တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းမှာ အောင်မြင်သူ ရာခိုင်နှုန်းက နှစ်စဉ် ၃၀ ရာခိုင်နှုန်း ဝန်းကျင်သာရှိတယ်။ ဆယ်တန်း စာမေးပွဲဟာ လူငယ်တွေရဲ့ ဘဝမှာ အဆုံးအဖြတ်ကြီး တခုလို ဖြစ်နေပြီး ကျရှုံးတဲ့ ကျောင်းသားတွေ ဒီစာမေးပွဲရလဒ်ကြောင့် စိတ်ပျက်လက်ပျက်နဲ့ ပညာသင်ကြားရေးနဲ့ဝေးရာ၊ စာသင်ခန်းတွေနဲ့ ဝေးရာကို ရောက်သွားသူတွေ တနှစ် တနှစ် တိုးပွားလာနေတယ်။
စာမေးပွဲကျရှုံးတဲ့ ၇၀ ရာခိုင်နှုန်းသော ကျောင်းသားကျောင်းသူတွေဟာ ဆယ်တန်းမှာပဲ သူတို့ရဲ့အနာဂတ်က အဆုံးသတ် သွားပြီလား၊ သူတို့ရဲ့ပညာရေးကို ဘယ်လိုရှေ့ဆက်သွားမလဲ ဆိုတာ မေးခွန်းထုတ်ရမှာပါ။
မြန်မာနိုင်ငံရဲ့တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ရလဒ်ကို ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံစာစစ်ဦးစီးဋ္ဌာနရဲ့ထုတ် ပြန်ချက်အရ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိက အောင်ချက်ရာနှုန်း ၃၁ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ၃၇.၆၀ ရာခိုင်နှုန်းနဲ့ အောင်ချက်အများဆုံးနှစ် ဖြစ်ခဲ့တယ်။
ဒီနှစ်မှာတော့ တနိုင်ငံလုံး ဖြေဆိုသူကျောင်းသားဦးရေ ခြောက်သိန်းကျော်မှာ နှစ်သိန်းနီးပါးလာက်သာ အောင်မြင်ပြီး ရာခိုင်နှုန်းအရပြောရရင် ၂၉.၉၂ ရာခိုင်နှုန်းပဲ အောင်မြင်ပါတယ်။ မနှစ်က (၂၀၁၅) အောင်ချက် အများဆုံးဖြစ်ခဲ့တဲ့ ဧရာဝတီ တိုင်းကတောင် ဒီနှစ်မှာ ချင်းပြည်နယ် ပြီးရင် ဒုတိယ အောင်ချက် အနည်းဆုံးဖြစ်သွားပါတယ်။
ဧရာဝတီတိုင်းက မြို့နယ်တခုရဲ့ကျေးရွာတရွာမှာ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၁၀ ယောက်ရှိတာ ၁၀ ယောက်စလုံး မ အောင်ကြဘူး။ မနှစ်က အဲဒီရွာမှာ ဆယ်တန်းကျတာဆိုလို့ နှစ်ယောက်သုံးယောက်ပဲ ရှိတယ်။ တချို့က ဂုဏ်ထူးတွေ ထွက်ခဲ့တယ်။
ဒီနှစ်ကျ တယောက်မှ မအောင်တော့ မိဘတွေရော ကလေးတွေပါ စိတ်ဓာတ်ကျပြီး ကျောင်းပြန်တက်ဖို့ စိတ်မဝင်စားကြ တော့ဘူး။ တချို့ကတော့ ရန်ကုန်လို မြို့ကြီးတွေကို တက်ပြီး အလုပ်လုပ်ကြဖို့ စဉ်းစားထားကြတယ်။ သူတို့အတွက် တနှစ် တနှစ်ကျောင်းစရိတ်၊ ကျူရှင်စရိတ်က မိဘတွေခမျာ အကြွေးတွေ တင်နေတုန်းပဲ။
