“ကျမ သမ္မတရွေးကောက်ပွဲ ဝင်မယ်” လို့ ဧပြီလ ၁၂ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန် တရားဝင်ကြေညာခဲ့ပါတယ်။ သမ္မတလုပ်ဖို့ ဟီလာရီ ကြိုးပမ်းတာ ကြာခဲ့ပါပြီ။ ၂၀၀၈ တုန်းက နိုင်လုနီးနီးဖြစ်ခဲ့ရပြီး အခုလည်း နိုင်ခြေ အများကြီးရှိတဲ့ ကိုယ်စားလှယ်ပါ။ ဟီလာရီနဲ့ သူ့ခင်ပွန်း သမ္မတဟောင်း ကလင်တန်တို့မှာ ရွေးကောက်ပွဲ အောင်နိုင်ရေး ယန္တရားကလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ ဒီယန္တရားကို စက်နှိုးလိုက်တာနဲ့ နိုင်ငံရေးရံပုံငွေတွေ စီးဝင်လာမယ်၊ လူကြိုက်မယ့် စကားလုံးတွေ မီဒီယာတွေဆီ ထွက်ကျလာမယ်၊ ပြိုင်ဘက်တွေကို နင်းချေပစ်ဖို့ အားထုတ်တော့မှာ ဖြစ်ပါတယ်။ အခုကိုပဲ ပြည်နယ် ၅၀ လုံးမှာ ဒီမိုကရက်ပါတီ အောက်ခြေထု စည်းရုံးရေးတွေ စတင်နေပါပြီ။ ဟီလာရီကို တားဆီးမရနိုင်ဘူးလို့ တချို့က ထင်ကြေးပေးပါတယ်။
ဒါပေမယ့် ၂၀၀၈ တုန်းကလည်း အခုလိုပဲ အလားအလာ ကောင်းပေမယ့် နိုင်ငံရေးမျက်နှာသစ် အိလိနွိုက်ပြည်နယ်က ငယ်ရွယ်တဲ့ အထက်လွှတ်တော်အမတ် ဘားရက်အိုဘားမားကို ရှုံးခဲ့တာပါ။ ဒီမိုကရက်ပါတီရဲ့ သမ္မတ ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲမှာ အခြေခံကျတဲ့ အိုင်အိုဝါညီလာခံမတိုင်မီ တလအလို တနိုင်ငံလုံး သဘောထားမှာ ဟီလာရီက တခြားကိုယ်စားလှယ်လောင်းတွေထက် အမှတ် ၂၀ ပိုသာခဲ့ပါတယ်။ ဟီလာရီဟာ အလုပ်ကြိုးစားပြီး စည်းမျဉ်းစည်းကမ်းကြီးပေမယ့် အိုဘားမားလို စိတ်လှုပ်ရှားတက်ကြွအောင် မစည်းရုံးနိုင်ပါဘူး။ အခုတကြိမ်မှာတော့ ဟီလာရီနဲ့ အကြိတ်အနယ်ဖြစ်မယ့် ပါတီတွင်းပြိုင်ဘက် မပေါ်သေးပါဘူး။ ဒါပေမယ့် အချိန်က စကားပြောပါလိမ့်မယ်။ The Economist မဂ္ဂဇင်းက ရေးတာက အမေရိကန် ဒီမိုကရက် အောက်ခြေမဲဆန္ဒရှင်တွေ လိုချင်တာက “ရွေးချယ်မှုတခု”သာဖြစ်ပြီး “ထီးနန်းလွှဲ”တာ မဟုတ်ဘူးတဲ့။
အားသာချက်
သမ္မတလောင်းတွေရဲ့ ပွဲဦးထွက်မိန့်ခွန်းတွေဟာ အရေးပါပါတယ်။ ၂၀၀၈ မှာ အိုဘားမားတုန်းက အီဘရာဟင်လင်ကွန်းရဲ့ စွမ်းဆောင်မှုတွေကို ပြန်ပြောင်းသတိရစေပြီး “မတူကွဲပြားတဲ့ အိမ်မှာ အတူတကွ ရပ်တည်ကြ”ဆိုပြီး ဟစ်ကြွေးခဲ့ပြီး လူမျိုးကွဲ၊ ဘာသာကွဲ မဲတွေရအောင် ဆွယ်တယ်။ ၁၉၈၀ မစ္စစပီမှာ ရော်နယ်လ်ရေဂင်က “ပြည်နယ်တွေရဲ့ အခွင့်အရေး”ကို ဇောင်းတင်ခဲ့ပြီး အမေရိကန် တောင်ပိုင်း ပြည်နယ်တွေက လူဖြူတွေရဲ့ မဲကို ခိုင်မာစေခဲ့တယ်။
