ချစ်ခြင်းဆိုသည်မှာ လူသားနှစ်ဦးနှင့်သာ ဆိုင်သည့် ပုဂ္ဂလိက ခံစားချက်သာ ဖြစ်ပါသည်။ သို့သော် လူသည် တဦး တယောက်တည်း သီးခြား နေထိုင်သည့် သတ္တဝါ မဟုတ်ဘဲ အစုအဖွဲ့နှင့် နေထိုင်သောကြောင့် ချစ်ခြင်းတွင် သက်ဆိုင်ရာ လူသားနှစ်ဦး သာမက သူတို့၏ နေထိုင်သော လူ့အဖွဲ့အစည်းနှင့်ပါ ပတ်သက် ဆက်စပ်လာရ လေတော့ သည်။
၁၈ ရာစု ပြင်သစ် စာဆိုကျော်ကြီး ဗော်လတဲယားက “အချစ်ဟူသည်မှာ သဘာဝတရား ဖန်တီးထားသော ပိတ်စပေါ် တွင် စိတ်ကူးစိတ်သန်းများဖြင့် ပန်းထိုးချယ်မှုန်းခြင်းပင် ဖြစ်၏” ဟု ဆိုခဲ့ဖူးသည်။ ချစ်စိတ်သည်က သဘာဝ၊ သို့သော် ချစ်ခြင်း ဟူသည်ကား လူသားတို့၏ ပုဂ္ဂလိက ပိုင်းဖြတ်မှုဟု ဆိုလိုသည့် သဘော၊ ထို သဘောတွင် ဆင်ခြင်တုံတရား ၏ ကဏ္ဍက အဓိက ကျလေသည်။
လူသားသည် ဆင်ခြင်ဉာဏ်ရှိကာ အသိုင်းအဝန်းနှင့် နေထိုင်သော သတ္တဝါ ဖြစ်သည်။ အဖွဲ့အစည်း အတွင်း အငြင်းပွားမှု မဖြစ်အောင် လူသားတို့သည် ဆင်ခြင်ဉာဏ်ကို အသုံးချကာ နေထိုင်မှု ဆိုင်ရာ လူမှု စည်းမျဉ်းစည်းကမ်း၊ စံ၊ ကျင့်ဝတ်များ ရှိကြသည်။ ထိုလူမှုစံ၊ စည်းကမ်း ကျင့်ဝတ်များထဲတွင် ချစ်ခြင်းနှင့် ပတ်သက်၍လည်း ပါဝင်၏။
သို့သော် ကျနော်တို့၏ စိတ်ခံစားချက်ကို ကျနော်တို့၏ ဆင်ခြင်တုံတရားက အမြဲတမ်း အနိုင်ရနေသည် မဟုတ်။ အကြောင်းအရာ များစွာတွင် လူသား၏ ဆင်ခြင်ဉာဏ်သည် သူ၏ စိတ်ခံစားချက်များကို အရှုံးပေး ကြရ၏။ ဆင်ခြင်တုံ တရားက အရှုံးပေး၊ ဝပ်စင်းပေးရသော စိတ်ခံစားချက်များထဲတွင် တစုံ တယောက်အား ချစ်ခြင်းဆိုသည်က ထိပ်ဆုံး၌ ရှိနေသည်။ ဆင်ခြင်တုံဉာဏ်ကို ရှေ့တန်းတင်ကာ လှမ်းလျှောက် နေရသော ဘဝခရီးတွင် ဆင်ခြင်တုံတရားကို အနိုင် ယူလိုက်သော စိတ်ခံစားချက်သည် ထိုလူသား၏ အားနည်းချက် ဖြစ်သွားသည်။ ထိုအခါ သူ၏ ပြိုင်ဘက်များက ထို အားနည်းချက်ကို ဦးတည်ကာ ထိုးနှက် တိုက်ခိုက် သဖြင့် ထိုသူတို့ ကျဆုံးကြရ၏။