ကျောင်းပြန်တက်ဖို့ အချိန်ကုန်၊ ငွေကုန်အတွက် ကျောင်းပြန်မတက်ချင်တော့ဘဲ ရတဲ့အလုပ်ပဲ လုပ်ကြတော့မယ်လို့ စဉ်းစားထားကြတယ်။ တချို့ကတော့ အခုအချိန်ထိ ကျောင်းပြန်တက်ဖို့ မစဉ်းစားသေးဘဲ စိတ်လေနေကြဆဲပဲဖြစ်တယ်။ ငွေကြေးတတ်နိုင်တဲ့သူတွေကတာ့ နိုင်ငံခြားမှာ ကိုးတန်းအောင်ရုံနဲ့ တက်လို့ရမယ့် ကျောင်းတွေကို စုံစမ်းကြတယ်။ ဆယ်တန်းစာမေးပွဲကို ဆက်ဖြေချင်တဲ့စိတ် သူတို့မှာ မရှိကြတော့ဘူး။
ဒေသတွင်း နိုင်ငံအချို့မှာ ဆယ်တန်းရမှတ်နဲ့ စာမေးပွဲကျတာ အောင်တာမရှိပါဘူး။ ရတဲ့အမှတ်ပေါ်မူတည်ပြီး တက်ခွင့်ရမယ့် တက္ကသိုလ်၊ ကောလိပ်တွေကို ကွဲသွားပါတယ်။ စာမလိုက်နိုင်တဲ့သူတွေ၊ ဆယ်တန်း စာမေးပွဲဖြေဆိုဖို့ အဆင်မပြေတဲ့သူ၊ ဆယ်တန်းစာမေးပွဲက သူ့အတွက် အခက်အခဲဖြစ်ရင် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေသင်ပြီး ကျွမ်းကျင်
လက်မှတ်တွေ ထုတ်ပေးခဲ့ရင် နိုင်ငံအတွက်ရော ကာယကံရှင်အတွက်ပါ အကျိုးများနိုင်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ စစ်ဆေးနေတဲ့ ဆယ်တန်းစာမေးပွဲက တကမ္ဘာလုံးမှာ ဖြေဆိုကြတဲ့ အိုင်ဂျီစီအက်စ်အီး (International General Certificate in Secondary Education)နဲ့ အဆင့်တူပါတယ်။ အိုင်ဂျီစီအက်စ်အီးမှာ အမှတ်ပေါ် မူတည်ပြီး အောင်တယ်ကျတယ်လို့ ထုတ်မပေးဘူး။
ရလဒ်ကို အေစတား၊ အေ၊ ဘီ၊ စီ၊ ဒီ၊ အီး၊ အက်ဖ်၊ ဂျီ၊ ယူ ဆိုပြီးထုတ်ပေးတယ်။ ရလဒ်တွေအပေါ် ဝင်ခွင့်လက်ခံမယ့် ကောလိပ်၊ အင်စတီကျု၊ တက္ကသိုလ်တွေက သူတို့ဘာသာ သူတို့ဆုံးဖြတ်ပါတယ်။
တချို့ကျောင်းတွေက ၅ ဘာသာမှာ အနည်းဆုံး စီနဲ့ အောင်မှ လက်ခံတဲ့ကျောင်းရှိသလို၊ တချို့ကျောင်းတွေက ၃ဘာသာ မှာ စီ ရရင်တောင် လက်ခဲ့တဲ့ ကျောင်းတွေလည်း ရှိပါတယ်။ လိုအပ်ရင် သူတို့ ဖောင်ဒေးရှင်းတွေက တဆင့် ဆက်သွား နိုင်တဲ့ ပညာရေးလမ်းကြောင်းတွေ ဖွင့်ပေးထားတယ်။
မြန်မာနိုင်ငံက တက္ကသိုလ်ဝင်တန်းစာမေးပွဲရလဒ်ကို အိုင်ဂျီစီအက်စ်အီးလိုပုံစံမျိုး ထုတ်ပေးရင် အကြောင်းအမျိုးမျိုးကြောင့် ဆယ်တန်းစာမေးပွဲကို ဆက်မဖြေနိုင်တဲ့ ကျောင်းသားတွေအတွက် ပညာရေးလမ်းကြောင်းတခုကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါ တယ်။
