အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် ခေါ် ကိုပါကြီး အသတ်ခံရမှုကို လွတ်လပ်စွာ စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ ၈၈ မျိုးဆက်အပါဝင် လူ့အခွင့်ရေးအဖွဲ့တွေ၊ အရပ်ဖက် အဖွဲ့စည်းတွေက ရန်ကုန်မြို့တော် ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုကြတာ သတင်းတွေထဲ တွေ့ရပါတယ်။
ဒါပေမယ့် ထူးထူးခြားခြား သတင်းစာအဖွဲ့စည်းတွေ၊ ဂျာနယ်လစ်အဖွဲ့စည်းတွေက အဲဒီလိုတောင်းဆိုတာ မတွေ့ရသေးပါဘူး။ သမ္မတ ဦးသိန်းစိန် အစိုးရသစ်လက်ထက်မှာ အတိုးတက်ဆုံးနေရာဟာ မီဒီယာ အခန်းကဏ္ဍ ဖြစ်ပါတယ်လို့ ပြောထားတဲ့အချိန်မှာ သတင်းထောက်ကို ဘာကြောင့်သတ်တာလဲ။
|
ဒီလိုသတ်ဖြတ်မှုအပေါ် သတင်းလွတ်လပ်ခွင့် အဖွဲ့စည်းတွေက ဘာကြောင့် မဝေဖန်ဘဲ ငြိမ်ခံနေကြတာလဲ။ နိုင်ငံတကာရှိ သတင်းသမား ကာကွယ်ရေးအဖွဲ့တွေ၊ သတင်းလွတ်လပ်ခွင့် အဖွဲ့တွေကရော မြန်မာသတင်းထောက်တွေရဲ့ အခြေအနေကို အရင်လို အလေးထားပါသေးရဲ့လား။
ဒီအကြောင်းကို သိချင်တဲ့ကျနော်ဟာ အောက်တိုဘာလ ၂၉ ရက်နေ့က နော်ဝေနိုင်ငံ၊ အော်စလိုမှာ ကျင်းပတဲ့ သတင်းသမားများ သတ်ဖြတ်ခံရမှု တားဆီးရေး နိုင်ငံတကာနေ့ (The International Day to End Impunity for Crimes against Journalists) ဆွေးနွေးပွဲဆီ ရောက်သွားခဲ့ပါတယ်။
Fritt Ord (လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်) အဖွဲ့က ဦးစီးကျင်းပတဲ့ အဲဒီဆွေးနွေးပွဲမှာ ယူနက်စကို ဌာနေကိုယ်စားလှယ်က အဖွင့်စကားပြောပြီး နော်ဝေနိုင်ငံခြားရေးဌာမှ ဒုဝန်ကြီး၊ ဥရောပ သတင်းစာဆရာများ အသင်းမှ ကိုယ်စားလှယ်တဦးနဲ့ နော်ဝေ ဂျာနယ်လစ်သမဂ္ဂ၊ နော်ဝေ စာရေးဆရာအဖွဲ့၊ နော်ဝေ သတင်းစာအသင်း၊ နော်ဝေ အယ်ဒီတာအသင်းက သတင်းသမားတွေနဲ့ စိတ်ဝင်စားသူ ၆၀ ခန့် တက်လာကြတာတွေ့ရပါတယ်။
နိုဝင်ဘာ ၂ ရက်နေ့မှာ ကျရောက်တဲ့ ဒီနိုင်ငံတကာနေ့ကို မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိ မရှိတော့ မသိရသေးပါ။
ဒီပွဲမှာ အဓိက ဆွေးနွေးတဲ့အကြောင်းအရာက ဥပရောတိုက်အတွင်းက သတင်းသမားတွေရဲ့ အခြေနေဆိုတော့ မြန်မာနိုင်ငံက ကိုပါကြီးကိစ္စ တင်ပြဖို့ အခွင့်မသာဘူး ဖြစ်နေပါတယ်။ ဒီလိုနဲ့ ဆွေးနွေးပွဲ ခဏနားချိန်မှာ ဥရောပ သတင်းဆရာအသင်းမှ ကိုယ်စားလှယ် ဝီလျံ ဟော်စလေ (William Horsley) ဆီသွားပြီး နော်ဝေရောက် မြန်မာတွေက နော်ဝေအစိုးရဆီ ပို့ထားတဲ့ သတင်းထုတ်ပြန်ချက်ကို သွားပေးမိပါတယ်။
