ရှမ်းနီ လူမျိုးများသည် မြန်မာနိုင်ငံ လွတ်လပ်ရေး မရရှိခင်ကတည်း ကိုယ့်ထီး ကိုယ့်နန်းဖြင့် နေထိုင်၍ ရှမ်းနီ ဒေသကို အုပ်ချုပ်ခဲ့ကြပြီး လွတ်လပ်ရေး ရပြီး နောက်ပိုင်း စော်ဘွား အရိုက်အရာများ စွန့်လွှတ်ခဲ့ရသလို ရှမ်းနီ ဒေသကိုလည်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ၂ ပိုင်း ခွဲခြား၍ ထည့်သွင်းခြင်း ခံခဲ့ရသည်။
ထို့နောက် ရှမ်းနီ လူမျိုးများသည် နယ်မြေ ဆုံးရှုံးသွားခဲ့ရပြီး တခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီး အတွင်း နေထိုင် နေကြလျက်ရှိသည်။ နယ်မြေများ ဆုံးရှုံးသွားခဲ့ရသလို ရှမ်းနီလူမျိုးဆိုသော လူမျိုး အမည်သည်လည်း ဖျောက်ဖျက်ခြင်း ခံနေရပြီး အမေ့ခံ ဘဝသို့ ရောက်ရှိနေကြသည်။
အဆိုပါ အခြေအနေများကြောင့် ရှမ်းနီလူမျိုးများသည် ရှမ်းနီပြည်နယ် ပြန်လည် ရရှိရေးနှင့် ရှမ်းနီလူမျိုးဆိုသည့် အပေါ် အသိအမှတ်ပြုနိုင်ရေး ရှမ်းနီပါတီနှင့် ရှမ်းနီလက်နက်ကိုင်တို့ကို ဖွဲ့စည်း၍ ကြိုးပမ်း ဆောင်ရွက် လာကြသည်ဟု ဆိုသည်။
ထိုကြောင့် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုး တက်ရေး ပါတီ (TNDP) ၏ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ ပထမဆုံး သိချင်တာက ရှမ်းနီလူမျိုးတွေ ရှိနေတယ်။ ဒါပေမယ့် ရှမ်းနီလူမျိုးက အမေ့ခံ ပုံစံမျိုး ဖြစ်နေတယ်။ အဲဒါ ဘာကြောင့်လဲ၊ ဘယ်လို ပုံစံမျိုးတွေ ဖြစ်နေလဲ အစိုးရက အသိအမှတ်ပြုစေရန် ဘယ်လို လုပ်ဆောင်နေသလဲ။
ဖြေ။ ။ ရှမ်းနီတွေက အမေ့ခံ ဖြစ်နေတယ် ဆိုတာ သမိုင်းပြန်လှန်ပြီး ပြောကြရတော့မှာပေါ့။ ဟိုးယခင်တုန်းက ကျနော်တို့ က အင်အားကြီးပြီး မြန်မာပြည်ကို အုပ်စိုးခဲ့တာ။ မြန်မာပြည်မှာ တိုင်းရင်းသား ဘယ်လောက်ပဲ များတယ် ပြောရင် ပြောပါ စေ။ မင်း ဖြစ်ပြီးတော့ ကိုယ့်ထီး ကိုယ့်နန်းနဲ့ အုပ်ချုပ်နိုင်ခဲ့တာ လူမျိုး ၄ မျိုးပဲ ရှိပါတယ်။ အဲဒီမှာ ရှမ်းဆိုတဲ့ စကားလုံးမှာ ကျနော်တို့ ရှမ်းနီတွေပါ။
