒီဟာတွေဟာလည်း ထောင်တွင်း ပြစ်မှု ကျူးလွန်ခြင်း မရှိဘဲနဲ့ ထောင်ဝင်စာ မလာနိုင်အောင်၊ ထောင်ဝင်စာ ပိတ်တဲ့ ပြစ်ဒဏ်သဘော ဖြစ်နေတယ်။ လျှော့ရက် (ကွာ) ဖြတ်တဲ့ သဘောလဲ ရှိနေတယ်။ အဲဒီလို ခံစားခဲ့ရပါတယ်။
မေး။ ။ ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ထောင်ကျမဟုတ်တဲ့ သာမန်ပြည်သူလူထုမှာတောင်မှ စရိတ်မျှပေး ကျန်းမာရေးဆိုပြီးတော့ စားရိတ် အကုန် ပေးနေရတဲ့အချိန်မှာ အကျဉ်းကျနေရတဲ့ အကျဉ်းသား တယောက်အနေနဲ့ကတော့ ပိုဆိုးတာပေါ့ဗျာ။ အထူးသဖြင့် နယ်စွန်နယ်ဖျား မြို့ငယ်လေးတွေမှာ ဆိုတာက မြို့ခံပြည်သူလူထုတောင်မှ ကျန်းမာရေး စောင့်ရှောက်မှု ပြည့်ပြည့်၀၀ မရှိပါဘူး။ ဥပမာအားဖြင့် X’ ray စက်လိုမျိုး၊ တခြား မျက်စေ့တို့၊ သွားတို့ ဆရာဝန်မျိုးဆိုတာက မရှိကြဘူး။ အဲဒီတော့ ထောင်လို နေရာမျိုးမှာကတော့ များသောအားဖြင့် ထောင်ဆရာဝန်တောင် မရှိဘူး။ ဆေးမှူးအဆင့်ပဲ ရှိတာဆိုတော့ ကျန်းမာရေး စောင့်ရှောက်မှုက အဆင့်မမီဘူး။ သာမန်ရာသီအလိုက်ဖြစ်တဲ့ ဖျားနာတာလောက်က ဆေး ဆောင်ထားလို့ရတယ်။ တကယ့်ပြင်းပြင်းထန်ထန်ဖြစ်တဲ့ ရောဂါမျိုးဆိုရင်တော့ ဆေးကုသဖို့ အခက်အခဲက တော်တော့်ကို ကြီးပါတယ်။
မေး။ ။ အကျဉ်းထောင်ထဲက အကျဉ်းသားတိုင်းရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်ကို ဘာပြောချင်ပါသလဲ။
ဖြေ။ ။ နံပါတ် ၁ အချက်က နိုင်ငံရေးအကျဉ်းသားတွေဟာ သူတို့ရဲ့ နိုင်ငံရေး ဆောင်ရွက်မှုကြောင့် ပြစ်ဒဏ်ကျ မခံသင့်ဘဲနဲ့ ခံနေကြရတဲ့ သူတွေဖြစ်တယ်။ အဲဒီကြားထဲမှာမှ အပြင်မှာ သူ့မိသားစုနဲ့ သူ့ရဲ့ကျန်းမာရေးကို လွတ်လွတ်လပ်လပ် ကာကွယ်ထိမ်းသိမ်းစောင့်ရှောက် ကုသနိုင်တဲ့ အခွင့်အလမ်းကို ဆုံးရှုံးပြီးတော့ အထဲမှာ ခုနပြောတဲ့ ချို့ချို့တဲ့တဲ့ နေရတဲ့ အခြေအနေဟာ တော်တော့်ကို မဖြစ်သင့်တဲ့ အခြေအနေပါ။ နိုင်ငံတော် အနေနဲ့ ဖိဖိစီးစီး တာဝန်ယူပေးသင့်တဲ့ အခြေအနေလို့ မြင်ပါတယ်။
မေး။ ။ အကျဉ်းထောင်တွေရဲ့ အခြေအနေ တခုလုံးခြုံမိအောင် ကျန်းမာရေးကအစ အုပ်ချုပ်ရေး၊ ဆက်ဆံရေးတွေ အထိကောင်းဖို့ ဘယ်အရာတွေပေါ်မှာ မူတည်မလဲ။
ဖြေ။ ။ ကျနော်တို့ဆီမှာတော့ ထောင် ၁ ထောင်နဲ့ တထောင်ဟာ တပြေးညီ အုပ်ချုပ်တဲ့ အခြေအနေမျိုး မဟုတ် ပါဘူး။ သက်ဆိုင်ရာနယ်မြေ ဒေသခံ၊ နောက်တခါ ထောင်နဲ့ ချိတ်ဆက် ဆောင်ရွက်နေတဲ့ SB ရဲသတင်းတပ်ဖွဲ့ စသဖြင့် တွေပေါ်လည်း မူတည်တယ်။ ဥပမာ နိုင်ငံရေးအကျဉ်းသားကို ထောင်အပြင်ကို လိုအပ်လို့ ထုတ်မယ်ဆိုရင် တောင်မှ ဒေသခံ လူ ပုဂ္ဂိုလ်တွေ၊ အာဏာပိုင်တွေရဲ့ သဘောထားနဲ့လည်း အများကြီး ပတ်သက်ပါတယ်။ သူတို့က တကယ့်ကို အလေး အနက်ထားပြီးတော့ ဆောင်ရွက်ရင် ဆောင်ရွက်သလောက် ဆေးဝါးကုသမှုကအစ ကောင်းပြီး တော့ ဒီလူပုဂ္ဂိုလ်တွေက စိတ်မပါဘဲ စိတ်မဝင်စားတဲ့အခါမျိုး၊ ပြီးစလွယ်လုပ်တဲ့ အခါမျိုးမှာဆိုရင်တော့ ပိုဆိုးပါတယ်။ ဆိုလိုတာက ဥပဒေ တရပ် အခိုင်အမာ ပြဌာန်းထားခြင်း မရှိတာပါဘဲ။ ဥပဒေဆိုတာမှာ ဘယ်ဟာက လိုက်နာရမယ့် တာဝန်၊ ဘယ်ဟာက ရပိုင်ခွင့်စသဖြင့် နိုင်ငံရေးအကျဉ်းသားကို အသိအမှတ်ပြုတဲ့ ဥပဒေ တရပ်တကယ့်ကိုလိုအပ်နေ တယ်။