“ခင်ဗျားတို့နိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ရေးလမ်းကြောင်းကို အနောက်နိုင်ငံတွေက စံပြအဖြစ်တောင် ဥပမာ ပေးနေကြတာပဲ။ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ’’ လို့ သူက မေးခွန်းထုတ်ပါတယ်။ ပြီးတော့ အောင်ဆန်းစုကြည်လည်း အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်၊ ငြိမ်းချမ်းရေးလည်း ဆွေးနွေးနေတယ်ဆိုတော့ ဘာမှ ပြဿနာ မရှိတော့ဘူးဆိုပြီး အနောက်တိုင်း သတင်းစာဆရာတွေက နားလည်ထားတယ်လို့ သူကဆိုပါတယ်။
ဆိုလိုတာက မြန်မာ့အရေးဟာ ကမ္ဘာ့သတင်းလောကက စိတ်ဝင်စားတဲ့အရေး မဟုတ်တော့ပါ။ ဆီးရီးယားနဲ့ အီရတ်မှာ သောင်းကျန်းနေတဲ့၊ သတင်းထောက်တွေကို ခေါင်းဖြတ်သတ်နေတဲ့ ISIS အရေးက သူတို့အတွက် အဓိကဖြစ်နေပြီ။ ယူကရိန်း အရှေ့ပိုင်းပြသာနာက ဒုတိယနေရာ ယူထားပါတယ်။ နောက် ပါလက်စတိုင်း၊ အစ္စရေး တိုက်ပွဲ စသဖြင့်။
မြန်မာ့အရေးကို တိုက်ရိုက် စိတ်ဝင်စားမှု မရှိဘူးဆိုပေမဲ့ သူတို့ဆွေးနွေးတဲ့ အကြောင်းအရာတွေက မြန်မာ သတင်းသမားတွေအတွက် စိတ်ဝင်စားဖို့ အတော်ကောင်းပါတယ်။ ဥရောပနိုင်ငံတွေမှာ သတင်းသမားတွေကို ဘယ်လို မှတ်ပုံတင် လုပ်ပေးသလဲ၊ ဘယ်လို အလုပ်ခန့်သလဲ၊ လုံခြုံရေးတာဝန်၊ အသက်အာမခံကြေး ဘယ်လို လုပ်ပေးသလဲ။ ပြီးတော့ ဒီဘက်နိုင်ငံတွေမှာ ခေတ်စားလှတဲ့ အလွတ်သတင်း ထောက် (Freelance Journalist) တွေရဲ့ တာဝန်နဲ့ လုံခြုံရေးအကြောင်း။
တခါ ကမ္ဘာ့ဒေသတချို့က သတင်းသမားတွေရဲ့ လုံခြုံရေးအကြောင်း အော်စလို တက္ကသိုလ်က သုတေသလုပ်ထားတဲ့ မှတ်တမ်းနဲ့ ဖိလစ်ပိုင်နိုင်ငံမှာ သတင်းသမားတွေ အစုအပြုံလိုက် အသတ်ခံရမှုအကြောင်း ဗီဒီယို မှတ်တမ်းကလည်း စိတ်ဝင်စားဖွယ် ကောင်းလှပါတယ်။ ဒါပေမယ့် ထူးခြားတာက မြန်မာနိုင်ငံမှာ သတင်းထောက်ကို သတ်သူက အစိုးရတပ်ဖြစ်နေပြီး တခြားနိုင်ငံတွေမှာတော့ အကြမ်းဖက်သမားတွေ၊ ခွဲထွက်ရေးသူပုန်တွေ၊ မာဖီးယားဂိုဏ်းတွေ ဖြစ်နေခြင်းပါပဲ။
