မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှု များပြားတဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေသလို ရေကြီး ရေလျှံမှု၊ မြေပြိုမှု၊ ရာသီဥတု ဖောက်ပြန်မှုတွေကို တနှစ်ထက် တနှစ် ပိုမိုတွေ့ကြုံလာရပါတယ်။ အဲဒီလို ဖြစ်စေတဲ့ အကြောင်းအရင်း တွေထဲမှာ အဓိက အကြောင်းအရင်းက “သစ်တောပြုန်းတီးမှု”ကြောင့် ဖြစ်တယ် ဆိုတာ ငြင်းမရပါဘူး။
နိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှု ဧရိယာဟာ များပြားလာရမယ့် အစား လျော့နည်းလာနေတာကို ဝမ်းနည်းစရာ တွေ့မြင် နေရပါတယ်။ တချိန်က သစ်တောဖုံးလွှမ်းမှု များပြားပြီး ကျွန်းသစ် အမြောက်အမြား ထွက်ရှိခဲ့တဲ့ ပဲခူးရိုးမလို နေရာဟာ အခုအချိန်မှာ သစ်တောပြုန်းတီးမှုနဲ့ ရင်ဆိုင်နေရပါပြီ။ ကမ္ဘာပေါ်မှာ သစ်တောပြုန်းတီးမှု တတိယ အများဆုံး နိုင်ငံ စာရင်းဝင်နေတာဟာ ဘယ်လောက်အထိ တရားမဝင် သစ်ခုတ်လှဲမှုတွေ၊ သစ်ခိုးထုတ်မှုတွေ၊ သစ်တော စောင့်ရှောက် မှုတွေ ရှိခဲ့သလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။
၁၉၉၀ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုဟာ ၆၀ ရာခိုင်နှုန်း ရှိခဲ့ပေမယ့် ၂၀၁၅ ခုနှစ်မှာ ၄၃ ရာခိုင်နှုန်းအထိ လျော့ကျခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၂၀၁၅ ခုနှစ်မှာ သစ်တောပြုန်းတီးမှုဟာ ၁ ဒသမ ၇၃ ရာခိုင်နှုန်း ရှိတယ် လို့ မေလ ၁၉ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်ခင်က ပြောကြားခဲ့ပါတယ်။
သူက နိုင်ငံတဝှမ်း သစ်တော စောင့်ရှောက်မှုနှုန်း တိုးမြှင့်ပြီး အစိမ်းရောင်နယ်မြေ (Green Land) စီမံကိန်းတွေကို နှစ်အလိုက် တိုးချဲ့ဆောင်ရွက်ပေးဖို့ အဆိုတင်သွင်းခဲ့တာပါ။
တမလန်း၊ ကျွန်း၊ ပျဉ်းကတိုးလို အဖိုးတန်သစ်တွေဟာ ဒီနေ့ထက်ထိ တရားမဝင်နည်းလမ်းနဲ့ ခိုးထုတ်ခံနေရဆဲ ဖြစ်လို့ အစိုးရ အနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပါတယ်။ သစ်အလုံးလိုက် တင်ပို့မှုကိုတော့ ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့ကစပြီး ရပ်နားထားခဲ့တာပါ။ သယံဇာတပေါကြွယ်ဝတဲ့ ကချင်ပြည်နယ်မှာ တရားမဝင် သစ်ခိုးထုတ်မှုတွေ အလုံးအရင်းနဲ့ ရှိနေပြီး တရုတ်နိုင်ငံဘက်ကို သစ်တင်ယာဉ်တွေ အများအပြား သွားလာနေဆဲပါ။
အရင် စစ်အစိုးရ လက်ထက်တုန်းက ကချင်ပြည်နယ်တွင်း သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသားတွေ ဖမ်းမိပြီး ဖြစ်ဒဏ် ချမှတ် ခဲ့ပေမယ့် ၈ ရက်နဲ့ ပြန်လွှတ်ပေးခဲ့တာကြောင့် ပြည်သူတွေကြား မကျေနပ်မှုတွေ ရှိခဲ့ပါတယ်။ နိုင်ငံတကာ သဘာဝပတ်ဝန်း ကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ (EIA) ရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံ နေရာအနှံ့အပြား တရားမဝင် သစ်ခိုးထုတ်မှုတွေ အစုလိုက် အပြုံလိုက် ဖြစ်နေတာကို ထောက်ပြခဲ့ပါတယ်။ သူတို့အဖွဲ့ရဲ့ အစီရင်ခံစာမှာ ၂၀၀၀ ပြည့်နှစ် ကနေ ၂၀၁၃ ခုနှစ်အထိ တရားဝင် သစ်တင်ပို့မှုဟာ ၂၈ ရာခိုင်နှုန်းပဲ ရှိပြီး တရားမဝင် သစ်တင်ပို့မှုဟာ ၇၂ ရာခိုင်နှုန်းထိ ရှိတယ် လို့ ဆိုထားပါတယ်။
