မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှ တရုတ်နိုင်ငံသို့ သွားသော အဓိက ကုန်သွယ်မှုလမ်းကြောင်းဖြစ်ပြီး အကွေ့ အကောက် များသော လားရှိုး – မူဆယ်လမ်းသည် ဇန်နဝါရီလ အလယ်ပိုင်းက ကုန်တင်ကားတစီးပေါ်မှ သံချောင်းများ ပြုတ်ကျခဲ့ပြီးနောက် သွားလာရန် မဖြစ်လောက်အောင် ၂ ရက်ကြာ ပိတ်ဆို့နေခဲ့သည်။ မြူခိုးများ မှိုင်းနေသော တောင်ကုန်းပေါ်တွင် ကုန်သည်များနှင် ရဲတပ်ဖွဲ့ဝင်များသည် ဝီစကီသောက်ရင်း သူတို့၏ မိုဘိုင်းဖုန်းဖြင့် သီချင်းဖွင့်၍ အောက်တွင် တန်းစီနေသော ရာပေါင်းများစွာသော ထရပ်ကားများကို ငေးကြည့်နေခဲ့ကြသည်။
ဖုန်တလုံးလုံးထနေသော ထောင့်ချိုးတလျောက်တွင် ၂၂ ဘီးတပ် ကုန်တင်ကြီးများ ဘီးချော်တတ်သည့် အဆိုပါ ၂လမ်း သွားလမ်းက အန္တရယ်များသည်။ လမ်းမီးများလည်းမရှိသလို အခြားယာဉ်အမျိုးမျိုးကလည်း မကြာခဏ လမ်းမပေါ်သို့ ထွက်လာကြပြီး တောင်ပတ်လမ်းအစွန်းများကလည်း မတ်စောက်ပါသည်။ ထရပ်ကားမှောက်လျင် သို့မဟုတ် ကုန် ပစ္စည်းများ ပြုတ်ကျလျှင် လမ်းက နာရီပေါင်းများစွာ သို့မဟုတ် ရက်အနည်းငယ်ကြာအောင် ပိတ်ဆို့သွားနိုင်ပါသည်။
ဇန်နဝါရီလ ၁၉ ရက်နေ့ မနက်မှာတော့ တောင်တက်လမ်းက ရှင်းလင်းနေသည်။ ရန်ကုန်နှင့် နေပြည်တော်မှ ရောက်လာမည့် ဇိမ်ခံကားများ ပါဝင်သော ယာဉ်တန်းသွားနိုင်ရန် လမ်းရှင်းထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ အထက်ပိုင်းမှ ဝေးလံခေါင်ဖျားသည့် နေရာ ဖွံ့ဖြိုးတိုးတက်ရေး ဧက ၃၀၀ နီးပါးရှိသော စီးပွားရေးဇုန် အကြိုဖွင့်ပွဲ ကျင်းပရန် ရောက်ရှိလာကြခြင်းဖြစ်သည်။ ညအချိန်ရောက်သည်အထိ မူဆယ်မြို့မှ နိုင်ငံရေးသမားများ၊ စီးပွားရေးသမားများ၊ စစ်သားများ၊ အ လှမယ်များနှင့် ထောင်ပေါင်းများစွာသည် လိမော်ရည်ဗူးများ၊ စကော့တလန်နိုင်ငံထွက် Glengoyne ဝီစကီများ အပြင် နိုင်ငံကျော် Iron Cross တေးဂီတအဖွဲ့နှင့် အတူ ပွဲတော်တခု ဆင်နွှဲခဲ့ကြသည်။
စီမံကိန်းကို အကောင်အထည်ဖော်နေသူများက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ရှိနေသော မူးယစ်ဆေးဝါး သုံးစွဲမှုကျယ်ပြန့်လာခြင်းနှင့် ရင်ဆိုင်နေရသော ဒေသခံများရှိနေသော၊ HIV၊ လူကုန်ကူးမှုများ၊ အကျင့်ပျက် ခြစားမှုများဖြင့် ယိုယွင်းနေသောမြို့အား နိုင်ငံတကာခရီးသွားနှင့် စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်နိုင်မည့် ရင်းနှီးမြှုပ်နှံမှု ဧရိယာတခု အဖြစ် ပြန်လည်မြင့်တင်ရန် ကြိုးစားနေကြသည်။
