ရက္ခိုင့်စစ်တပ် ( AA )ကို အကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်ပေးရန် ဇန်နဝါရီလ ၁၁ ရက်နေ့က ကျင်းပသော ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အဆိုတရပ်တင်သွင်းခဲ့သည်။
၎င်းအဆိုကို မြောက်ဦးမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ယင်းအဆိုနှင့်ပတ်သက်၍ ဘူးသီးတောင်မြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကလည်း ထောက်ခံဆွေးနွေးခဲ့သည်။
အဆို၏ အပြည့်အစုံမှာ ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ သတ်မှတ်ကြေငြာထားသော ULA / AA အား ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ပေးရန် ပြည် နယ်အစိုးရအဖွဲ့မှ တဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း ဟူ၍ ဖြစ် သည်။
ယင်းအဆိုနှင့်ပတ်သက်၍ လွှတ်တော်တွင် ကန့်ကွက်သူမရှိသည့်အတွက် ယခုလအတွင်း ဆက်လက် ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည် ဖြစ်သည်။
ရိုက်ကူး – မင်းအောင်ခိုင် ၊ ခိုင်ရိုးလ
တည်းဖြတ် – ဝေနှင်းထွဋ်