ဒီ ဗမာ အင်ပါယာကြီးကို ကျနော်တို့ ခဏခဏ သိမ်းပိုက်ပြီးမှ အုပ်ချုပ်တာ ကျနော်တို့ ရှမ်းနီတွေပါ။ ပထမ ရှမ်း ခေတ်၊ ဒုတိယ ရှမ်းခေတ်ကို တည်ထောင်ခဲ့တာ ကျနော်တို့ ရှမ်းနီတွေပါ။ ဒုတိယ ရှမ်းခေတ် ကုန်သွားပြီး နောက်ပိုင်းမှာမှ ကျနော် တို့ ရှမ်းနီတွေဟာ တဖြည်းဖြည်းနဲ့ ဖိနှိပ်ခြင်းကို ခံခဲ့ရတာပေါ့။ စုစည်းမှု အားနည်းလာခဲ့တယ်။ နောက် အင်္ဂလိပ် လက် အောက် ရောက်တယ်။ ဝန်းသိုစော်ဘွား ဦးအောင်မြတ်က အင်္ဂလိပ်ကို တော်လှန်တယ်။ အဲဒီအခါကျတော့ အင်္ဂလိပ်က ကျနော်တို့ကို ဖိနှိပ်ပြန်တယ်။
နောက် လွတ်လပ်ရေး ရပြန်တော့ ကျနော်တို့ နိုင်ငံရေးမှာ ဝင်မစွက်တဲ့ အခါ လွတ်လပ်ရေးက ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေ ရေးဆွဲတဲ့ အချိန် ကျနော်တို့ လူမျိုးရေးတွေ ဘာမှ မပါတော့ဘူး။ အဲဒီအခါကျတော့ ကချင်ပြည်နယ် ဖွဲ့စည်းပုံ ဆိုတာ အဲဒီ မှာ သီးသန့် ထွက်လာတယ်။ ၁၉၄၇ အခြေခံ ဥပဒေအရ သီးသန့် ထွက်လာတဲ့ အခါမှာ ပုဒ်မ ၁၇၃ မှာ ကချင် လူမျိုးသာ ဥက္ကဋ္ဌ ဖြစ်ရမယ်ဆိုတာ ပြဌာန်းလိုက်တယ်။ ပုဒ်မ ၁၇၄ ခြွင်းချက်မှာ ကျတော့ ကချင်ပြည်နယ်သည် ကချင်လူမျိုးများနှင့် ကချင်မဟုတ်သော လူမျိုးများ နန်းကချင်လူမျိုးများ နေထိုင်ကြ။ အဲဒီမှာ ကျနော်တို့ လူမျိုးကို ဖျောက်ပစ်လိုက်တာ။
လွတ်လပ်ရေး ရပြီးတဲ့အခါမှာလည်း ကျနော်တို့လူမျိုးက စစ်ကိုင်းတိုင်းထဲမှာ တပိုင်း၊ ကချင်ပြည်နယ်က တပိုင်း ကျနော် တို့ နယ်မြေကို ၂ ပိုင်း ခွဲပြီးတော့မှ ဖြစ်သွားပါတယ်။ ရှမ်းနီတွေဟာ နယ်မြေ ခွဲခြား အုပ်ချုပ်ခြင်းခံရတဲ့ အခါကျတော့ စိတ် လေးတွေ ဝေးသွားကြတာပေါ့။ ခံစားချက်လည်း ကွာသွားကြပါတယ်။
ဒါကြောင့်မို့လို့ ကျနော်တို့တွေက နိုင်ငံရေး အသိစိတ်ဓာတ် နိုးကြားတဲ့အခါမှာ ငါတို့ ပါတီထောင်ပြီးလုပ်မှ တိုင်းရင်းသား တွေ ပြန်စုစည်းနိုင်မယ် ဆိုပြီးမှ ကျနော်တို့ နိုင်ငံရေးပါတီ တရပ်ကို တည်ထောင်ခဲ့ရတာပါ။ အဲဒီ နိုင်ငံရေး ပါတီ တည် ထောင်ပြီးမှ ကျနော်တို့ အလုပ်လုပ်ပါတယ်။ အခက်အခဲမြောက်များစွာ ကျော်လွှားရပါတယ်။