ပြည်နယ် အစိုးရနှင့် မန္တလေးအခြေစိုက် New Star Light Construction တို့ ပူးပေါင်း၍ ဆောင်ရွက်နေသည့် စီမံကိန်းက မြန်မာနိုင်ငံ၏အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဇုန် ဖြစ်လာလိမ့်မည်ဟု စီမံကိန်း ဒါရိုက်တာ ဦးငွေစိုးက ပြောသည်။ လက်တွေ့ကျသည့် ရည်မှန်းချက်တခုလည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကုန်းလမ်းကုန်သွယ်မှု၏ ၈၀ ရာခိုင်နှုန်းကျော်က ရှမ်းပြည်နယ် လားရှိုးမှ မူဆယ်၊ ထိုမှတဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီသို့ ဆက်သွယ်ထားသည့် လမ်းကြောင်းအတိုင်း သွားနေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် အဓိကကုန် ပစ္စည်းများမှာ စိုက်ပျိုးရေးထွက်ကုန်များနှင့် ကျောက်စိမ်း အပါ အဝင် ကုန်ကြမ်းပစ္စည်းများ ဖြစ်သည်။ ၎င်းတို့ကို နယ်စပ်တလျောက်တွင် ပြန်လည်ထုတ်ပိုးပြီး ဈေးတင်၍ ပြန်လည် ရောင်းချကြသည်။ ဖရဲသီး၊ ဆန်နှင့် ပြောင်းတို့ကိုလည်း တရုတ်မှတဆင့် ရုရှားကဲ့သို့ နိုင်ငံများသို့ ပို့ဆောင်ပါသည်။ မြန်မာနိုင်ငံ၏ သွင်းကုန်များမှာ စက်ပစ္စည်းများ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းများနှင့် အီလက်ထရောနစ် ပစ္စည်းများ ဖြစ်သည်။ ရာဘ ဆေးပြားများ၊ ဘိန်း၊ တမလန်းသစ်၊ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများ ပါဝင်သော မှောင်ခိုဈေးကွက်သည်လည်း နယ်စပ်လုံခြုံရေး တာဝန်ရှိများ၏ အတားအဆီးကင်းစွာဖြင့် ကြီးထွားနေပါသည်။
မိမိတို့မြို့က ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ ကျန်ရစ်နေပြီး နယ်စပ်တဘက်တွင် တရုတ်နိုင်ငံ ရွှေလီမြို့ တိုးတက်လာသည်ကို ထိုင်ကြည့်နေခဲ့ရသည့် မူဆယ်မြို့ခံများအတွက် စီမံကိန်း စတင်နိုင်ခဲ့ခြင်းက ပျော်ရွှင်စရာ တခု ဖြစ်လာခဲ့သည်။ “အဲဒီ စီမံကိန်းက မြို့ရဲ့ပုံရိပ်ကို ကောင်းမွန်လာစေပါလိမ့်မယ်” ဟု ဖုန်းအရောင်းဆိုင် တခုတွင် အလုပ်လုပ်နေသော ကိုနော်နော်က ပြောသည်။ “မူဆယ်မြို့က အများကြီး အလားအလာရှိပါတယ်။ ဒီစီမံကိန်းက စီးပွားရေး လုပ်ငန်းတွေအတွက် ကောင်းမွန်ပြီးတော့ တိုင်းပြည်အတွက် တိုးတက်မှုတခု ဖြစ်လာပါလိမ့်မယ်”ဟု အင်ဂျင်နီယာတဦးဖြစ်သူ ဦးထွန်းရီက ပြောသည်။
