လက်ခစား လုပ်ငန်း (CMP) ဖြစ်သော အထည်ချုပ်ကဏ္ဍသည် တိုင်းပြည်ဝင်ငွေ အများဆုံး ရှာဖွေ ပေးနေသည့် ကဏ္ဍ တခု ဖြစ်ပြီး ၂၀၁၈ ခုနှစ်က ယင်းကဏ္ဍမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံနီးပါး ရရှိခဲ့သည်။
လက်ရှိတွင် အထည်ချုပ်ကဏ္ဍ၌ အလုပ်သမားဦးရေ ၅ သိန်းကျော်ရှိပြီး လာမည့်၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ အထည်ချုပ် ကဏ္ဍမှ ပို့ကုန် တန်ဖိုး ဒေါ်လာ ၁၀ ဘီလီယံ ရရှိကာ အလုပ်သမား ဦးရေ ၁၀ သိန်း အထိ တိုးမြင့် ခန့်ထားနိုင် ရန်လည်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းက မျှော်မှန်းထားသည်။
၂၀၁၈ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားသည့် ကိစ္စရပ်များ အပေါ် အခြေခံကာ ကုန်သွယ်မှု အထူးအခွင့်အ ရေး (Generalized System of Preferences- GSP) ကို ပြန်လည် ရုပ်သိမ်းရန် အတွက် ဥရောပသမဂ္ဂက စဉ်းစားသုံး သပ်လျက် ရှိကြောင်း သိရသည်။
အထည်ချုပ်၊ ထီး၊ ဖိနပ်၊ အိတ် အစရှိသော CMP လက်ခစား လုပ်ငန်းများတွင် နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံမှုမှာ ၁၉၈၈ ခုနှစ် မှ စတင်၍ ယခုအချိန်ထိ လုပ်ငန်းပေါင်း ၃၆၀ ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၁၂၂ သန်း ရရှိထားပြီး တရုတ်နှင့် ဟောင်ကောင်နိုင်ငံတို့မှ အများဆုံး ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ညွှန်ကြားမှု ဦးစီးဌာန စာရင်းများ တွင် ဖော်ပြထားသည်။
CMP လုပ်ငန်းများတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အနေနှင့် ၁၉၈၈ ခုနှစ် ယခုအချိန်ထိ လုပ် ငန်းပေါင်း ၁၅၂ ခုမှ ရင်းနှီး မြှုပ်နှံမှု ပမာဏ ကျပ်သန်းပေါင်း ၂၁၂၈၉ သန်း ဝင်ရောက် ထားသည်။
ထိုကြောင့် အထည်ချုပ်ကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နေမှု အခြေအနေ၊ ဈေးကွက်အခြေနေ များနှင့် လာမည့်နှစ် တွင် တိုးတက်လာနိုင်မည့် အနေအထားများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အထွေထွေအတွင်းရေးမှူး လည်း ဖြစ်သူ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့် ဧရာဝတီ သတင်းထောက် မျိုးပပစန်းမှ တွေ့ဆုံ မေးမြန်းထားသည်။