ရှမ်းနီတွေရဲ့ မနိုးကြားတဲ့ နိုင်ငံရေး။ နိုင်ငံရေးဆိုတာ အကြောက်တရားလို့ သူတို့ ထင်နေကြတယ်။ ထင်နေကြတာကို မကြောက်အောင် ကျနော်တို့က ပြောနေတာ။ အောက်ခြေကနေ စပြီး လုပ်ရတဲ့ အပိုင်းဖြစ်တာပေါ့။ သူများ လူမျိုးတွေနဲ့ မတူပါဘူး။ ပိုပြီးတော့မှ အလုပ်လုပ်ရပါတယ်။
မေး။ ။ ရှမ်းနီဒေသဟာ စစ်ကိုင်းနဲ့ ကချင်ထဲမှာ ၂ ပိုင်းခွဲလိုက်တယ်ပေါ့နော်။ ဒီဟာကို တစုတစည်းတည်း ဖြစ်အောင် လုပ်နေတယ်လို့ သိရတယ်။ ဘယ်လို ပုံစံမျိုး လုပ်နေလဲဗျ။ အခြေအနေ ဘယ်လောက်ထိ တိုးတက်မှု ရှိနေလဲ။ အစိုးရ ဘက်က ဘယ်လောက် အတိုင်းအတာထိ အသိအမှတ် ပြုလာပြီလဲ။
ဖြေ။ ။ နံပါတ် ၁ အခြေအနေကတော့ ကျနော်တို့က လူမျိုးနာမည်တောင် ဖော်ခွင့်မရတဲ့ အခြေအနေကို ရောက်သွား တာပေါ့။ ၁၉၄၇ ကနေ စပြီးတော့။ အဲဒါ ရှမ်းနီလို့ မခေါ်ရဲအောင်ပေါ့။ တိုင်လျန်းတို့၊ တိုင်းလိုင်တို့နဲ့ပဲ ကျနော်တို့ စခန်း သွားကြရတာပေါ့။
အခု ဒီကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ခွဲသွားတဲ့ ကိစ္စအပေါ်မှာတော့ ကျနော်တို့ အနေနဲ့ ပြန်လည် စုစည်းအောင် ပြန်လည် ကြိုးစားနေပါတယ်။ အစိုးရဘက်ကနေ ဘယ်လောက်အထိ အသိအမှတ်ပြုလဲဆိုတဲ့ အခန်းကဏ္ဍကတော့ ကျနော်တို့ လုပ်ဆောင်မှုနဲ့ဆိုင်မယ်။ ဟိုယခင်တုန်းက ပါတီ မတည်ထောင်ခင်တုန်းက ရှမ်းနီဆိုတာ လူတွေ မခေါ်ရဲ ကြဘူး။
ပါတီထောင်ပြီး နောက်ပိုင်းမှ ရှမ်းနီဆိုတာ တွင်တွင်ကျယ်ကျယ် ဖြစ်လာတယ်။ ကျနော်တို့ အတွက် အောင်မြင်မှုတခုပေါ့။ နောက်တခုက ကျနော်တို့ကို တိုက်ခိုက်မှုတွေကတော့ ရင်ဆိုင်နေရတုန်းပဲ။ ဒါကတော့ သမာန်ရိုးကျလို့ ကျနော်တို့ သဘောထားတယ်။ ကျနော်တို့ လုပ်ငန်း အောင်မြင်ဖို့ပဲ ကြိုးစားနေပါတယ်။
အောင်မြင်မှုကတော့ အားနည်းသေးတယ်လို့ ပြောရမှာပါ။ ရှမ်းနီလူမျိုးက တွင်တွင်ကျယ်ကျယ်တော့ ပေါ်လာပြီး အစိုးရ အသိအမှတ်ပြုအောင် လုပ်ရဦးမှာပါ။ အဲဒီအခါကျတော့ လွှတ်တော်ထဲမှာ တင်ရမယ်။ ကျနော်တို့က လွှတ်တော် ကိုယ်စား လှယ် ပြည်ထောင်စု လွှတ်တော်ထဲမှာ မရဘူး။ ပြည်ထောင်စု လွှတ်တော်မှာ တင်ပြီးတော့ ဆုံးဖြတ်ချက် ခံယူရမှာပါ။