၂၀၁၈ ခုနှစ်တွင် ပြီးဆုံးမည့် စီမံကိန်းတွင် ကုန်သွယ်ရေးဇုန်များ၊ ကွန်ဒိုမီယံများ၊ အထပ်မြင့်ရုံးခန်းများ၊ အချောထည်များ ရောင်းချမည့် ကျောက်စိမ်းဈေးတခု၊ အဆင့်မြင့်နေအိမ် ၃၀၀ လုံး၊ ပြင်သစ်နိုင်ငံမှ AccorHotels အုပ်စု မှဆောင်ရွက်မည့် ဟိုတယ် ၁ ခု အပါအဝင် ဟိုတယ် ၃ ခု၊ စူပါမားကတ်များ၊ ရဲစခန်းနှင့် မီးသတ်ဌာနများနှင့် ရှမ်းတိုင်းရင်းသား ကျေးရွာ တရွာ တို့ ပါဝင်မည်ဖြစ်သည်။ လူနေနိုင်သည့် ဆိုင်ခန်း ၁၉၂ ခန်း ပါဝင်ပြီး ၉၃ ဒဿမ ၈ ဘီလီယံ ကျပ် ကုန်ကျခဲ့သည့် စီမံကိန်း ပထမအဆင့်ကို ယခု ဖွင့်လှစ်ထားပြီဖြစ်သည်။ အဆင့် ၆ ဆင့် ပါဝင်သော စီမံကိန်းအတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏကို ဦးငွေစိုးက ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ဘဲ ငွေပမာဏကို ခန့်မှန်း၍ မရနိုင်ကြောင်းသာ ပြောခဲ့သည်။
အဆိုပါ စီမံကိန်း အတွက် ဒီဇိုင်းဆွဲပေးခဲ့သော CAD ဆောက်လုပ်ရေး၏ မန်နေဂျင်းဒါရိုက်တာ ဦးဇင်မင်းဆွေက ထိုနေရာသည် နယ်စပ်တဘက်တွင်ရှိသော တရုတ်ဈေးကွက်နှင့် ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု ပြောသည်။ အကယ်၍ စီးပွားရေး မူဝါဒများ ပြောင်းလဲပြီး လွတ်လပ်သောစီးပွားရေးဇုန်တခု ဖော်ဆောင်နိုင်ခဲ့လျှင် ပိုမိုလွယ်ကူလာလိမ့်မည်ဟုလည်း မှတ်ချက်ပေးခဲ့သည်။ စီးပွားရေးဇုန်၏ အောင်မြင်မှုသည် ယခုအချိန်အထိ မပြီးပြတ်သေးသော စီးပွားရေးမူဝါဒများ၏ အထောက်အပံ့ အပေါ် မူတည်ကြောင်းကို အခြားစီးပွားရေးသမားများကလည်း သဘောတူကြသည်။ ယခုနှစ်နှောင်းပိုင်းတွင် ကျောက်စိမ်း ပြပွဲကျင်းပသည့်အခါ ကျောက်စိမ်းရောင်းသူများကို အခမဲ့ပြသခွင့် ၁ နှစ် ပေးမည် ဖြစ်သော်လည်း အခွန်လျှော့ချပေးခြင်း သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုအတွက် အခြားသော မက်လုံးများပေးခြင်းမျိုး မရှိသေးပါ။
ကျောက်စိမ်းဈေးက စီးပွားရေးဇုန်၏ အဓိက အရေးကြီးဆုံးဖြစ်သော်လည်း ကျောက်စိမ်းကုန်ချောများကိုသာ ရောင်းချလိမ့် မည်ဖြစ်သည်။ မဖြတ်တောက်ရသေးသော ကျောက်စိမ်းများ မှောင်ခိုရောင်းဝယ်သည့် ရွှေလီဈေးကွက်များလောက် ဆွဲဆောင်မှု ရှိလိမ့်မည် မဟုတ်ပေ။ မြန်မာနိုင်ငံတွင် ကျွမ်းကျင်သည့် ကျောက်စိမ်းအချောထည် ပညာရှင် နည်းပါးပြီး တရုတ်နိုင်ငံမှ ဝယ်သူများက ပြည်တွင်း ဒီဇိုင်းများကို မကြိုက်ကြကြောင်း ကုန်သည်များက ပြောသည်။ အကျယ်တဝင့် စန်းတင်နေသော်လည်း မူဆယ်မြို့ခံများအတွက်မူ အဆိုပါ စီးပွားရေးဇုန်က ကုန်သွယ်မှုကို မြင့်တင်နိုင်လိမ့်မည်ဟု ယုံကြည်မှု နည်းပါး နေပြီး ဒေသခံများအတွက် အကျိုးအမြတ်ရ၊ မရကိုလည်း မသေချာနိုင်ကြသေးပါ။