မေး။ ။ လက်ရှိ ပို့ကုန်ကဏ္ဍမှာ ဆိုရင် အထည်ချုပ်လုပ်ငန်းက အခြားကဏ္ဍတွေထက် ပိုပြီး မြင့်တက် လာတာနဲ့ ပတ်သက် ပြီး အထည်ချုပ်လုပ်ငန်းရဲ့ လုပ်ကိုင်နိုင်မှု အခြေနေ လုပ်ငန်းလည်ပတ်မှုက ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ အထည်ချုပ်ကဏ္ဍ တိုးတက်တယ် ဆိုတာ ဟုတ်ပါတယ်။ ဒီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံတဲ့ လူတွေ လည်း များလာတယ်။ စက်ရုံအရေအတွက်တွေလည်း များလာတယ်။ နောက်ပြီးတော့ ဝယ်ယူတဲ့ ဝယ်လက်တွေကိုလည်း အရမ်း ဝယ်လာကြတယ်။ ဒါတွေများလာတဲ့ အတွက် အလုပ်အကိုင် အခွင့် အလမ်းတွေ များလာတယ်။ အခုဆိုရင် တကယ် အသင်းဝင်ဖြစ်တဲ့ စက်ရုံပေါင်းကတော့ ၅၄၅ ရုံ လောက်ထိ ရှိနေပြီပေါ့။ အသင်းဝင် မဟုတ်တဲ့ စက်ရုံတွေလည်း ရှိပါတယ်။
သွင်းကုန်၊ ထုတ်ကုန်ကို ကိုယ်တိုင် လုပ်နေတဲ့ စက်ရုံဆိုရင် အသင်းကနေ ပြန်စိစစ်ရတဲ့ အတွက် အသင်းဝင် ဖြစ်ကို ဖြစ်ရပါတယ်။ တဆင့်ခံယူတဲ့ စက်ရုံ ဆိုရင်တော့ အသင်းဝင် မဟုတ်လည်း ရတယ်။ အသင်းဝင် စက်ရုံတွေရဲ့ လုပ်သားခန့်ထားမှု ဆိုရင်လည်း လူဦးရေ ၅ သိန်းကျော်လောက် ရှိသွားပြီ။
မေး။ ။ စက်ရုံတွေ တိုးလာတယ်ဆိုတော့ ဒီနှစ်ထဲမှာ ဘယ်လောက် တိုးလာပါသလဲ။ ရာခိုင်နှုန်း ဘယ်လောက် လောက် ရှိလဲ။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုကရော ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ အဓိကတော့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နံှမှုက ပိုတိုးတာ များနေတာပေါ့နော်။ ဒီနှစ် ဘယ်လောက်တိုးလည်း လို့တော့ အဲဒီလိုမျိုး ပြောလို့မရဘူး။ အကြမ်းဖျင်းအားဖြင့်တော့ နှစ်စဉ် နှစ်စဉ်မှာ ကျမတို့ အသင်းဝင် ဖြစ်လာတဲ့ စက်ရုံတွေက ၂၀၁၈ ခုနှစ်မှာ ပျမ်းမျှ တလတလကို ၅ ရုံလောက် ဖြစ်ပြီ။ ဒီနှစ် ၂၀၁၉ ပျမ်းမျှဆိုရင် လစဉ် ၆ ရုံ၊ ၇ ရုံလောက်ထိ ရှိလာပြီ။ ၁ နှစ်ကို အနည်းဆုံး စက်ရုံ ၆၀ နီးပါးလောက် တိုးလာတာ ရှိပါတယ်။
မေး။ ။ ဒီနှစ်ထဲမှာ ဈေးကွက် အော်ဒါတွေ ဘာတွေ အသစ်ထပ်ရတာရော ရှိပါသလား။ နိုင်ငံအနေနဲ့ ဈေးကွက်သစ် တိုး လာတာရော ရှိပါသလား။ ဘယ်နိုင်ငံတွေကို အများဆုံး တင်ပို့နေရလဲ။
ဖြေ။ ။ ဈေးကွက်သစ်က ကျမတို့ ပို့နေကျဖြစ်တဲ့ ဥရောပသမဂ္ဂ နိုင်ငံတွေနဲ့ ဂျပန်၊ ကိုရီးယား နိုင်ငံတို့ ကတော့ ဝယ်လက် တွေ တိုးလာတယ်။ ဝယ်သူ အသစ်တွေ ထပ်ရလာတာ ရှိတယ်။ နောက်ပြီးတော့ အမေရိကန်ဆိုရင်လည်း ပိုပို ဝယ်လာ တယ်။ အခုတရုတ်လည်း ကျမတို့ဆီက ဝယ်လာပြီ။