အချစ်ဟူသော အားနည်းချက်ကြောင့် နစ်မြုပ်ကျရှုံးသွားသော ပုဂ္ဂိုလ်ကျော်များ ကမ္ဘာ့သမိုင်း တလျှောက်တွင် ဒုနှင့်ဒေး။ ထိုအထဲတွင် ဒိန်းမတ်ဘုရင် သတ္တမမြောက် ခရစ်ရှန်၏ မိဖုရားကြီး ကာရိုလင်းနှင့် ဉာဏ်အလင်းသစ် လူမှု တော်လှန်ရေး သမား ဂျာမန် သမားတော်လေး ဂျိုဟန်ဖရက်ဒရစ် စတန်းဆီး တို့သည်လည်း အပါဝင်ဖြစ်၏။ သူတို့ အကြောင်း ရိုက်ကူးထားသော A Royal Affair ဆိုသည့် အော်စကာဆုရ ဒိန်းမတ် ရုပ်ရှင်ဇာတ်ကားလေး တကားကို ပြီးခဲ့သည့် အပတ်က ကျနော် ကြည့်လိုက်ရသည်။
၁၇၆၆ တွင် အင်္ဂလန်ပြည့်ရှင် တတိယမြောက် ဂျော့၏ နှမဖြစ်သူ ကာရိုလိုင်း မာတီဒါသည် ဒိန်းမတ်ဘုရင် သတ္တမ မြောက် ခရစ်ရှန်နှင့် လက်ဆက်ရန် ဒိန်းမတ်သို့ ရောက်ရှိလာခဲ့သည်။
၁၈ ရာစုသည် ဥရောပတွင် တိုင်းပြည်၏ ရှိရှိသမျှ အရင်းအမြစ်များနှင့် အာဏာကို ဘုရင်၊ ကျောင်းတော်နှင့် သူကောင်းမျိုးများ ဟူသော လက်တဆုပ်စာ မြေရှင် ပဒေသရာဇ်များက လက်တွင်း ဆုပ်ကိုင်၍ ပြည်သူများ၏ ကံကြမ္မာကို စိတ်ကြိုက်စီမံကြသည့် နှစ်ပေါင်း ၁၃၀ဝ ကျော် အမှောင်ခေတ်၏ နိဂုံး ရာစုနှစ်ပင် ဖြစ်လေသည်။
၁၆ ရာစု လောက်က စတင်၍ အရှိန်ရလာခဲ့သော လူသားတို့၏ လွတ်လပ်ခြင်းနှင့် တန်းတူညီမျှမှု သဘောတရား များကို ထုတ်ဖော်ရေးသားကြသော စာပေများသည် ၁၈ ရာစု ရောက်သော အခါ ဥရောပ၏ သြဇာအရှိဆုံး စာပေများ ဖြစ်လာခဲ့သည်။ ဖရန်စစ်ဘေကွန်၊ ရေနေးဒေးကား၊ ဂျွန်လော့ခ်၊ စပင်နိုဇာ၊ ဗော်လတဲယား၊ ရူးဆိုး၊ ဒေးဗစ်ဟျူးနှင့် အင်မင်ညူရယ်ကန့် အစရှိသူတို့၏ စာပေလက်ရာများသည် ထိုခေတ် ပညာတတ်များ အကြား အလွန်သြဇာရှိသော စာအုပ်စာတမ်းများ ဖြစ်ခဲ့ကြပါသည်။
သို့သော် သူတို့၏ စာပေများတွင် ထိုခေတ်က ဘုရားသခင် ကိုအကြောင်းပြကာ ပြည်သူအများစု၏ ကံကြမ္မာကို စိတ်ကြိုက် စီမံခြယ်လှယ် နေကြသော နန်းတော်၊ ကျောင်းတော်နှင့် သူကောင်း အမျိုးနွယ်များကို တိုက်ခိုက် ဝေဖန်သော စာများ ဖြစ်သောကြောင့် လူမှုပြုပြင်ပြောင်းလဲရေး အရှိန်ကောင်းနေသော အင်္ဂလန်၊ ပရပ်ရှား၊ နယ်သာလန်၊ ဆွစ်ဇာလန်နှင့် အီတလီတို့ လွတ်လပ်စွာ ဖတ်ရှုနိုင်သော်လည်း ဒိန်းမတ်ကဲ့သို့ မြေရှင် ပဒေသရာဇ်များ အားကောင်းသော နိုင်ငံများတွင်မူ အများပြည်သူ ဖတ်ရှုခွင့် ပိတ်ပင်ထားသော စာပေများ ဖြစ်နေခဲ့ပါသည်။