အဲဒီအခါကျတော့ မြန်မာနိုင်ငံ ပြန်တမ်းနဲ့ ထုတ်ပြန်ပေးမှာ ဖြစ်တဲ့အတွက်ကြောင့် ယနေ့ ၂၀၂၀ မှာလည်း ကျနော်တို့ လွှတ်တော်မှာ ကိုယ်စားလှယ်ရအောင် ကြိုးစားမယ်။ ရအောင် ကြိုးစားပြီးတော့ လွှတ်တော်မှာ တင်ဖို့တော့ ရှိပါတယ်။ ရှမ်းနီလူမျိုး သတ်မှတ်ပေးဖို့ပေါ့။ အဲဒါလေးတော့ ပြင်ဆင် နေတယ်ဆိုတဲ့ အကြောင်းလေး ပြောချင်ပါတယ်။
မေး။ ။ ရှမ်းနီအမျိုးသားများ တပ်မတော်(SNA) ရှိတယ်လို့ ကြားရတယ်။ အဲဒါ ဘယ်လို ပေါ်ပေါက်လာတာလဲ။ သူ့ရဲ့ ရပ်တည်ချက်က ဘာလဲ။
ဖြေ။ ။ သူ့ရဲ့ ရည်ရွယ်ချက် ကောင်းပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကဏ္ဍတွေ လုပ်မယ်။ ကိုယ့်လူမျိုး ကိုယ့်ပြည် နယ် ရရှိအောင် လုပ်မယ်။ နောက်တခုက သံယဇာတတွေ ပျက်စီးမှု ထိန်းသိမ်းမှာတို့၊ သူတို့ရဲ့ ရည်ရွယ်ချက်တွေ တော် တော် ကောင်းပါတယ်။
သူတို့ ဘယ်လို ပေါ်ပေါက် လာသလဲ ဆိုတဲ့အခါ ခုနက ကျနော်ပြောတဲ့ အချက်အလက်တွေနဲ့ ခပ်ဆင်ဆင်ပါ။ SNA ပေါ် ပေါက်လာတဲ့ အကြောင်းအရင်းပေါ့။ ဒါ သူတို့ ခံစားချက်ပေါ့။ ကျနော်တို့ နိုင်ငံရေး ပါတီက တပိုင်း။ သူတို့က လက်နက် ကိုင်တဲ့ လိုင်း။ လက်နက်ကိုင်တဲ့ လိုင်းဆိုတာ သူ့ဝါဒနဲ့ သူတို့ ကိုင်သွားကြတာပေါ့။ ကျနော်တို့လည်း တော်တော် ခံစားခဲ့ ကြရပါတယ်။
ကျနော်တို့မှာ ကိုးကွယ်ရာ အဖေမရှိသလို ဖြစ်ခဲ့ရတယ်။ KIA ကချင်ဘက်က နှိပ်စက်လိုက်လို့ အစိုးရဘက်ကို သွားရင် လည်း အစိုးရဘက်က ကျနော်တို့ကို ကာကွယ်ပေးမှု မရှိဘူး။ အစိုးရဘက်က နှိပ်စက်လို့ တောထဲဝင်မယ် ဆိုရင်လည်း KIA က ကျနော်တို့ကို အသိအမှတ်မပြုဘူး။ အဲဒီအခါကျတော့ ဒီကြားထဲမှာ ကျနော်တို့ ညပ်နေတယ်။ မိဘမဲ့သားလို ဖြစ်နေတဲ့ အခါကျတော့ ငါတို့ အခွင့်အရေးက ဘာလဲဆိုတာ သိတဲ့ လူတွေကတော့ ဒါကို ဖော်ချင်တယ်။
ငါတို့က ဘာလုပ်ရမလဲ။ ဟိုတုန်းက နိုင်ငံရေးဆို လုံးဝ လုပ်လို့ မရဘူး။ ဒါကြောင့် သူတို့ လက်နက်ကိုင်ဖို့ စုစည်းကြတာ ပေါ့။ ဒါကတော့ လူမျိုး တမျိုးရဲ့ ထွက်ရပ်လမ်း တခုပဲလေ။ ဒါ သူတို့ ရည်ရွယ်ချက်တွေလည်း ကောင်းပါတယ်။ အမှန် ပြောရရင် ကျနော်တို့ ရည်ရွယ်ချက်တွေ တူပါတယ်။ တူတယ်ဆိုတာ ပြည်နယ်ရရှိရေး ဆိုတာ ကျနော်တို့လည်း ပြောခဲ့ တယ်။ သူတို့လည်း ဒါကို ပြောတယ်။