ဘရာဇီးနိုင်ငံတို့ ဘာတို့လည်း ဝယ်လာပြီ။ အရှေ့အလယ်ပိုင်း ဒေသ (Middle East) နိုင်ငံတွေက လည်း ဝယ်လာတယ်။ ဝယ်လက် အသစ်တွေ အများကြီး တိုးလာတယ်။
အခုချိန်မှာက ကျမတို့က လက်ခစားကနေ တန်ဖိုးမြှင့် လုပ်ဖို့ ကြိုးစားနေတာ တနိုင်တပိုင် လုပ်နေတဲ့ သူတွေလည်း ရှိ တယ်။ လောလောဆယ်အနေနဲ့တော့ အပြင်ကို ထွက်ပြီး ဈေးကွက်သစ်ရအောင် မိတ်ဆက်နေတာပဲ ရှိတယ်။ အသင်း အနေနဲ့ဆိုရင် ပြပွဲတွေ သွားပြတာ ပြင်သစ်ကို အခုနှစ်ပါ ဆိုရင် ၃ နှစ် ရှိနေပြီ။ ကိုယ် ဈေးကွက်ရှာသွားတော့ ဥရောပ နိုင်ငံဘက်ကို အသွားများတဲ့ အတွက် အဲဒီဘက် က ပိုလာတယ်။
မေး။ ။ အထည်ချုပ်လုပ်ငန်းက တိုင်းပြည်ဝင်ငွေကိုလည်း အများဆုံး ရှာပေးနိုင်တဲ့ လုပ်ငန်း ဖြစ် တယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံလောက် ရတယ်ပေါ့နော်။ ဒီနှစ်မှာရော ဘယ်လောက်ထိ လုပ်ဆောင်နိုင်မယ်လို့ မျှော်မှန်း ထားပါသလဲ။
ဖြေ။ ။ အမှန်တိုင်းပြောရင် သိပ်လည်း မမှန်းရဲပါဘူး။ ကျမတို့လုပ်ငန်းက ဈေးကွက်နဲ့ ဝယ်လက်က ပြင်ပကို အားကိုးရနေ တုန်း ဆိုတော့ ပြင်ပနိုင်ငံတွေရဲ့ စီးပွားရေးနဲ့ သူတို့နိုင်ငံရဲ့ အပြောင်းအလဲ ကလည်း ကျမတို့မှာ သက်ရောက်မှုက အများ ကြီး ရှိတယ်။ ဒီနှစ်ထဲမှာ အခုထိ ဆိုရင်တော့ ကျမတို့ ချုပ်ထည်တွေလည်း အဆက်မပြတ် အပ်ထည်တွေ ဥရောပ သမဂ္ဂ နိုင်ငံတွေကလည်း အများကြီး ဝင်တယ်။
ဂျပန်ကလည်း အရင်ထက် ပိုများလာတယ်။ အမေရိကားကလည်း အဝယ်လိုက် လာတယ်။ နာမည်ကြီး အမှတ်တံဆိပ်တွေလည်း ဝယ်လာကြတော့ မှန်းရတာတော့ ပို့ကုန်တန်ဖိုးက အမေရိကန် ဒေါ်လာ ၅ ဘီလီယံများ ကျော်သွားမလားဘဲ။
၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်လောက်တုန်းက ပို့ကုန်တန်ဖိုး တိုးတက်မှုက ၂၄ ရာခိုင်နှုန်း ဝန်းကျင်ရှိပြီး ၂၀၁၇ နဲ့ ၂၀၁၈ ခု နှစ်မှာ ၇၀ ရာခိုင်နှုန်း တိုးတက်လာတော့ ၂၄ ရာခိုင်နှုန်းနဲ့ တွက်ရင်တောင် ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံ ဖြစ်ပြီး၊ ၇၀ ရာခိုင် နှုန်းနဲ့ တွက်ရင် ဒေါ်လာ ၇ ဒသမ ၈ဘီလီယံ ထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဒေါ်လာ ၅ ဘီလီယံထက် ကျော်ဖို့လည်း လိုအပ်ပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ၂၀၂၄ ခုနှစ်မှာ ကျမတို့ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ မှန်းရင် ၂၀၁၉ ခုနှစ် အကုန်မှာတော့ ကျန် နှစ် ၁ နှစ်ချင်းစီမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ စီလောက် တက်အောင် လုပ်လို့ရမှာ ဖြစ်တယ်။