သတ္တမမြောက် ဘုရင်ခရစ်ရှန်နှင့် လက်ဆက်ရန် ဒိန်းမတ်ရောက်ချိန်ဝယ် ကာရိုလိုင်း၏ အသက်သည် ၁၅ နှစ်မျှသာ ရှိသေး၏။ ကာရိုလိုင်းသည် ဥရောပတွင် ပြုပြင်ပြောင်းလဲရေး၌ ရှေ့တန်းရောက် တနိုင်ငံဖြစ်သည့် အင်္ဂလန်သူ ဖြစ်သဖြင့် ပညာတတ်သည်၊ ရူးဆိုး၊ ဂျွန်လော့ခ်နှင့် ဗော်လတဲယားတို့၏ ပရိသတ်ဖြစ်၏။
လွတ်လပ်သည့် အနာဂတ်ကောင်းကင်ဝယ် အတောင်ပံဖြန့်ကာ အားပြည့်အင်ပြည့် ပျံသန်းရန်ဟူသော ကလေးမလေး ကာရိုလိုင်း၏ ရွှေရောင်စိတ်ကူးယဉ် မျှော်လင့်ချက်များသည် သူလက်ဆက်ရမည့် ဘုရင်လေး ခရစ်ရှန်နှင့် တွေ့သော အခါ အကုန် အရည်ပျော် ပျက်စီးသွားရ၏။ အသက် ၁၇ နှစ်အရွယ် ဒိန်းမတ် မင်းပျိုမင်းလွင်လေး ခရစ်ရှန်သည် စိတ် ကစဉ့်ကလျား ဝေဒနာသည်လေး တယောက်သာ။
ထို့အပြင် လိင်စိတ်ကလည်း ပုံမှန် မဟုတ်။ ဒိန်းမတ်ဘုရင်နှင့် လက်ဆက်ရသောကြောင့် ဒိန်းမတ် ဘုရင့်မိဖုရားကြီး ဖြစ်လာခဲ့သော်လည်း ကာရိုလိုင်း တယောက်က အရူးကို လင်တော်ထားရသော မိဖုရားကြီးမျှသာ။ ထိုထက် ဆိုးဝါးသည့် ထိုးနှက်ချက်ကား သူ၏ စိတ်ထွက်ပေါက်၊ သူ၏ စိတ်ဖြေရာ၊ သူ့ကို စိတ်ဓာတ်ခွန်အား ပေးရာ အင်္ဂလန်မှ သယ်ယူလာခဲ့သော အတွေးအမြင်သစ် စာအုပ်စာတမ်း အားလုံးသည် ဒိန်းမတ်တွင် ပိတ်ပင် တားမြစ်ထားသော စာအုပ် စာတမ်းများ ဖြစ်နေခြင်းပင် ဖြစ်လေ၏။
ထို့ကြောင့် ပျင်းရိဖွယ်ကောင်းသော အလယ်ခေတ် တလျှောက် ခေတ်စားသော ရိုမန်းတစ်ခေါ် ဘုရားသခင်၊ အရှင်နှင့် အချစ်ကို ဦးထိပ်ထားသော အချစ် အလွမ်းအဆွေး မောင်ဘွဲ့ မယ်ဘွဲ့ စာပေများနှင့်သာ ကာရိုလိုင်း တယောက် အချိန် ကုန်ခဲ့ရသည်။
လက်ဆက်စက ခရစ်ရှန်သည် ကာရိုလိုင်းအပေါ် ကြင်ကြင်နာနာနှင့် နွေးနွေးထွေးထွေး ဆက်ဆံခဲ့သော်လည်း နောက်ပိုင်းတွင် သူ၏ ပုံမှန် မဟုတ်သော လိင်စိတ်ကြောင့် ကာရိုလိုင်းနှင့် အတူနေဖို့ သူရှက်လာခဲ့သည်၊ နောက်ပိုင်း မျက်နှာချင်း ဆိုင်ဖို့ပင် သူ့အဖို့ သိမ်ငယ်လာပြီး ကာရိုလိုင်းနှင့် အတူ မနေတော့၊ အတတ်နိုင်ဆုံး မတွေ့အောင် ရှောင်ဖယ်နေတော့သည်။