ကံကောင်းတာ တခုက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရခဲ့ပြီး နောက်ပိုင်း ၂၀၁၆ နဲ့ အခု ၂၀၁၇ ခုနှစ် တွေမှာ တရားမဝင် သစ်သယ်ဆောင်မှုတွေကို ဖမ်းဆီးမှုတွေ ပိုမို ပြုလုပ်လာခဲ့တာပါပဲ။ အခုနှစ် အတွင်း ရန်ကုန် ဆိပ်ကမ်းမှာ ပြည်ပကို ပို့ဆောင်မယ့် သစ်အများအပြားကို ကွန်တိန်နာလိုက် ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တရားခံ တချို့ ကိုပါ ဖမ်းမိခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ မျိုးသုန်းလုနီးပါး ဖြစ်နေပြီး ထိန်းသိမ်းကာကွယ်ရမယ့် သစ်မျိုးစိတ်ထဲမှာ ပါဝင်နေ တဲ့ “တမလန်းသစ်” ဟာ တရုတ်မှာ လူကြိုက်များတဲ့သစ် ဖြစ်နေပါတယ်။ မေလ အတွင်း ကချင်ပြည်နယ်မှာ တရားမဝင် သစ်တင်ယာဉ် ၁၄ စင်းကို ၂ ရက်တည်းနဲ့ ဖမ်းဆီးရမိခဲ့ပြီး တမလန်းနဲ့ ပိတောက်သစ်လုံးတွေ ပါဝင်ပါတယ်။
ဒီနေရာမှာ တရားမဝင် သစ်ဖမ်းဆီးတဲ့ သစ်တောဝန်ထမ်းတွေ ရန်ပြုခံရတာတွေလည်း ရှိနေတာ မမေ့သင့်ပါဘူး။ မန္တလေးတိုင်း ဒေသကြီးမှာ ပြည်သူပါဝင်တဲ့ စောင့်ကြည့်ခြင်းနှင့် သတင်းပေးပို့ခြင်း (Community Monitoring and Reporting System) ကို ဧပြီလက စပြီး စတင်လုပ်ဆောင်နေတယ် လို့ ဆိုပါတယ်။ သစ်တောဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင် ရွက်တဲ့ ပြည်သူတွေရဲ့ လုံခြုံမှုကိုပါ ထည့်တွက် စဉ်းစားရမှာ ဖြစ်ပါတယ်။
သစ်ခိုးထုတ်မှုမှာ ပါဝင်ပတ်သက်နေတဲ့ ဝန်ထမ်းတွေ ရှိခဲ့ရင်လည်း ကျောသား၊ ရင်သား မခွဲခြားဘဲ အရေးယူရမှာပါ။ ဘယ်နိုင်ငံသားပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံထဲ ဝင်ရောက်ပြီး အဖိုးတန်သစ် ခိုးထုတ်မှုမှာ ပါဝင်ရင် အပြစ်ပေးရမှာ ဖြစ်သလို “ချစ်ကြည်ရေး” အကြောင်းပြပြီး ပြန်လွှတ်ပေးတာမျိုး လုံးဝ မဖြစ်သင့်ပါဘူး။ သစ်တောပြုန်းတီးမှုရဲ့ နောက်ဆက်တွဲ မြေပြိုမှု၊ ရေကြီးရေလျှံမှုတွေကို လက်တွေ့ခံစားနေရတာက ပြည်သူတွေပါ။
၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ် အတွင်းမှာ နိုင်ငံတဝှမ်း မကြုံဖူးလောက်အောင် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့သလို ချင်းပြည်နယ်မှာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ရပါတယ်။ သစ်တောဖုံးလွှမ်းမှု များပြားနေရင် သစ်ပင်တွေရဲ့ အမြစ်တွေက မိုးရေကို စုပ်ယူတာ ဖြစ်တဲ့ အတွက် မြေဆီလွှာ ထိန်းသိမ်းရာရောက် သလို “မြေအောက်ရေ” ကိုပါ သိုလှောင်ပေး ပါတယ်။ သစ်တော သစ်ပင် နည်းပါး သွားတဲ့ အခါ ရွာချလိုက်သမျှ မိုးရေတွေက မြစ်တွေ၊ ချောင်းတွေထဲ ရောက်ရှိပြီး ရေကြီး ရေလျှံ ဖြစ်ရပါတော့တယ်။
ရေကြီးရေလျှံမှုဟာ တချို့ဒေသတွေမှာ လနဲ့ချီ ကြာမြင့်ခဲ့ပြီး အိမ်ရာပျက်စီးမှု၊ စိုက်ပျိုးမြေပျက်စီးမှုတန်ဖိုး၊ လမ်း၊ တံတား ပျက်စီးမှုတန်ဖိုးဟာ ကျပ် ဘီလီယံနဲ့ ချီပြီး ရှိခဲ့တာပါ။ ရာသီဥတု ဖောက်ပြန်မှု ပိုများလာတာနဲ့ အတူ နွေရာသီမှာ အလွန်အမင်း ပူးပြင်းတာ၊ မိုးရာသီမှာ မိုးအလွန် အကျွံရွာတာ (ဒါမှမဟုတ်)၊ မိုးခေါင်တာ၊ ဆောင်းရာသီမှာ အေးသင့်သလောက် မအေးတာတွေ ဖြစ်လာရပါတယ်။ အဲဒီလို ရာသီဥတု ဖောက်ပြန်မှုဟာ စိုက်ပျိုးရေး နိုင်ငံဖြစ်တဲ့ ကျမတို့ နိုင်ငံအပေါ် အများကြီး ဆိုးကျိုးတွေ သက်ရောက်စေပါတယ်။
တောင်ပေါ်ဒေသတွေမှာ သဘာဝရေထွက်တွေ ခန်းခြောက်သွားတာမျိုး ကြုံရသလို မြစ်တွေရဲ့ ရေဝေရေလဲ ဧရိယာ တွေမှာ မှီတင်း နေထိုင်ကြတဲ့ ဇီဝမျိုးစုံ မျိုးကွဲတွေရဲ့ ရှင်သန်မှုကိုပါ ထိခိုက်လာစေပါတယ်။ သစ်တောပြုန်းတီးမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကတော့ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ များလာတာပဲ ဆိုတာ မမေ့သင့် ပါဘူး။ “သဘာဝတရားရဲ့ ဟန်ချက်ညီမျှမှု” ကို ဖျက်ဆီးလိုက်သလို ဖြစ်သွားတာကြောင့်၊ ရေသယံဇာတ လျော့နည်းတာ၊ မြစ်ချောင်းတွေမှာ ငါးသယံဇာတ လျော့နည်းတာတွေပါ ဖြစ်လာနိုင်ပါတယ်။
သစ်ခိုးထုတ် ရောင်းဝယ်လို့ အကျိုးအမြတ်ရသူက နည်းနည်း၊ ဒုက္ခရောက်ရသူက များများ ဖြစ်နေတာကြောင့် အခုကတည်းက ရေရှည်အစီအမံတွေ ချမှတ်ဖို့ စတင် လုပ်ဆောင်သွားရမှာပါ။ တချို့သော လုပ်ပိုင်ခွင့် ရထားတဲ့ ပုဂ္ဂလိက သစ်တောစိုက်ခင်း လုပ်ငန်းရှင်တွေ ကလည်း သစ်ပင်စိုက်ပျိုးတာ မဟုတ်ဘဲ မြေရဖို့ လုပ်သလို ဖြစ်နေ ပါတယ်။ သိပ်မကြာသေးမီကပဲ ပုဂ္ဂလိက သစ်တောစိုက်ခင်း တည်ထောင်ခွင့်ရတဲ့ လုပ်ငန်းရှင်တချို့ဟာ လုပ်ငန်း စီမံချက် အတိုင်း မစိုက်ပျိုးဘဲနဲ့ မြေနေရာဦးတဲ့ သဘောနဲ့ လုပ်ကိုင်တာ ဖြစ်တဲ့ အတွက်ကြောင့် မြေဧက ၅ သိန်း ၈ သောင်းကျော်ကို ပြန်လည် သိမ်းဆည်းခဲ့ရတယ် လို့ “သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန” အမြဲတမ်း အတွင်းဝန် ဦးခင်မောင်ရီက ပြောကြားခဲ့ပါတယ်။
သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် ဇုန်တွေ သတ်မှတ်ပြီး သစ်တောစိုက်ခင်းတွေကို စနစ်တကျ တည်ထောင်သွားဖို့ လိုပါ တယ်။ မြန်မာနိုင်ငံဟာ သစ်တောတွေ ရှင်သန်ပေါက်ရောက် ကြီးထွားနိုင်တဲ့ သဘာဝက ပေးထားတဲ့ “အားသာချက်” ရှိတဲ့ နိုင်ငံပါ။ ဒီအခွင့်အရေးကို လက်မလွှတ်တမ်း အသုံးချပြီး ပညာရှင်တွေဆီက အကြံ ဉာဏ် ရယူသွားမယ်၊ ပြည်သူပါဝင်တဲ့ အစု အဖွဲ့ပိုင် သစ်တောတွေ ပြုစုပျိုးထောင် သွားမယ် ဆိုရင် သစ်တောပြုန်းတီးမှု လျော့ကျလာမှာ ဖြစ်ပါတယ်။
တဖက်က သစ်တောစိုက်ခင်းတွေ တည်ထောင်သွားရမှာ ဖြစ်သလို တဖက်ကလည်း တရားမဝင် သစ်ခုတ်လှဲမှု၊ သယ်ဆောင်မှု ရောင်းဝယ်ဖောက်ကားမှုမှာ ပါဝင်ပတ်သက် နေသူ အားလုံးကို ပြတ်ပြတ်သားသား အရေးယူမှုတွေ ပြုလုပ်ဖို့၊ သစ်တောပြုန်းတီးမှုရဲ့ ဆိုးကျိုးကို ပြည်သူတွေ သိရှိအောင် ပညာပေးမှုတွေ ပြုလုပ်ဖို့ အချိန်တန်ပြီ ဖြစ်ပါကြောင်း သုံးသပ်ရေးသား လိုက်ရပါတယ်ရှင်။
(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်။)