မေး။ ။ အခုချိန်မှာ လျှပ်စစ်မီတာခတွေလည်း တိုးလိုက်တယ်။ ဒီအပေါ်မှာ အထည်ချုပ်လုပ်ငန်း အနေနဲ့ ကုန်ကျစရိတ် ဘယ်လို ရှိလာမလဲ။ နောက်ပြီး လျှပ်စစ်မီးရရှိမှုနဲ့ မီးမှန်ဖို့ အတွက် ဘယ်လို မျှော်လင့်ထားပါသလဲ။
ဖြေ။ ။ လျှပ်စစ်နဲ့ ပတ်သက်ပြီး ကျမ ဆွေးနွေးခဲ့ဖူးတယ်။ ကျမတို့လုပ်ငန်းက တခြားလုပ်ငန်းတွေလို လျှပ်စစ်ဓာတ်အားကို အများကြီး အသုံးပြုတဲ့ လုပ်ငန်းမဟုတ်ဘူး။ ချုပ်စက်တလုံးက လျှပ်စစ် ၁ မတ် အားလောက်ပဲ သုံးတယ်။ အထူးစက် ကျ တော့ တမျိုးသွားတယ်။
ဒါပေမယ့် အထူးစက်ဆိုတာလည်း သာမန် စက်ရုံတရုံလုံးမှာ လိုအပ်တဲ့နေရာပဲ သုံးကြတာ။ ဒါကြောင့် လျှပ်စစ်ဆွဲအားနဲ့ ပတ်သက်ရင် ကျမတို့ လုပ်ငန်းက သက်သာတယ်။
ပြီးတော့ ကျမတို့က တာဝန်ယူမှုရှိတဲ့ လုပ်ငန်း အမျိုးအစားအဖြစ် ပြောင်းဖို့ ကြိုးစားနေတယ်။ LED မီးချောင်း သုံးတယ်။ Servo Motor သုံးတယ်။ ပတ်ဝန်းကျင်လည်း မထိခိုက်ဖို့ပေါ့နော်။
အထည်ချုပ် စက်ရုံရဲ့ အဓိက ကုန်ကျစရိတ်က အလုပ်သမားလခကို သွားတာ။ ဓာတ်အားခက များတဲ့ အထဲမှာ မပါဘူး။ ထုတ်လုပ်မှု စရိတ်ရဲ့ ၁၀ ရာခိုင်နှုန်းတောင် မကျော်ဘူး။ သူတက်တဲ့နှုန်းကလည်း ၃၇ ရာခိုင်နှုန်းနဲ့ ၄၀ ရာခိုင်နှုန်းလောက် တက်သွားဖို့ ရှိပါတယ်။ ဒါကြောင့် ပြည်သူတယောက် အနေနဲ့ ကျမတို့လည်း ဒီတာဝန်ကို ဝေယူရမှာ ဖြစ်တယ်။
မေး။ ။ နှစ်ပတ်လည် အစည်းဝေးမှာလည်း လာမယ့် ၂၀၂၄ မှာ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံလောက် ရအောင် လုပ်မယ်ဆိုပြီး ပြောထားတာလည်း ရှိတယ်ပေါ့နော်။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး လုပ်ဆောင်သွားမလဲ။
ဖြေ။ ။ ကျမတို့က ၁၀ နှစ် မဟာဗျူဟာ စီမံကိန်းရေးဆွဲထားတာ ရှိတယ်။ အဲဒီမှာ အလုပ်သမား ဦးရေ ၁၀ သိန်းကျော် ခန့် ထားဖို့ ရည်မှန်းထားတာ ရှိတယ်။ ပြီးတော့ ကျမတို့ရဲ့ ပို့ကုန်တန်ဖိုး ဆိုရင် လည်း အခုက အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ကျော်နေတာ ဆိုတော့ လာမယ့် ၂၀၂၄ ခုနှစ်မှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ အထိ ရှာဖို့ ရည်မှန်းထား ပါတယ်။ အဲဒီအတွက် ကျမတို့ အဓိက ပေါ်လစီပိုင်းတွေကို ပြင်ဆင်ဖို့ ကြိုးစားပါတယ်။