အခု ဟီလာရီက ၂၀၁၆ သမ္မတ ရွေးကောက်ပွဲ ဝင်မယ်လို့ ကြေညာအပြီး ပထမဆုံး လူရှေ့မိန့်ခွန်းကို နယူးယောက်မြို့ Women in the World Summit ကမ္ဘာ့ထိပ်သီး အမျိုးသမီးညီလာခံမှာ ဖြစ်ပါတယ်။ အမျိုးသမီးအခွင့်အရေး၊ တန်းတူလစာရရှိရေး၊ လိင်အမြတ်ထုတ်မှုတွေကို ဆွေးနွေးပြီး “အမျိုးသမီးတွေ နောက်ကျရင် ကျမတို့ တိုင်းပြည်နောက်ကျမယ်။ အမျိုးသမီးတွေ ရှေ့ရောက်ရင် အားလုံး ရှေ့ရောက်မယ်” လို့ ပြောပါတယ်။ အမျိုးသမီးမဲဆန္ဒရှင်တွေက အခြေခံအကျဆုံး အရေးအပါဆုံးမို့ ၂၀၀၈ တုန်းကလည်း ရောင်းကောင်းခဲ့တဲ့ ပစ္စည်းကို ပြန်ရောင်းပါတယ်။ ဟီလာရီ သမ္မတဖြစ်ရင် အမေရိကန်ရဲ့ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်လာမယ် မဟုတ်လား။
ဟီလာရီဟာ အမေရိကန်နိုင်ငံရေးလောကမှာ လုပ်ရည်ကိုင်ရည်ရှိပြီး အတွေ့အကြုံများတယ်လို့ ထောက်ခံသူတွေက ဆိုကြတယ်။ တကယ်လည်း နိုင်ငံခြားရေးဝန်ကြီးဘဝနဲ့ မိုင်ပေါင်းတသန်းနီးပါး ပျံသန်းခဲ့ရပြီး နိုင်ငံ ၁၁၂ နိုင်ငံက အစိုးရတွေနဲ့ တွေ့ခဲ့ရတယ်။ သူ့ခင်ပွန်း ကလင်တန် သမ္မတဖြစ်စဉ် ၈ နှစ်တာကာလအတွင်း အနီးကပ်အကြံပေးခဲ့ရပြီး အထက်လွှတ်တော်အမတ်ဘဝနဲ့ ဒီမိုကရက်ရော ရီပတ်ဘလီကန်ပါ ၂ ပါတီစလုံးရဲ့ အမတ်တွေနဲ့ ဆွေးနွေးတိုင်ပင် ဥပဒေပြုရတဲ့ နိုင်ငံရေးသမားကျင့်စဉ်ကို ကျင့်ခဲ့ရတယ်။ ၂ ပါတီကြား ညှိနှိုင်းသဘောတူညီချက် ရှာဖွေလုပ်ကိုင်ရာမှာ သမ္မတအိုဘားမားထက် ပိုအလုပ်ဖြစ်နိုင်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းကလည်း ယုံကြည်ကြပါတယ်။
ဒါပေမယ့် ဒီလိုလုပ်ရည်ကိုင်ရည်ရှိပြီး အတွေ့အကြုံများသူဟာ ဘာကို ယုံကြည်သလဲဆိုတာ မရှင်းလင်းလှဘူးလို့ The Economist မဂ္ဂဇင်းက ရေးပါတယ်။ နိုင်ငံခြားရေးပေါ်လစီမှာ သူဟာ လက်တွေ့သမား (Realist) လည်း မဟုတ်၊ စံတန်ဖိုးထိန်းသူ (Idealist) လည်း မဟုတ်ပဲ “စံတန်ဖိုးထိန်းလိုတဲ့ လက်တွေ့သမား (Idealistic realist)” လို့ ဆိုဖူးပါတယ်။ မကြာခင်ကထွက်တဲ့ သူ့စာအုပ်ထဲမှာ “လွတ်လပ်တဲ့လူတွေအတွက် လွတ်လပ်တဲ့ဈေးကွက်ရဲ့ အမေရိကန်ပုံစံ” ကို ချီးမြှောက်ပါတယ်။ ဒါပေမယ့် ပါတီတွင်းက လက်ဝဲအင်အားတွေကို မိန့်ခွန်းပြောရာမှာတော့ “ကော်ပိုရေးရှင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အလုပ်အကိုင် ဖန်တီးတယ်ဆိုတာ ဘယ်သူကမှ ရှင်တို့ကို မပြောစေနဲ့” လို့ ဆိုပါတယ်။
ပါတီတွင်း လက်ယာယိမ်းတွေက ဟီလာရီဟာ အာဏာမက်တဲ့ လက်ဝဲယိမ်းလို့ မြင်ပြီး လက်ဝဲသမားတွေက သူဟာ Wall Street နဲ့ နီးစပ်တယ် (ဟီလာရီ ရွေးကောက်ပွဲ အောင်နိုင်ရေး ဒေါ်လာ ၁ ဘီလီယံ ရံပုံငွေ ရနိုင်ဖို့ ဟောကိန်းထုတ်နေကြတယ်)၊ သာမာန်ပြည်သူတွေနဲ့ မစပ်တော့ဘူး (၁၉၇၉ ခုနှစ်ကတည်းက သူ့ခင်ပွန်းနဲ့အတူ ပြည်နယ်အုပ်ချုပ်ရေးမှူး နေရတဲ့ အိမ်ကြီးအိမ်ကောင်းမှာ လိုက်နေသွားခဲ့ပြီ)၊ စစ်တိုက်ချင်သူ (အီရတ်စစ်ပွဲကို ထောက်ခံခဲ့တယ်) စသဖြင့် မြင်ကြပါတယ်။ ဒါဟာ အလယ်အလတ်သဘောထားရှိသူလို့ မဆိုနိုင်ဘူးလား။ အိုဘားမားတုန်းကလည်း မပြတ်သားဘူးလို့ ရွေးကောက်ပွဲမဲဆွယ်ကာလတွေမှာ အတိုက်အခိုက်ခံခဲ့ရတယ် မဟုတ်လားလို့ မေးစရာလည်း ရှိပါတယ်။
ဟီလာရီရဲ့ စီးပွားရေးအစီအစဉ်ကို ၂၀၀၈ ရွေးကောက်ပွဲတုန်းက ဟီလာရီချပြခဲ့တာကို The Economist မဂ္ဂဇင်းက ပြန်ကြည့်ပြီး ၁၉၉၀ နှစ်များအတွင်းက သူ့ခင်ပွန်းရဲ့ စီးပွားရေးပေါ်လစီကို (လွတ်လပ်တဲ့ ကုန်သွယ်ရေး စာချုပ်တွေ မချုပ်တော့ဘဲ) လက်ဝဲဘက် နည်းနည်းယိမ်းပြီး (အစိုးရက ကျန်းမာရေး အာမခံ ပိုပေးတဲ့) အိုဘားမားရဲ့ ပေါ်လစီနဲ့ အများကြီး ဆင်တူတယ်လို့ သုံးသပ်ပါတယ်။ မကြာသေးခင်ကပဲ စီးပွားရေးနိုဘဲလ်ဆုရှင် ဂျိုးဇက်စတစ်ဂလစ်က ရီပတ်ဘလီကန်ထက်စာရင် ဟီလာရီရဲ့ စီးပွားရေးမူဝါဒဟာ ရှင်းလင်းပြီး ပိုကောင်းတယ်လို့ ထောက်ခံချက် ပေးခဲ့တယ်။
ဟီလာရီအတွက် အရေးကြီးတာက အခုအချိန်မှာ ဒီမိုကရက်တွေကြားမှာ အမေရိကန်စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းကို ဘယ်လိုဇက်ကြိုးသပ်ပြီး မညီမျှမှုတွေကို ဘယ်လိုလျှော့ချမလဲဆိုတာ ဒေါသတကြီး ဆွေးနွေးနေတာပါ။ ဟီလာရီ နားထောင်တဲ့ ပညာရှင်အဖွဲ့ The Center for American Progress က မကြာခင်က “ပြည့်စုံတဲ့ အရင်းရှင်စနစ် (Inclusive