ကနဦး ကာလများတွင် ထိုအခြေနေကို ကျော်ဖြတ်ရန် ကာရိုလိုင်းသည် လူးဝစ်ဗွန်ပရီဆန် ဟူသော သူ့အပေါ် စာနာ နားလည်ပေးသည့် ပညာတတ် ဒိန်းမတ် ရံရွေတော် တယောက် ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် လူးဝစ်ဗွန်ပရီဆန် က ကာရိုလိုင်းအပေါ် ဘုရင်ခရစ်ရှန်နှင့် နန်းတွင်း တော်ဝင် အသိုင်းအဝန်း၏ ဆက်ဆံရေးကို ဝေဖန်သဖြင့် ပြည်နှင်ဒဏ် အပေးခံလိုက်ရသည်။
သို့နှင့် မိသားစုနှင့် ဝေးသော ရေခြားမြေခြား ဒိန်းမတ်ထီးနန်းဝယ် ဆယ်ကျော်သက်အရွယ် ကာရိုလိုင်းဟူသော မိန်းကလေးတယောက် ငရဲကျသကဲ့သို့သော အထီးကျန်ဆန်မှုဖြင့် ခြောက်သွေ့စွာ ဖြတ်ကျော်ရ လေတော့သည်။ သို့သော် ကံတရား ဖေးမမှု လို့ပဲ ဆိုရမည်၊ ခရစ်ရှန်နှင့် အတူ နေထိုင်ရသည့် ကာလ တိုတောင်းသော်လည်း ကာရိုလိုင်း တယောက် ကိုယ်ဝန်ရရှိခဲ့ပြီး သားတော်လေး ဆဌမမြောက် ဖရဒ်ဒရစ်ကို မွေးဖွား ခဲ့လေသည်။
ဖရဒ်ဒရစ် ကလေး ၂ နှစ် အရွယ် ၁၇၇၀ တွင် ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင်တွင် ကျောက်ရောဂါ ကူးစက်ပျံ့နှံ့ ဖြစ်ပွားလေ၏။ သားတော်လေးကို ထိန်းကျောင်းမွေးမြူရင်း ပျင်းရိဖွယ်ကောင်းသည့် ခရစ်ရှန်ဘော့ဂ် နန်းတော်ကြီး တွင်းမှ လွတ်လပ်ခြင်းမဲ့ ရှင်သန်မှုတွင် သားတော်လေး ဖရဒ်ဒရစ်သည်သာ သူ၏ ဘဝဟု မှတ်ယူထားခဲ့သော ကာရိုလိုင်း တယောက် သားတော်လေးကို အကြောင်းပြု၍ ဂျွန်နသန် ဖရက်ဒရစ်စတန်းဆီး ဟူသော ဂျာမန်လူမျိုး သမားတော်လေးနှင့် ဆုံတွေ့ရသောအခါ ငြိမ်သက်နေသော လွတ်လပ်စိတ်နှင့် မျှော်လင့်ခြင်းတို့ ပြန်လည်အသက်ဝင် နိုးထလာသည်။