ဒါ လူမျိုး တမျိုးရဲ့ ထွက်ရပ်လမ်းကို ရှာတဲ့အခါမှာ သူတို့ဘက်က ကြိုးစားသလို ကျနော်တို့ဘက်ကလည်း ကြိုးစားပါတယ်။ ဒါ SNA ပေါ်ပေါက်လာတဲ့ အပေါ်မှာ ရှမ်းနီ ပြည်သူလူထု အနေနဲ့ကတော့ ထောက်ခံမှုအပိုင်း တော်တော်များများ ရှိနေပြီ ဆိုတဲ့ အတွက်ကြောင့် အားရဝမ်းသာမှု တခုတော့ ဖြစ်မိပါတယ်။
မေး။ ။ SNA ကို အခု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ မဖိတ်ခေါ်တာ တွေ့ရတယ်။ နောက်တခုက ရှမ်းနီတွေ အခွင့်အရေး နဲ့ ပတ်သက်ပြီး တောင်းဆို ဆွေးနွေးတာတွေမှာ သိပ်ပြီးတော့ တွင်တွင်ကျယ်ကျယ် မဖြစ်သေးတာ တွေ့ရတယ်။ အဲဒါ ဘာကြောင့်လဲ။
ဖြေ။ ။ SNA ကို မဖိတ်ခေါ်သေးဘူး ဆိုတာကတော့ အခုလောလောဆယ် နိုင်ငံတော်အတိုင်ပင်ခံ ပြောနေတဲ့ စကားရှိပါ တယ်။ အားလုံး ပါဝင်မှု။ အခု SNA ကတော့ သိတော့ သိတယ်။ အများကြီး မရှိသေးဘူး။ အမှန် ပြောမယ်ဆိုရင် SNA ပေါ်ပေါက်တာ AA (ရက္ခိုင့် တပ်မတော်)၊ အခု ပလောင် (တအန်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ထက်တောင် စောပါသေးတယ်။
သူ့ အနေနဲ့ကတော့ ပြောမယ်ဆိုရင် တပ်မတော်နဲ့ တိုက်ပွဲ မဖြစ်ရေး ကဏ္ဍတွေကို ရှောင်ရှားတယ်။ ကိုယ့်လူမျိုး အရေး ကိုပဲ အဓိက ဇောင်းပေးလုပ်နေတဲ့ အခါကျတော့ အဲဒါကြောင့်မို့လို့ အသိအမှတ် မပြုသေးတာလားပေါ့။ တိုက်ပွဲဖြစ်မှ အသိ အမှတ်ပြုတာလား ဆိုတဲ့အပေါ် စဉ်းစားမိလာတယ်။ တိုက်ပွဲဖြစ်ရင်တော့ ပြည်သူဒုက္ခ ရောက်မယ်။ တိုက်ပွဲ မဖြစ်တာဘဲ ကျနော်တို့ ဝမ်းသာပါတယ်။ အကောင်းဆုံး နည်းလမ်းနဲ့ ဒီဘက်ကို ပြန်ပြီးတော့ ဝင်စေချင်တယ်။ အားလုံး ပါဝင်မှုမှာ လည်း SNA အနေနဲ့ ပါလာစေချင်တာပေါ့ နိုင်ငံရေး ဆွေးနွေးမှုထဲကို ဒါက ကျနော့်ရဲ့ ဆန္ဒပါ၊ ကျနော်တို့ ပြည်သူလူထု လည်း အဲဒီလို မျှော်လင့်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။
မေး။ ။ ဒီဘက်မှာ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နေကြတယ်။ ပြီးရင် တန်းတူရေးလို့ ပြောနေတယ်။ အခု SNA ပါဝင်ခွင့် မရသေးဘူးဆိုတော့ အဲဒီ တန်းတူရေးဆိုတာကို ဘယ်လိုနားလည်ထားလဲ။