ဒီနှစ် (၂၀၁၅-၂၀၁၆) ပညာသင်နှစ် ဆယ်တန်းအောင်စာရင်းမှာ ကျောင်းသားတဦးက ဂုဏ်ထူးသုံးဘာသာရပြီးတော့ သချၤာဘာသာမှာ ၂၃ မှတ်ပဲရလို့ စာမေးပွဲကျပါတယ်။ ရူပဗေဒဘာသာဆိုရင် ၉၃ မှတ်ရထားတယ်။ အဲဒီလို ကလေးမျိုးဆို သူကျတဲ့ တဘာသာတည်းကိုပဲ ကုစား (ပြန်လည်ဖြေဆိုတာမျိုး) လုပ်ပေးမယ်ဆိုရင် ဆယ်တန်းကို ပြန်တက်စရာမလို တော့ဘဲ တက္ကသိုလ် သို့မဟုတ် ကောလိပ်ကို ဆက်လှမ်းနိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ၅ ဘာသာ အမှတ်ကောင်းပြီး တဘာသာက အမှတ် ၄၀ အောက်ရတာနဲ့ပဲ စာမေးပွဲကျတယ်လို့ သတ်မှတ်ကာ ဘယ်တက္ကသိုလ်ကမှ လက်မခံတဲ့ စနစ်ကို ပြန်စဉ်းစားသင့်ပါပြီ။ အောင်တယ်။ ရှုံး တယ်လို့ မသတ်မှတ်ဘဲ သူ့ရမှတ်အပေါ် လက်ခံတဲ့ တက္ကသိုလ် ဒါမှမဟုတ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေဖြေပြီး လက်ခံ တာမျိုး စီစဉ်ထားပေးမယ်ဆိုရင် မှန်ကန်တဲ့ပညာရေးလမ်းကြောင်းပေါ် ရောက်နိုင်မှာဖြစ်ပါတယ်။
စာမေးပွဲတွေထဲမှာ ဆယ်တန်းစာမေးပွဲက ဘဝအတွက် အရေးပါတဲ့စာမေးပွဲတခုဖြစ်တယ်။ ကျောင်းသားကျောင်းသူတွေမှာ ဆယ်တန်းဆိုတဲ့ တောင်ကို မကျော်လွှားနိုင်သရွေ့သူတို့မှာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ အကြီးအကျယ် ဖြစ်စေတယ်။ ဆယ်တန်းစာမေးပွဲကို အကြိမ်ကြိမ် ထပ်ဖြေရမှာ ဒီနှစ်မအောင်လို့ အဲဒီအတန်းကိုပဲ နောက်တနှစ် ပြန်တက်ဖို့ ကျောင်းသား တွေအတွက် စိတ်ရောလူရော ဝန်ထုပ်ဝန်ပိုးကြီးဖြစ်စေတယ်။
ပညာသင်ကြားရေးဟာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်။ မိဘတွေက ထောက်ပံ့ကူညီရလို့ စိတ်မော၊ ငွေမော မောပမ်း ရသလို ကျောင်းသားကျောင်းသူတွေကလည်း ကြိုးစားအားထုတ်ရလို့ စိတ်မောကြရပါတယ်။ မူလတန်းကနေ ဆယ်တန်း အထိ အချိန်ရောငွေပါ ရင်းနှီးမြှုပ်နှံထားကြရတာပါ။
ခြေချော်လက်ချော် ဆယ်တန်းမအောင်ခဲ့ရုံနဲ့ ရင်းနှီးမြှုပ်နှံထားသမျှ အဟောသိကံ ဖြစ်ရတော့မှာလား။ လက်ရှိစာမေးပွဲ စနစ်ကို ဝိုင်းဝန်းစဉ်းစားကြစေလိုပါတယ်။ ကျောင်းသားတယောက်ဟာ တနှစ်လုံး ဘယ်လောက်ပဲ တော်နေပါစေ။ စာတွေ ရနေပါစေ။ နောက်ဆုံး စာမေးပွဲဖြေမယ့်နေ့မှာ တခုခု မတော်တဆဖြစ်သွားရင် စာမေးပွဲကို အဆင်ပြေပြေ မဖြေလိုက် ရရင် စာမေးပွဲက အလိုလို ကျရှုံးသွားပါတယ်။
၃ နာရီ မေးခွန်းကို မဖြေနိုင်တာနဲ့ဘဲ သူရဲ့ဘဝက ရေစုန်မျောရမယ့်အဖြစ်ကို ရောက်သွားနိုင်တာမို့ ဆယ်တန်းစာမေးပွဲက လူငယ်တွေရဲ့ စိတ်ဓာတ်တွေကို ရိုက်ချိုးနေတဲ့အဖြစ်မျိုးကို ကျော်လွှားနိုင်ဖို့ အမြန်လိုနေပါပြီ။
(ယဉ်ယဉ်ခန့်သည် မန္တလေးအခြေစိုက် အမျိုးသမီး သတင်းစာဆရာတဦး ဖြစ်သည်)