စတန်းဆီးသည် ပရပ်ရှား (ဂျာမန်) ပညာတတ် မျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်ပြီး ပရက်ရှားမှ နာမည်ကျော် Halle တက္ကသိုလ် ကျောင်းဆင်း တဦးဖြစ်ကာ အင်္ဂလန်နိုင်ငံတွင် ပညာဆက်လက် သင်ယူခဲ့သူ၊ ကိန်းဘရစ် တက္ကသိုလ်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့သူ ဖြစ်သည်။ ထိုအချိန်က ထိုတက္ကသိုလ်များသည် ဉာဏ်အလင်းသစ်ခေါ် လွတ်လပ်သော အတွေး အခေါ် ပညာတတ်များ စုဝေးရာ အရပ်ဖြစ်ခဲ့ပြီး စတန်းဆီးသည်လည်း ပြင်းထန်သော လူ့အခွင့်အရေးနှင့် တန်းတူညီမျှ ခြင်း ဝါဒီ တဦး ဖြစ်သောကြောင့် ဖခင်အပါဝင် ခရစ်ယာန် ကျောင်းတော်နှင့် အစေးကပ်သူ တယောက်မဟုတ်ပါ။
သူ့လိုပင် လူ့အခွင့်အရေးနှင့် တန်းတူညီမျှခြင်း အယူအဆကို လက်ခံသဖြင့် နန်းတွင်းမှ နှင်ထုတ်ခြင်း ခံထားရသူ ဒိန်းမတ်တော်ဝင်အနွယ် မိတ်ဆွေတဦး၏ ဆက်သွယ်ပေးမှုနှင့် စတန်းဆီး တယောက် ဘုရင်လေးခရစ်ရှန်၏ သမားတော် ဖြစ်လာခဲ့ကာ စတန်းဆီး၏ ကုသမှုကြောင့် ခရစ်ရှန်၏ စိတ်ဝေဒနာ အတော် တိုးတက်လာခဲ့လေ၏။ ထိုမှ ခရစ်ရှန်၏ ယုံကြည် ကိုးစားခြင်းကို ခံရကာ ခရစ်ရှန်ဘော့ဂ် နန်းတွင်းသို့ ရောက်လာခဲ့သည်။
အစဉ်အလာ အဆွေးအမြေ့များနှင့် ပိတ်လှောင်မွန်းကြပ်လှသော ခရစ်ရှန်ဘော့ နန်းတော်ကြီးအတွင်း လွတ်လပ်သော အတွေးအခေါ်များ၊ စာပေများ၊ အနုပညာရပ်များကို မြတ်နိုးကြသော ကာရိုလိုင်းနှင့် စတန်းဆီးတို့ အချိန်တိုတို အတွင်း အမြင်ချင်းသာမက နှလုံးသားချင်းပါ ရင်းနှီးသွားကြသည်က မဆန်းပါ။
သို့သော် ထိုရင်းနှီးမှုမှ တဆင့် ဒိန်းမတ်နိုင်ငံတော်ကြီး အပြောင်းအလဲ ဖြစ်လာသည်က ထူးခြား ပါသည်။
ဘုရင်နှင့် မိဖုရားကြီးတို့၏ ထောက်ခံမှုနှင့် စတန်းဆီး တယောက် နန်းတွင်း၌ အရေးပါသူ တယောက်ဖြစ်လာခဲ့ပြီး နောက်ဆုံးတွင် နန်းရေးဝန် ရာထူးရရှိသွား လေ၏။
တော်လှန်သော အတွေးခေါ်ရှင် စတန်းဆီးတယောက် အာဏာရလာသောအခါ ပြုပြင်ပြောင်းလဲရေးများ ရဲရဲကြီး လုပ်ပါတော့သည်။ မြေရှင် ပဒေသရာဇ်များနှင့် ကျောင်းတော်တို့၏ လုပ်ပိုင်ခွင့်များ၊ အခွင့်ထူးများကို လျှော့ချပစ် လိုက်၏။