စီမံကိန်း အကောင်အထည်ဖော်သူများနှင့် ပတ်သက်၍လည်း အနည်းငယ်သာ သိထားရသည်။ ၎င်းတို့တွင် ဧက ၅၀ နီးပါး ကျယ်ဝန်းသည့် မင်္ဂလာ မန္တလေး စီမံကိန်း အပါအဝင် မန္တလေးမြို့၌ အဓိကရင်းနှီးမြှုပ်နှံမှု ၃ ခုရှိပါသည်။ မူဆယ် စီးပွားရေး ဇုန် စီမံကိန်းအတွက် တင်ဒါ ခေါ်ယူခြင်းမရှိခဲ့ပါ။ New Star Light ကုမ္မဏီက မြေနေရာဝယ်ယူပြီးမှ ပြည်နယ်အစိုးရကို စီမံကိန်း အဆိုပြုခဲ့ခြင်းဖြစ်သည်။ စီမံကိန်း နောက်ကွယ်တွင် တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများရှိသည်ဟု ဒေသခံများက ယူဆကြသော်လည်း ကုမ္မဏီက တာဝန်ရှိသူများက ငြင်းပယ်ခဲ့သည်။
ကုမ္မဏီ အဓိက ရည်မှန်းချက်မှာ ဒေသတွင်းတွင် အလုပ်အကိုင်များ ဖန်တီးပေး၍ ဆင်းရဲနွမ်းပါးမှုကို လျှော့ချရန် ဖြစ်ကြောင်း ဦးငွေစိုးကပြောသည်။ သို့သော်လည်း ဒေသခံ စီးပွားရေးသမားများအနေဖြင့် စီးပွားရေဇုန်အတွင်းတွင် လုပ်ကိုင်ရန် မတတ်နိုင်ကြကြောင်း စားသောက်ဆိုင်တခု ဖွင့်ထားသည့် ဒေါ်ခမ်းမိုင်ကပြောသည်။ “ဒီစီးပွားရေးဇုန်က နှစ်ပေါင်းများစွာ ကျမတို့ဘဝကို တိုးတက်စေနိုင်ပေမယ့် အောက်ခြေနဲ့ အလယ် အလတ် လူတန်းစားတွေအနေနဲ့ အဲဒီမှာ အရောင်းအဝယ်လုပ်ဖို့ မတတ်နိုင်ကြပါဘူး”ဟု သူကဆိုသည်။
ပြီးခဲ့သည့် နှစ် အနည်းငယ်အတွင်း မူဆယ်တွင် စီးပွားရေးလုပ်ငန်းများ ပိုမိုခက်ခဲလာသည်ဟုလည်း သူက ထပ်ပြောသည်။ “ဒီလမ်းမက ကားတွေနဲ့ပြည့်နေတယ်။ အခွန်တွေကလည်း မြင့်လာတယ်။ ငွေဈေးတွေ မတည်ငြိမ်ဘူး။ နယ်စပ် ဖြတ် ကျော်ခွင့် တခုရဖို့ကလည်း ခက်လာတယ်” ဟု ဒေါ်ခမ်းမိုင်က ပြောသည်။
နယ်စည်းမခြား မျှော်လင့်ချက်များ
အလယ်အလတ်တန်းစားနှင့် အခြေခံလူတန်းစားများ ဖယ်ထုတ်လိုက်လျှင် စီးပွားရေးဇုန်သစ်နှင့် ရုံးခန်းများတွင် မည်သူက လုပ်ငန်းများ လုပ်ကိုင်မည်ဆိုသည်မှာ မရှင်းလင်းပါ။ မြန်မာနိုင်ငံ၏ ဥပဒေများအရ နိုင်ငံခြားသားများ အနေဖြင့် မြန်မာ နိုင်ငံတွင် အိမ်ခြံမြေ စသည့် ပိုင်ဆိုင်မှုများ ဝယ်ယူခွင့် မရှိပါ။ ထို့ကြောင့် ကုမ္မဏီသည် မြန်မာနိုင်ငံတလွှားမှ အဆင့်မြင့် စီးပွားရေး လုပ်ငန်းများကို ဆွဲဆောင်ရန် မျှော်လင့်နေပြီး နိုင်ငံတကာ ကုမ္မဏီများ ကလည်း ရုံးခန်းများနှင့် ဆိုင်ခန်းများ ငှားရမ်းအသုံးပြုကြရန် ကြိုးစားသွားမည် ဖြစ်သည်။ ထိုင်းကုမ္မဏိအချို့လည်း ကုန်သွယ်ရေး အခွင့်အလမ်းများကို သိရှိ နိုင်ရန် လာရောက်လေ့လာခဲ့ကြသည်ဟု ဦးငွေစိုးက ပြောသည်။ တရုတ်နိုင်ငံမှ ခရီးသွားများသည်လည်း ထိုစီးပွားဇုန်သို့ လာရောက်လေ့လာမည်၊ မြန်မာနိုင်ငံ၏ အခြားနေရာများသို့ သွားရောက်ရန် ဝင်ပေါက်ဖြစ်လာလိမ့်မည်ဟု ယုံကြည် ကြောင်းလည်း ဦးငွေစိုးက ပြောသည်။
ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြားတွင် နိုင်ငံတကာ ခရီးသွားများ နယ်စပ်ဖြတ်ကျော်သွားလာရန် ခွင့်ပြုချက်ရ၊ မရဆိုသည့်အချက်ပေါ်တွင် အများကြီး မူတည်နေပါသည်။ ထိုသို့ ပြုလုပ်နိုင်ရန် ၂ ဖက် အစိုးရတို့၏ ခွင့်ပြု ချက်ရရန် လိုအပ်နေပြီး အဆိုပါ ခွင့်ပြုချက်မှာလည်း တရုတ်နိုင်ငံမှနှင့် မြန်မာနိုင်ငံ ကြားတွင် အငြင်းပွားနေသည့် ၁၀ မီတာ မြေနေရာအတွက် ဆုံးဖြတ်ချက်အပေါ် မူတည်နေပါသည်။ ထိုနေရာကို တရုတ်နိုင်ငံက သိမ်းပိုက်ထားပြီး မြန်မာနိုင်ငံကလည်း ပြန်လည်တောင်းဆိုထားသည်။ လက်ရှိအချိန်တွင် မူဆယ်မြို့ရှိ ဂိတ် ၃ ခုမှ မြန်မာနိုင်ငံသားနှင့် တရုတ်နိုင်ငံသားများ ဝင်ထွက်နိုင်ပြီး တခြားနိုင်ငံသားများဝင်ထွက်လိုလျှင် ပထမဆုံး နေပြည်တော်သို့ သွား၍ အထူးခွင့်ပြု ရယူရမည် ဖြစ်သည်။
ခရီးသွားလုပ်ငန်းကလည်း လမ်း တံတားနှင့် အခြား အခြေခံအဆောက်အဦ ကောင်းမွန်မှုအပေါ် မူတည်ပါလိမ့်မည်။ မူဆယ်-လားရှိုး နှင့် မြန်မာ နိုင်ငံမှ ကျန်သည့်နေရာများကို ဆက်သွယ်ထားသောလမ်း သည် အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နှင့် ချိတ်ဆက်ထားသော အာဆီယံ အဝေးပြေးလမ်း၏ အစိတ်အပိုင်းဖြစ်ပါသည်။ သို့သော် ဖွံ့ဖြိုးမှုနည်းပါးနေဆဲဖြစ်ကာ ဖုန်ထူပြီး အန္တရယ်များသည့် အတွက် ဘတ်စ်ကားများနှင့် ရောက်လာမည့် တရုတ်ခရီးသွားများ အတွက် အဆင်မပြေသေးပါ။ Asia World Group က ယခင်က ပိုင်ဆိုင်ခဲ့ သော Oriental Highway ကုမ္မဏီသည် ထိုလမ်းအား ၂ လမ်းသွားလမ်းအဖြစ် ချဲ့ထွင်နေသည်။ New Star Lightကုမ္မဏီက လေဆိပ်တခုအတွက် အဆိုပြုခဲ့သော်လည်း ပြီးစီးရန် နှစ်အနည်းငယ်ကြာ အချိန်ယူရလိမ့်မည် ဖြစ်သည်။