သုတေသီ မာတီ ဟားဗစ်ခ် (Marte Havik) ရဲ့ တွေ့ရှိချက်အတိုင်းဆိုရင် သတင်းဌာနတခုအတွက် အဓိက စိန်ခေါ်ချက်ဟာ ငွေကြေးနဲ့ တခြားကိစ္စတွေ မဟုတ်ဘဲ သတင်းသမားတွေရဲ့ လုံခြုံရေးဖြစ်တယ်လို့ ပြောပါတယ်။ ပဋိပက္ခ ဖြစ်နေတဲ့ဒေသမှာ သတင်းယူမယ့် သတင်းထောက်တွေအတွက် ရှေးဦးသူနာပြုသင်တန်း၊ လုံခြုံရေးသင်တန်း၊ အသက်အာမခံတွေကို အသေအချာ လုပ်ပေးစေချင်တယ်လို့ သူမေးမြန်းခွင့်ရခဲ့တဲ့ သတင်းထောက်တွေက ပြောတယ်လို့ ဆိုထားပါတယ်။
ကျနော်တို့ မြန်မာနိုင်ငံမှာရော သတင်းသမားတွေကို တွေ့ဆုံမေးမြန်းပြီး သုတေသန လုပ်တာမျိုး ရှိပါရဲ့လား။ တက္ကသိုလ်တွေမှာ မီဒီယာဌာန အသေအချာ ရှိပါရဲ့လား။ ထားတော့။ ဒါတွေက အစိုးရဘက်က တာဝန်ယူရမယ့် အပိုင်းပါ။ သတင်းသမားတွေ ကိုယ်တိုင် ပါဝင်ဖွဲ့စည်းထားတဲ့ ဂျာနယ်လစ်ကွန်ရက်တို့၊ စာနယ်ဇင်းကောင်စီ (ယာယီ) တို့မှာရော သတင်းသမား ကာကွယ်ရေးနဲ့ ပတ်သက်ပြီး မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ ရှိပါရဲ့လား။
ဦးသိန်းစိန်အစိုးရ လက်ထက် အစောပိုင်းကာလတွေမှာ သတင်းလွတ်လပ်ခွင့် တိုးတက်လာတယ်ဆိုပေမယ့် သတင်းသမားအခွင့်အရေး တိုးတက်လာတာမျိုးတော့ မတွေ့မိသေးပါ။ လောလောဆယ် သတင်းထောက် ၁၀ ဦး ဖမ်းဆီးထောင်ချခံထားရပါတယ်။ ပြန်ကြားရေးဝန်ကြီး ကိုယ်တိုင်က ဂျာနယ်တွေကို တရားစွဲဆိုထားပါတယ်။ အခုတော့ အလွတ် သတင်းထောက်ကိုပါ ပစ်သတ်တဲ့အဆင့်အထိ ရောက်လာတယ်ဆိုတော့ နဝတ၊ မဆလ ခေတ်ထက်တောင် အခြေနေက ပိုဆိုးသွားတယ်လို့ ပြောနိုင်ပါတယ်။
တခါ သတင်းထောက်အခွင့်ရေးကို ပြောမယ်ဆိုရင် ပြန်ကြားဌာနတခုတည်းနဲ့ မဆိုင်တော့ဘဲ အလုပ်သမားဌာနတို့၊ အခွန်ဌာနတို့ အပါဝင် ဌာနအတော်များများနဲ့ ဆက်စပ်နေမယ်လို့ ထင်ပါတယ်။
ဥပမာ သတင်းစာတိုက်၊ ဂျာနယ်တိုက်တွေ အများကြီးပေါ်လာပေမယ့် အဲဒီ သတင်းစာတိုက်တွေဟာ ဘယ်လို အဆင့်တန်းရှိရမယ်။ ဝန်ထမ်းဘယ်နှဦး ခန့်ရမယ်။ ဝန်ထမ်းတွေကို ဘယ်လိုအဆင့်တန်းနဲ့အညီ ထားရမယ်။ သတင်းထောက်တွေကို ဘယ်လို လစာပေးရမယ်၊ ဘယ်လို တာဝန်ခံရမယ်၊ အသက်အာမခံကြေး အပါအဝင် သတင်းထောက်အတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှု ရှိမရှိ ဘယ်အဖွဲ့စည်းတွေ တာဝန်ယူ စစ်ဆေးနေသလဲ။
တခါ သတင်းထောက်တွေကို ဘယ်လို မှတ်ပုံတင်လုပ်ပေးသလဲ။ အလွတ်သတင်းထောက်ကိုရော ဘယ်လို သတ်မှတ်သလဲ။ အစိုးရဆီ အခွန်ဘယ်လို ဆောင်သလဲ။ အစိုးရဘက်ကရော သတင်းထောက်တွေအတွက် ဘာလုပ်ပေးသလဲ။ ပြန်ကြားရေး ဝန်ကြီးဌာန ကိုယ်တိုင်မှာရော တနိုင်ငံလုံးက သတင်းထောက်စာရင်း ရှိပါရဲ့လား။ စသဖြင့် စဉ်းစားစရာတွေ အများကြီး ပေါ်လာပါတယ်။