လွတ်လပ်စွာ ထုတ်ဖော်ရေးသား ပြောဆိုခွင့်ကို တားမြစ်ထားသော ဥပဒေကို ပယ်ဖျက်ပစ်လိုက်၏။ လုပ်အားခ မပေးသော မြေကျွန်စနစ်ကို ပယ်ဖျက်၏၊ ကျွန်ရောင်းဝယ်မှုကို တားမြစ်၏။ တရားစီရင်ရေးတွင် ညှဉ်းပန်းနှိပ်စက်ပြီး ဝန်ခံစေသည့် စနစ်ကို ပယ်ဖျက် ပစ်လိုက်၏။ လောင်းကစားနှင့် ဇိမ်ခံမြင်းများ မွေးမြူခြင်းမှ အခွန်ကောက်ကာ မိခင်နှင့် ကလေး ဂေဟာများတွင် အသုံးပြုစေ၏။ နိုင်ငံတော်၏ ပညာရေးနှင့် ကျန်းမာရေး အစီအစဉ်များကို ပြန်လည် ပြုပြင်ဆန်းသစ်စေ၏။ တရားစီရင်ရေးကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းပြီး အဂတိလိုက်စားမှုကို ပြင်းပြင်းထန်ထန် တိုက်ဖျက်၏။ မြေရှင်ကြီးများ မိမိတို့ ပိုင်နက်အတွင်း ယခင်ကကဲ့သို့ မြေကျွန်များကို စိတ်ကြိုက်စီရင်ခွင့် မရှိတော့။
စတန်းဆီး၏ အရဲရင့်ဆုံး ပြုပြင်ပြောင်းလဲရေးမှာ စစ်တပ်ကို ပြုပြင်ပြောင်းလဲကာ ပြန်လည်ဖွဲ့စည်းခြင်းပင် ဖြစ်သည်။ အနောက်တိုင်း ဆိုရိုးစကား ဖြစ်သည့် စစ်တပ်စားခွက်ကို မလှုပ်မိပါစေနှင့် (One does not fiddle with the rice bowl of the military) ဟူသော အချက်ကို စတန်းဆီး လှုပ်လိုက်ခြင်းပင်။
ဤသို့ဖြင့် စတန်းဆီးသည် ဘုရားကျောင်းတော်၏ ရန်သူ၊ တော်ဝင် အမျိုးအနွယ်တို့၏ ရန်သူ၊ မြေရှင်ကြီးများ၏ ရန်သူ၊ စစ်ဗျူရိုကရက်ကြီးများ၏ ရန်သူ ဖြစ်လာသည်။ ရန်သူတို့သည် စတန်းဆီး ပြဋ္ဌာန်းပေးလိုက်သော လွတ်လပ်စွာ ထုတ်ဖော် ရေးသားပြောဆိုခွင့် ဟူသော ဥပဒေကိုပင် အသုံးပြုကာ စတန်းဆီးဟူသော ပုဂ္ဂိုလ်သည် ဒိန်းမတ်လူမျိုး မဟုတ်၊ ခရစ်တော်နှင့် ဘုရားသခင်ကို မယုံကြည်သော မိစ္ဆာဒိဋ္ဌိဖြစ်၏၊
သူနှင့် ဒိန်းမတ်လူမျိုး မဟုတ်သော မိဖုရားကြီးတို့ တိတ်တိတ်ပုန်း ဖောက်ပြန်နေကြသည်၊ သနားစရာ ကောင်းသော ဘုရင်လေး ခရစ်ရှန်ကို ဆေးခတ်ကာ ထိန်းချုပ်ထားသည်။ အမျိုးဘာသာ သာသနာ အတွက် ကာရိုလိုင်းနှင့် စတန်းဆီးကို တိုက်ဖျက်သုတ်သင်ကြ ဟူသော စာတမ်းများကို ပြည်သူများအတွင်း ဖြန့်ဝေ၏၊ ပြဇာတ်များ၊ ဇာတ်ထုတ်များကို ကပြတင်ဆက်ကြကာ လှုံ့ဆော်ကြလေသည်။မိဖုရားကြီး ကာရိုလိုင်းကိုလည်း စတန်းဆီးနှင့် ဖောက်ပြန်သူ၊ ဝေဒနာသည် ဘုရင်ကြီးကို ပြုစားထားသော စုန်းမ အဖြစ် ပုံဖော်ကြသည်။
