Myanmar Update News ဆိုတဲ့ Facebook Page ကနေ တောင်ဒဂုံ Fever Clinic ဆေးခန်းက ဆရာဝန်နဲ့ တောင်ဒဂုံက လွှတ်တော်ကိုယ်စားလှယ်တို့ဟာ အလှူငွေ အလွဲသုံးစားလုပ်နေတယ်ဆိုပြီး ပြီးခဲ့တဲ့ တစ်ပတ်က ရေးသားခဲ့ပါတယ်။
ဒီလို ရေးသားမှုကြောင့် ဆေးခန်း တာဝန်ခံ ဒေါက်တာ ဇော်လင်းဗိုလ်က Myanmar Update News လူမှုကွန်ရက် စာမျက်နှာကို တရားစွဲဆိုထားပေမယ့် ရေးသားသူတွေကိုတော့ အရေးယူနိုင်ခြင်း မရှိသေးပါဘူး။
Myanmar Update News ဟာ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီက ထုတ်ပြန်ထားတဲ့ သတင်းအတု သတင်းအမှား စာမျက်နှာထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ဆက်စပ်ပြီး ပြည်သူတွေအနေနဲ့ သတင်းလို့ ရေးသားထားတိုင်း ချက်ချင်းမယုံကြည်ကြဖို့နဲ့ သတင်းအရင်းအမြစ်တွေကို ဆန်းစစ်ကြည့်ဖို့ လိုကြောင်း မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ အဖွဲ့ဝင် ဦးဇေယျာလှိုင်က တိုက်တွန်းပြောဆိုပါတယ်။
ဒီလို ဖြစ်စဉ်မျိုးတွေနဲ့ ပတ်သက်ပြီး မြန်မာ Facebook Team နဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့ တွေ့ဆုံဆွေးနွေးဖို့ ပြောဆိုခဲ့ပေမယ့် COVID-19 ရောဂါဖြစ်ပွားနေမှုကြောင့် ဆွေးနွေးပွဲကို ရွှေ့ဆိုင်းထားလိုက်ရတယ်လို့ ဦးဇေယျာလှိုင်က ပြောပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဇင်မိုးဝါ