နိုင်ငံခြားစီးပွားရေးလုပ်ငန်းများနှင့် ခရီးသွားများ မူဆယ်သို့ ဝင်ရောက်မလာခင် လုံခြုံရေး မြှင့်တင်မှုများ ပြုလုပ်သင့်သည် ဟု ကုန်သည်များက ပြောသည်။ ရွှေလီတွင် စီးပွားရေးလုပ်ရာသည်မှာ လုံခြုံမှုရှိကြောင်း အချို့ကပြောသည်။ မူဆယ်တွင်မူ ကုမ္မဏီများနှင့် ဘဏ်လုပ်ငန်းများသည် လုံခြုံရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များကို ငွေကြေးပေးရကြောင်း ဒေသခံတာဝန်ရှိသူ ၁ ဦး နှင့် အမည်မဖော်လိုသူ စီးပွားရေးသမား ၂ ယောက်ကပြောသည်။
ပြီးခဲ့သည့်နှစ် သြဂုဏ်လက အင်းဝဘဏ် အပြင်ဘက်တွင် ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့သော်လည်း အဆိုပါဖြစ်ရပ်အတွက် တရားခံကို ဖော်ထုတ် အရေးယူနိုင်ခဲ့ခြင်း မရှိပါ။ ရှမ်းပြည်နယ်မြောက်ပိုင်းတလျောက်တွင် မြန်မာတပ်မတော်နှင့် တိုင်းရင်းသား လက်နက်အကြား ပစ်ခတ်မှုများ မကြာခဏ ပေါ်ပေါက်လျှက် ရှိပြီး မကြာသေးခင်သီတင်းပတ်များက တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ မူဆယ်မြို့သည် ဗဟိုအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသည့် အဖြူရောင် နယ်မြေတခု ဖြစ်သော်လည်း စီးပွားရေးဇုန်အသစ် တည်ဆောက်မည့် မြေနေရာကို ယခင်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ပိုင်ဆိုင်ခဲ့ ကြောင်း မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက ပြောသည်။ ကုန်သည်များကလည်း ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ လုံခြုံမှုမရှိမည်ကို စိုးရိမ်နေကြသည်။
လုံခြုံရေးကလည်း အကဲဆတ် ၍ ထိခိုက်လွယ်သော ငြိမ်ချမ်းရေးလုပ်ငန်းစဉ်များ အပေါ် တွင် မူတည်နေပြီး လုံခြုံမှု မရှိလျှင်လည်း စီမံကိန်းက ငွေကုန်သော် လက်တွေ့တွင် အသုံးမဝင်သည့် နေရာတခု ဖြစ်လာနိုင်ပါသည်။ စီးပွားရေး တိုးတက်ရန်အတွက် ဒေသတွင်းမှ တိုင်းရင်းသား လက်နက်ကိုင်များအကြားမှ ငြိမ်းချမ်းရေးနှင့် နားလည်မှုများက အလွန် အရေးပါ လာလိမ့်မည်ဖြစ်ကြောင်း ဦးကျော်ကျော်ထွန်းကပြောသည်။ “ဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့အားလုံး ငြိမ်းချမ်းရေး ရအောင်လုပ်ဖို့ လိုအပ်ပါတယ်”ဟု သူက ဆိုသည်။
(Nikkei Asian Review ပါ Clare Hammond ၏ Restive border town of Muse to be recast as commercial center ကို ဆီလျော်အောင် ဘာသာပြန်သည်)