နှစ်ပေါင်း ၁၃၀ဝ ခန့် အမှောင်တိုက်ထဲ နေထိုင်ခဲ့ရကာ မျက်စိပိတ်၊ နားပိတ်၊ ဦးနှောက်အတွင်း အဆိပ်တွေသာ လောင်းထည့်ခြင်း ခံထားရသော ပြည်သူများမှာ အမျိုးဘာသာ သာသနာ ဆိုသည်နှင့် မိမိတို့ကို အမှောင်လောကထဲမှ ဆွဲထုတ်ပေးနေသော စတန်းဆီး၏ ကျေးဇူးကို မမြင်ကြတော့။ တဖြည်းဖြည်းနှင့် ပြည်သူလူထု အကြား၊ အထူးသဖြင့် ဒိန်းမတ် စစ်တပ်ထဲတွင် စတန်းဆီးနှင့် ကာရိုလိုင်းတို့သည် ဒိန်းမတ်နိုင်ငံတော်ကြီးကို အတွင်းလှိုက်ကာ ဖြိုချဖျက်ဆီး နေသော လူမျိုးခြား မိစ္ဆာများ အဖြစ် မြင်လာကြလေတော့သည်။
ထိုအချိန်တွင် ကာရိုလိုင်းတယောက် လူးဝစ်သြဂတ်စတီ အမည်ရှိသည့် သမီးတော်တပါး ထပ်မံဖွားမြင်၏။ ဘုရင်လေး ခရစ်ရှန် တယောက် ဝမ်းသာအားရနှင့် သူ၏ ဒုတိယသမီး ဖွားမြင်ကြောင်း သူ့မိဖုရားအား မကြည်မဖြူ ဖြစ်နေကြသော ဒိန်းမတ် ပြည်သူများကို အသိပေးပါသည်။ သို့သော် အမျိုးဘာသာ သာသနာ ဟူသော နိုင်ငံရေး စိတ်ကြွဆေး တိုက်ကျွေးခြင်း ခံထားရသည့် ကိုယ်ခံအားနည်း ပြည်သူများကို ကျော်လွှားရန်ကား အလွန်ခက်ခဲလှသည်။ အမျက်ဖြေ စေမည့် သမီးလေးသည်ပင် ပို၍ ကြီးထွားစေသော လောင်စာ ဖြစ်သွားရ၏။
ရုပ်ရှင်က မင်းသမီးလေး လူဝစ်သြဂတ်စတီးသည် ကာရိုလိုင်းနှင့် စတန်းဆီးတို့၏ သမီးအဖြစ် ပြသည်၊ သို့သော် ထိုကိစ္စနှင့် ပတ်သက်၍ သမိုင်းတွင် ယခုအချိန်အထိ အငြင်းပွားနေဆဲ။ မည်သို့ပင် ဖြစ်စေ နန်းတော်ကြီး အတွင်း ငြီးငွေ့ဖွယ် ဘဝနှင့် စိတ်ပျက်စွာ နေထိုင်နေရသော ဆယ်ကျော်သက်အရွယ် မိန်းကလေးတဦး၊ သူနှင့် အတွေးအမြင် တူ အမျိုးသားတဦး အား ချစ်မိသွားခြင်းသည် သဘာဝကျပါသည်။ သို့သော် အစုအဖွဲ့နှင့် နေထိုင်ကြသော လူသားတို့ တွင် သဘာဝကျ သော်လည်း ပြုမူရန် မထိုက်သော၊ မသင့်သော ကိစ္စများစွာ ရှိလေ၏။
A Royal Affair သည် ဉာဏ်ပညာကြီးရင့်သော လူသားနှစ်ဦး အကြားက ဆင်ခြင်တုံတရားကို အနိုင်ယူသွားသော အချစ်နှင့် ဒိန်းမတ်နိုင်ငံ၏ သမိုင်း တစိတ်တဒေသကို ရောစပ်ဖန်တီးထားသော ရုပ်ရှင်ကားကောင်း တကားဟူ၍ပင်။ ။