ပစ္စည်းသွင်းတဲ့ ထုတ်တဲ့နေရာမှာ လွယ်ကူအောင် ဆိုပြီးတော့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာနတိုနဲ့ ကျမတို့ ပူးပေါင်း ဆောင်ရွက်တယ်။
ဒီကြားထဲမှာ ကျမတို့ရဲ့ အထည်ချုပ် သွင်းကုန်၊ ထုတ်ကုန် လုပ်တဲ့နေရာမှာ အမှာစာ ကုန်ကြမ်းပစ္စည်း တွေက နည်းနည်း နည်းနည်းနဲ့ အမျိုးအမည် များတဲ့ အခါကျတော့ အမှားအယွင်းတွေပေါ်မှာ ပူးပေါင်းဖြေရှင်းဖို့ နည်းကိုလည်း အကောက်ခွန် ဦးစီးဌာနနဲ့ အသင်းက ပူးပေါင်း ဆောင်ရွက်နေတာ ရှိတယ်။
နောက်ပြီး ကျမတို့ အထည်ချုပ် လုပ်ငန်းဖွံ့ဖြိုးဖို့ အတွက် သင်တန်းတွေ ပေးတယ်။ ပထမဆုံး ကတော့ ဂျပန်နိုင်ငံအစိုးရ အကူအညီနဲ့ အထည်ချုပ်အသင်း ပူပေါင်းပြီးတော့ သင်တန်းတွေ ပေးတယ်။ အခုဆိုရင် ပညာရေး ဝန်ကြီးဌာနနဲ့ ပေါင်းပြီး တော့ ကျမတို့ ပိုချဲ့လာနိုင်ပြီ။
အမှန်တိုင်းပြောရင် အခု မြန်မာနိုင်ငံမှာ အစိုးရပေးတဲ့ ချည်မျှင်နဲ့ အထည်လိပ် (Textile) အင်ဂျင်နီယာ ဘာသာရပ်မှာတောင်မှ ချုပ်ထည်နဲ့ ပတ်သက်တဲ့ ဘာသာရပ်ကို ပိုပြီးတော့ ထဲထဲဝင်ဝင်သင်ဖို့ ကျမတို့ ဆွေးနွေးနေပြီ။
ကာလတခုထိ အဲဒီအပိုင်းကို စိတ်ဝင်စားသူ တော်တော်နည်းသွားတော့ အရင်က တချို့သော နည်းပညာတက္ကသိုလ် တွေက ဒီဘာသာရပ်ကို မသင်ဘဲနဲ့ ရပ်ထားတာ ရှိတယ်။
အခုတော့ ဒါကို ပြန်သင်ဖို့အတွက်လည်း ဆွေးနွေးနေကြပြီ ဆိုတော့ နောက်ပိုင်းမှာလည်း အထည်နဲ့ ပတ်သက်တဲ့ အင်ဂျင်နီယာဘာသာရပ်ကို အစိုးရက အားပေးသွားမယ်။ ပိုသင် ပေးမယ့် အပိုင်းလည်း ရှိတယ်။ ဒီမှာမှ ချုပ်ထည်ကဏ္ဍကိုလည်း ထည့်ဝင်ပြီး ထဲထဲဝင်ဝင် သင်သွားဖို့ အစီစဉ် ရှိတယ်။
မေး။ ။ အဲဒီ အစီစဉ်တွေက ဘယ်တော့ စဖို့ရှိပါသလဲ။ အလုပ်အကိုင် ရရှိဖို့ကိုလည်း ဘယ်လောက်ထိ လုပ်ဆောင်ပေးဖို့ ရှိပါသလဲရှင့်။
ဖြေ။ ။ အထည်ချုပ် ကဏ္ဍကတော့ ပညာရေးဝန်ကြီးဌာန၊ စက်မှုနဲ့ အသက်မွေးဝမ်းကျောင်း ဦးစီး ဌာန (DTVET)တို့နဲ့ စနေ ပါပြီ။ စတယ်ဆိုတာ GTI ကျောင်း၊ ဒဏ္ခိဆောင်မှာ တထပ်လုံးကို ပညာရေးဌာနက ကျမတို့ကို နေရာပေးတယ်။ အဲဒီမှာ TOT သင်တန်းတွေကို နိုင်ငံခြားက ဆရာတွေ ဖိတ်ပြီး သင်တယ်။ နောက်ပြီး Textile အင်ဂျင်နီယာ ပညာ ဘွဲ့ရ ဆရာ၊ ဆရာမ ၁၅ ယောက်ကို ပူးတွဲထားပေးတယ်။ အခုတောင် ဒီလကုန်ရင် မြန်မာပြည် အထက်ပိုင်းက စက်ရုံတခုမှာ သင်တန်း ပေးရဦးမှာ ဖြစ်တယ်။