capitalism)” လို့ခေါ်တဲ့ မြှင့်တင်ရမယ့် ပေါ်လစီတွေရဲ့ ဇယားတခုကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီအထဲမှာ အလုပ်သမားနဲ့ စီမံခန့်ခွဲသူတွေ အတူတကွပါဝင်မယ့် “အလုပ်ကောင်စီ” ဆိုတာမျိုး၊ ငယ်ရွယ်သူတွေအတွက် အလုပ်အကိုင် ဖန်တီးရေးအစီအစဉ်၊ အိမ်ဝယ် ကားဝယ်ရာမှာ အစိုးရက အထောက်အပံ့ပေးဖို့တွေ ပါဝင်ပါတယ်။ ဒီအကြံပြုချက်ကို ဟီလာရီ သဘောကျသလား။ အသေးစိတ်ကတော့ မကြာခင် ဖြေရပါလိမ့်မယ်။
အားနည်းချက်
ဟီလာရီကလင်တန် အနိုင်ရနိုင်ပါ့မလားလို့ သံသယဝင်နိုင်စရာ ၂ ချက် ကြီးကြီးမားမားရှိနေပါတယ်။ တချို့က သူ့ကို မယုံရဘူးလို့ ပြောကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဘဝက သူ့အီးမေးလ်တွေကို အစိုးရရဲ့ ဆာဗာကို မသုံးဘဲ သူ့ပုဂ္ဂလိက ဆာဗာကို သုံးပြီး ပို့ပါတယ်။ မလိုချင်တဲ့စာတွေကို ဖျက်ပစ်ပြီး လိုချင်တဲ့ စာတွေပဲ သိမ်းထားခဲ့တာကို ထောက်ပြပြီး သူ ဘာကြောင့် ဒီလိုလျှို့ဝှက်ရသလဲ မေးခွန်းထုတ်ပါတယ်။
နောက်တချက်ကတော့ ဟီလာရီ စိတ်အေးလို့ မရတဲ့ အချက်ပါ။ ကလင်တန် လင်မယားဟာ အမေရိကန်နိုင်ငံရေးလောကမှာ လုပ်ကိုင်လာတာ ကြာလှပြီဖြစ်လို့ အသစ်အဆန်းကြိုက်တဲ့ အမေရိကန်တွေအတွက် ဟီလာရီဟာ ကုန်ပစ္စည်းဟောင်းတခု ဖြစ်ပါတယ်။ လင်ပြီး မယားက သမ္မတလုပ်ပြန်ဆိုတဲ့ ဆွေစဉ်မျိုးဆက် မိသားစု နိုင်ငံရေးဟာ သန်စွမ်းတဲ့ နိုင်ငံရေး မဟုတ်ဘူးလို့ ယုံကြည်သူ အမြောက်အမြားရှိနေပါတယ်။ ရီပတ်ဘလီကန်ဘက်က ကိုယ်စားလှယ်လောင်းတွေမှာ သမ္မတဟောင်း ဂျော့ဘုရှ်ရဲ့ရဲ့ သားကြီး ဂျက်ဘ်ဘုရှ်လည်း ပါဝင်လာနိုင်တာနဲ့ ပေါင်းစပ်ရည်ညွှန်းပြီး သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ဂယ်ရီဟာ့တ်က အမေရိကန်နိုင်ငံရေး ဝက်ဘ်စိုက် Politico ကို “မိသားစု ၂ စုကပဲ အုပ်ချုပ်နိုင်တယ်ဆိုတာမျိုးထိ ကျနော်တို့ ဆွဲမချသွားသင့်ဘူး”လို့ ပြောပါတယ်။
ရွေးကောက်ပွဲအောင်နိုင်ရေး ကန်ပိန်းတွေကတော့ စနေပါပြီ။ သမ္မတနေရာနဲ့ထိုက်တန်၏ မထိုက်တန်၏ ဆုံးဖြတ်မယ့် အမေရိကန် မဲဆန္ဒရှင်တွေရဲ့ အသည်းကြားက မဲကို ဟီလာရီ စွဲဆောင်နိုင်မလား။ ဟီလာရီရဲ့ တောင်ကုန်းသိမ်းပွဲက လွယ်လွယ်ကူကူတော့ မဟုတ်ပါ။