ဖြေ။ ။ ဒီတန်းတူရေး ဆိုတဲ့ဟာကတော့ အခု လောလောဆယ်တော့ မရှိသေးပါဘူး။ ဒါပေမယ့် ရှိအောင် ကြိုးစား နေပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ကိုယ်တိုင်က တန်းတူရေးကို။ တန်းတူရေး ရရှိမှ ဒီမိုကရေစီကို တည်ဆောက်လို့ ရမှာလေ။
အဲဒီ အတွက်ကြောင့် သူ့အနေနဲ့ အဲဒီလို တန်းတူရေး ရှိအောင် ကြိုးစားနေတဲ့ အထဲမှာ ဒါက နောက်တဆင့်မှာ ပါကောင်း ပါလာနိုင်ပါတယ်။ ကျနော်တို့ ဘက်ကလည်း အလုပ်လုပ် ကြရမှာပေါ့။ ဖက်ဒရယ်ဆိုတဲ့ အမျိုးက ကိုယ်မလုပ်ရင် ဘာမှ မရဘူး။ ကိုယ်လုပ်ရင်တော့ ကိုယ့်ရဲ့ အကျိုးရလဒ်ကတော့ ရပါလိမ့်မယ်။
မေး။ ။ ဒီကနေ ရှမ်းနီလူမျိုးတွေကို ဘာများ ပြောလိုပါသလဲ။
ဖြေ။ ။ ကျနော်တို့ ရှမ်းနီလူမျိုးတွေကို ပြောချင်တာ အခု ကျနော်တို့ ရှမ်းနီထဲမှာ သွေးကွဲနေတာ အများကြီးရှိတယ်။ တချို့ ရှမ်းနီလူမျိုးတွေကလည်း နိုင်ငံရေးနဲ့ ခပ်ဝေးဝေး နေကြတယ်။ နိုင်ငံရေးဆိုတာ ကျနော်တို့က ရှောင်လွှဲပေမယ့် ရှောင်လွှဲ ချင်ပေမယ့် နိုင်ငံရေးဆိုတာ ကျနော်တို့ တံခါးကို အမြဲတမ်း လာလာ ခေါက်ပါတယ်။
ဘာကြောင့်လဲဆိုတော့ လူဆိုတာ နိုင်ငံရေးရဲ့ သတ္တဝါပါ။ နိုင်ငံရေးရဲ့ သားကောင်တွေပါ။ ဒီနိုင်ငံအတွင်းမှာ နေတယ် ဆိုရင် ဒီနိုင်ငံ့ အရေးကို သိချင်တယ်။ အဲဒါကြောင့် နိုင်ငံရေးနဲ့ မပတ်သက်ရဘူး ဆိုပြီး ပြောတဲ့ လူမှုအဖွဲ့အစည်းတွေ အကုန်လုံးကို လည်း နိုင်ငံရေးက ဘာကြောင့်မို့လို့ဆိုတာ လေ့လာစေချင်ပါတယ်။ သုံးသပ် စေချင်ပါတယ်။
နိုင်ငံရေး နိုးကြားမှုတွေ ကိုယ့်အမျိုးသားထဲမှာ များများရှိမှ ကျနော်တို့ရဲ့ အခွင့်အရေးတွေရမှာ ဖြစ်ပါတယ်။ ဒါကနိုင်ငံရေး ဆွေးနွေးမှု မူဘောင်ထဲမှာ သွင်းနိုင်အောင် ကျနော်တို့ ကြိုးစားရပါလိမ့်မယ်။
အောက်ခြေမှာ ကျနော်တို့ အလဲလဲ အကွဲကွဲ ဖြစ်နေပြီ ဆိုရင်တော့ ကျနော်တို့တွေ အပေါ်မှာ ဆွေးနွေးရတာလည်း အင်မတန် ခက်ခဲပါတယ်။ အဲဒါကြောင့်မို့လို့ ရှမ်းနီ အမျိုးသား တခုလုံးက နိုင်ငံရေး နိုးနိုးကြားကြားနဲ့ ငါတို့ ဘယ်အခန်း ကဏ္ဍက ပါဝင်ပြီး ဆောင်ရွက်ရမလဲဆိုတာ ကျနော်တို့ ထိရောက် အောင်မြင်စွာ ဆောင်ရွက်စေချင်ပါတယ်။ ။