ဒီပလိုမာ ပေးနိုင်တဲ့အထိ ကျမတို့ ဆောင်ရွက်ဖို့ အစီအစဉ် ရှိတယ်။ အခုလောလောဆယ် ပြင်ပမှာ ကျောင်းတက်နေတာ မဟုတ်တဲ့ အလုပ်လိုတဲ့ သူတွေကို ပိုပြီး ဦးစားပေး သင်နေတယ်။ ကျမတို့ ပေးနိုင်တာ ရက်တို ၁၅ ရက် အထည်ချုပ်နည်း သင်တန်းကတော့ ဘယ်သူမဆို အခမဲ့ တက်လို့ ရတယ်။
ဒါလည်း ပညာရေးဌာနကနေ ထမင်းစရိတ်နဲ့ ခရီးစရိတ်ပေး တယ်။ ကျမတို့က ကျန်တဲ့ သင်ကြားရေး ပိုင်းကို ပံ့ပိုးပေးတယ်။ အခုဆိုရင် အပတ်စဉ်တိုင်း အနည်းဆုံး သင်တန်းသားက ၆၀ နဲ့ ၇၀ ကြား လောက် ရှိတယ်။
သင်ပြီးရင် စက်ရုံတွေကို မိတ်ဆက်ပေးပါတယ်။ နောက်ဆုံးနေ့မှာ စက်ရုံတွေက လာကြည့်ပြီး အင်တာဗျူးလုပ်တယ်။ သင်တန်းသားကလည်း သူတို့ကြိုက်တဲ့ စက်ရုံ ရွေးလို့ရတယ်။
လုပ်သားလိုချင်တဲ့ စက်ရုံကလည်း သင်တန်းကျောင်းနဲ့ ချိတ်ဆက်တယ်။ သင်တန်းဆင်းတဲ့နေ့ စက်ရုံတွေနဲ့ သင်တန်းဆင်းတွေ တွေ့ကြတယ်။ ဒီလိုနည်းနဲ့ သင်တန်းအပတ်စဉ် တိုင်းမှာ ၉၀ ရာခိုင် နှုန်း လောက်တော့ အလုပ်တန်းရသွားကြပါတယ်။
မေး။ ။ အလုပ်ရှင်၊ အလုပ်သမား ပြဿနာတွေ အခုဆိုရင် နည်းလာတော့ တွေ့ရတယ်ပေါ့နော်။ ဒီပြဿနာတွေကို အသင်း အနေနဲ့ ဖြစ်ပွားမှု အနည်းဆုံး ဖြစ်အောင် ဘယ်လိုမျိုး ပြင်ဆင် လုပ်ဆောင် နေတာ ရှိသလဲရှင့်။
ဖြေ။ ။ အခု တော်တော်လေး နည်းသွားတယ်။ အသင်းမှာ အလုပ်ရှင်၊ အလုပ်သမားရေးရာကို ကိုင်တွယ်မယ့် အလုပ် သမားရေးရာ အရာရှိတွေ ခန့်ထားတယ်။ အခုဆိုရင် ၃ ဦး ရှိပြီ။
သူတို့က စက်ရုံတွေ တောင်းတဲ့ အကူအညီကို ဥပဒေ ဘောင်အတွင်းက မှန်ကန်တဲ့ လမ်းကြောင်းကို လုပ်နိုင်ဖို့ ဝန်ဆောင်မှု ပေးပါတယ်။ နောက်ပြီး ကျမတို့ကို တိုင်ပင်တယ် ဆိုရင် ဝင်ဆွေးနွေးပေးပါ တယ်။
အခုဆိုရင် အလုပ်သမား သမဂ္ဂတွေကလည်း အသင်းကို ဆက်သွယ်လာတာ ရှိပါတယ်။ အသင်းအနေ နဲ့ ကူညီပေးပါဆိုရင် စက်ရုံနဲ့ ဆက်သွယ်ဆောင်ရွက်ပေးပါတယ်။ ဒါကြောင့်မို့လို့ တော်တော်များများ ကိစ္စတွေက အဲဒီနေရာမှာတင် ဖြေရှင်းလို့ ပြီးသွားတယ်။ နှစ်ဦးနှစ်ဖက် ပိုနားလည်လာတယ်လို့ ထင် တယ်။ အရင်လောက်တော့ မများတော့ဘူး။