အနှစ်ပြန်ချုပ်ရမယ် ဆိုရင်တော့ ဒီမိုကရေစီ လိုလားသူတွေ၊ သတင်းလွတ်လပ်ခွင့် လိုလားသူတွေဟာ ဒီမိုကရေစီ အခွင့်ရေးနဲ့ သတင်လွတ်လပ်ခွင့်ကို တောင်းဆိုတာ အပြင် ဒီမိုကရေစီတိုက်ပွဲ၊ သတင်းလွတ်လပ်ခွင့် တိုက်ပွဲအတွင်း ပါဝင်ခဲ့သူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေ၊ ကျဆုံးသွားသူတွေအတွက် ဘယ်လို တာဝန်ယူပေးမလဲ ဆိုတာကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုလာနေပါတယ်။
အရင်က မစဉ်းစားဖြစ်ရင်တောင် အခုစဉ်းစားဖို့ လိုလာပါပြီ။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဖွဲ့စည်းကာစ သတင်းအဖွဲ့တွေ၊ မီဒီယာအဖွဲ့တွေဟာ သတင်းလွတ်လပ်ခွင့် တောင်းဆိုတာအပြင် သတင်းသမား ကာကွယ်ရေးအတွက် ဘာလုပ်ပေးကြမလဲ ဆိုတာကိုပါ အသေအချာ စဉ်းစားဖို့ လိုလာနေပြီ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဒီလို သတင်းအဖွဲ့ထဲမှာ မပါသေးတဲ့ သတင်းသမားတွေ၊ သတင်းစာတိုက်၊ ဂျာနယ်တိုက်တွေကလည်း ဒီအဖွဲ့တွေထဲ ဝင်ရောက်တာဝန်ထမ်းပြီး သတင်သမားကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။
အလားတူ မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့်အတွက် အကူညီပေးနေပါတယ်ဆိုတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အစိုးရတွေအနေနဲ့လည်း သတင်းထောက်သင်တန်း ပေးဖို့ချည်း လုပ်မနေဘဲ သင်တန်းပေးလိုက်တဲ့ သတင်းထောက်တွေရဲ့ လုံခြုံရေးအတွက်ပါ ထည့်သွင်းစဉ်းစားဖို့ လိုလာနေပါတယ်။
သတင်းထောက်တွေရဲ့ လုပ်ငန်းခွင်အခြေအနေ ဘယ်လိုရှိသလဲ။ လစာနဲ့ တခြား အခွင့်အရေးတွေ ဘယ်လို ပေးထားသလဲ။ အသက်အာမခံကြေး အပါအဝင် ထိခိုက်ဒဏ်ရာရမှု အတွက် ဘယ်လိုမူတွေ၊ လုပ်ထုံးလုပ်နည်းတွေ ရှိသလဲ။ ဒါတွေကို အသေချာစဉ်းစားဖို့ လိုပါတယ်။
အချိန်ယူလုပ်ရမယ့် အဲဒီလုပ်ငန်းစဉ်တွေ မတိုင်မီ အခုလောလောဆယ် ထလုပ်သင့်တာကတော့ မီဒီယာလွတ်လပ်ခွင့် အဖွဲ့အစည်းတွေ၊ နာမည်ကြီး သတင်းစာတိုက်၊ ဂျာနယ်တိုက်တွေ အားလုံး စုစည်းပြီးဖြစ်စေ၊ မစုစည်းနိုင်ရင်လည်း သီးခြားစီဖြစ်စေ အသတ်ခံလိုက်ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီးအတွက် တစုံတရာထုတ်ပြောဖို့ အရေးပေါ် လိုအပ်နေပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။