မေး။ ။ အခုဆိုရင် ကမ္ဘာကျော် အမှတ်တံဆိပ်တွေပေါ့။ အိတ်တို့လိုမျိုးလုပ်ငန်းတွေ ဝင်လာတာ ရှိတယ်။ အထည်ချုပ် လုပ်ငန်းတွေမှာရော ဝင်တာမျိုး ရှိလား။ ဒီလို ဝင်ရောက်ရင် ပြည်တွင်း လုပ်ငန်းရှင်တွေရဲ့ ယှဉ်ပြိုင်နိုင်မှုက ဘယ်လိုရှိမလဲ။
ဖြေ။ ။ ကမ္ဘာကျော် အမှတ်တံဆိပ်တွေက သူတို့ ယုံကြည်စိတ်ချတဲ့ စီးပွား မိတ်ဖက်ဆီကို လာတာပေါ့ နော်။ ကိုယ်က ယှဉ်ပြိုင်ရမှာ မဟုတ်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချရအောင်ပဲ လုပ်ရမှာ။ အသင်းက စက်ရုံတွေကို ဥပဒေနဲ့ ပတ် သက်တာဆို ဘယ်လိုတွေရှိလဲ၊ အလုပ်သမား ဘယ်လိုခန့် ထားလဲ၊ လစာ ဘယ်လိုပေးလဲ၊ အဲဒါမျိုးတွေပေါ့နော်။
အထည်ချုပ်အသင်း အနေနဲ့ စက်ရုံ အလုပ်ရုံတိုင်းမှာ လေးစားလိုက်နာရမယ့် ကိုယ့်နိုင်ငံရဲ့ အလုပ်သမား ဥပဒေ၊ အပြည်ပြည်ဆိုင်ရာက သတ်မှတ်ထားတဲ့ ဥပဒေများကို အခြေခံပြီး ဆန်းစစ် မေးခွန်းလွှာကို ပြင်ဆင်တယ်။ စက်ရုံ တရုံ အနေနဲ့ မိမိသဘောနဲ့ မိမိ စက်ရုံကို ဆန်းစစ်ချင်တယ် ဆိုရင် အသင်းကနေပြီး ဆန်းစစ်လွှာ ပို့ပေးတယ်။
စက်ရုံက ဖြေပေးပြီးရင် ကျမတို့ဆီကို ပြန်လာတယ်။ ဒါက မေးခန်းလွှာကို ဖြေတဲ့ စက်ရုံနဲ့ ကျမတို့ပဲ သိတယ်။ အပြင် ပေါက်ကြားအောင် မလုပ်ဘူး။
ဒါကို ကြည့်ပြီးရင် လိုနေတာတွေကို အဲဒီစက်ရုံကို အကြံဉာဏ်ပြန်ပေးမယ်။ စက်ရုံက ပြုပြင်ပေါ့။ အချိန် ၂ လ တန်သည်၊ ၃ လတန်သည် စောင့်ပြီးရင် ကျမတို့ သွားကြည့်မယ်။ ဒါဆိုရင် ဘယ်ဟာတော့ တိုးတက်တယ်၊ ဘယ်ဟာတော့ မတိုး တက်ဘူးပေါ့။
အဲဒီလိုလုပ်ပေးရင် စက်ရုံက သူဟာနဲ့သူ ယုံကြည် စိတ်ချသွားတာပေါ့။ မိမိနိုင်ငံရဲ့ ဥပဒေလည်း မဖောက်ဖျက်ဘူး၊ အပြည်ပြည်ဆိုင်ရာ ကျင့်ထုံးများနဲ့လည်း ကိုက်ညီတယ် ဆိုရင် သူတို့က ကမ္ဘာ့ နာမည်ကြီး ဘယ်အမှတ်တံဆိပ် ကိုမဆို ခေါ်ပြီး အစစ်ဆေးခံနိုင်စွမ်း ရှိလာမယ်။
နောက်ပိုင်း UMFCCI ကလည်း ဒါမျိုး လုပ်ဖို့ အစီအစဉ် ရှိမယ်။ အခု အထည်ချုပ်အသင်းက စလုပ် ကြည့်တာပေါ့။ ဒီလို စက်ရုံ အလုပ်ရုံတွေရဲ့ ကျင့်ဝတ်လိုက်နာမှု မှတ်တမ်းကို အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြု လက်ခံလာနိုင်တဲ့ အထိ လုပ်နိုင်ရင် ဒီစက်ရုံဟာ မူဘောင်အတွင်းက လုပ်နေတဲ့ စက်ရုံပဲလို့ သိသွားကြမှာပေါ့။ ဒါကို အစပျိုးလုပ်နေပြီ။
မေး။ ။ စီးပွားရေးနဲ့ ပတ်သက်ပြီး မျှော်မှန်းချက်က ဘယ်လိုဖြစ်မလဲ။
ဖြေ။ ။ တိုင်းပြည်လည်း ငြိမ်းချမ်းစေချင်တယ်။ အများအမြင်မှာလည်း ကြည်ကြည်လင်လင်နဲ့ ကိုယ့်နိုင်ငံကို မြင်စေချင်တယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ အလုပ်လုပ်တဲ့နေရာမှာ ကိုယ့်နိုင်ငံရဲ့ လုပ်ထုံး လုပ်နည်း၊ အပြည်ပြည်ဆိုင်ရာရဲ့ လုပ်ထုံးလုပ်နည်း ဘောင်ထဲမှာပဲ ကောင်းမွန်စွာ အလုပ် လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။
မေး။ ။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အောက်တိုဘာနဲ့ နိုဝင်ဘာမှာတုန်းက ရခိုင်အရေးကြောင့် GSP ပြန်ရုတ်သိမ်းဖို့ ခြောက်လ အတွင်းစစ်မယ် ပြောခဲ့တာတွေ ရှိတော့ အခုလက်ရှိ နောက်ဆက်တွဲ အခြေနေက ဘယ်လိုရှိမလဲ။
ဖြေ။ ။ GSP က အခြေအနေကို သုံးသပ်နေတာပဲ ရှိတယ်။ သုံးသပ်ဆဲပေါ့။ အဲတော့ ဒါကောင်း တယ်လို့ ပြောလို့ရတာပေါ့။ ခြောက်လပြည့်တိုင်း ခြောက်လပြည့်တိုင်းမှာ သူဆက်ပြီး သုံးသပ် သွားတယ် ဆိုတော့ ဆိုးသွားရင်တော့ သတင်းတခု ထွက်လာမှာပေါ့။ အဲဒီလိုမထွက်လာရင်တော့ ကောင်းတယ်လို့ ယူဆရမှာပေါ့။
မေး။ ။ တခြားဖြည့်စွက် ပြောကြားချင်တာများ ရှိပါသလား။
ဖြေ။ ။ တခါတလေကျတော့ သတင်းလေး တခု ကြားလိုက်ရင် ဒါကို အာရုံစိုက်မှုက များသွားတယ်။ ဖြစ်နိုင်တဲ့ သတင်း လား၊ မဖြစ်နိုင်တဲ့ သတင်းလား။ ဒီနောက်ကွယ်မှာ ဘာရှိလဲ ဆိုတဲ့ဟာကို လိုက်မကြည့်ကြဘူး။
ဒါကြောင့် အမှန်နဲ့ အမှား ကို ပိုင်းခြားတဲ့ နေရာမှာ တော်တော်ကို ေ၀ဝါး သွားစေတာပေါ့။ မမှန်တဲ့ သတင်းတွေလည်း ပြောတဲ့သူများတော့ အမှန် ဖြစ်သွားတာပေါ့။
အမှန်သတင်းက သိပ်မပြောတော့ မြုပ်သွားတာပေါ့။ ဒါကို အရမ်းစိုးရိမ်တယ်။ ဘာကြောင့်လဲဆိုတော့ အထည်ချုပ် ကဏ္ဍ က လူတွေ စိတ်ဝင်စားလို့ပဲ ကြည့်ကြည့်၊ ကောင်းတဲ့ အမြင်ပဲ ကြည့်ကြည့်၊ အပြစ်ရှာချင်တဲ့ အမြင်နဲ့ပဲ ကြည့်ကြည့်၊ ကြည့် တဲ့ မျက်လုံးတွေက အများကြီးပဲ။
ဒီအထည်ချုပ် ကဏ္ဍ အောင်မြင်တာက တိုင်းပြည်အောင်မြင်တာပဲ။ အမှားကို ထောက်ပြပေးတာလည်း ကျေးဇူးတင်တယ်။ မမှားဘူး ဆိုရင် အမှန်ကို မြင်အောင် ကြည့်ပေးပါ။
ဆက်စပ်ဖတ်ရှု့ရန်
အထည်အလိပ် ကျွမ်းကျင် အင်ဂျင်နီယာများ မွေးထုတ်ရန် စီစဉ်နေ
မြန်မာတွင် တရုတ် ရင်းနှီးမြှုပ်နှံမှု ၂ ဆ တက်လာ