ယခုနှစ် နိုင်ငံတော် အရန်ဆန်အတွက် ရခိုင်ပြည်နယ်မှ တန် ၂၆၅၀ ဝယ်ယူမည်ဖြစ်ပြီး နိုင်ငံတော် အရန်ဆန် ဝယ်ယူရေး ကြီးကြပ်မှု ကော်မတီနှင့် စာချုပ်ချုပ်ဆိုလိုက်ကြောင်း ရခိုင်ပြည်နယ် ဆန်ကုန်သည်ကြီးများအသင်းထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်း ဆန်းစပါးများပိုလျှံနေပြီး နိုင်ငံတော် အရန်ဆန်ဝယ်ယူရေး ကော်မတီကလည်း ဝယ်လိုသည့်အတွက် ရခိုင်ပြည်နယ်မှ တန် ၂၆၅၀ ရောင်းချသွားမည်ဟု ရခိုင်ပြည်နယ် ဆန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးရွှေထွန်းအောင်က ဆိုသည်။
“အရန်ဆန် ဝယ်ယူရေး ကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူး ဦးအောင်သန်းဦး ကနေပြီးတော့မှ ရခိုင်ပြည်နယ်မှာ တန် ၂ ထောင်၊ ၃ ထောင်လောက် ဝယ်ချင်လို့ အဆိုပြုပါတယ်။ အဆိုပြုတော့ အဲဒီနေ့မှာပဲ ၂၆၅၀ တန်ကို စာချုပ်ချုပ်ပြီးတော့မှ အရောင်းအဝယ်ဖြစ်ပါတယ်” ဟု ဦးရွှေထွန်းအောင်က ပြောသည်။
ရခိုင်ပြည်နယ်မှ ဧည့်မထနှင့် ငစိန်ဆန်များ ဝယ်ယူမည်ဖြစ်ပြီး ဧည့်မထ တအိတ်လျှင် ၁၃၅၀၀ ကျပ်နှင့် ငစိန်ဆန် တအိတ်လျှင် ၁၂၅၀၀ ကျပ် တို့ဖြင့် ဝယ်ယူမည်ဟု သိရသည်။
ရသေ့တောင်မြို့မှ တောင်သူလယ်သမားတဦးက “အစိုးရပေးတဲ့ဈေးကတော့ မဆိုးပါဘူး။ ဒါပေမဲ့ တကယ်တမ်း ရောင်းရတဲ့အခါမှာ အဝယ်ဌာနတွေမှာ လုပ်တဲ့လူတွေက တရားဝင်ကြေးတွေ ကောက်တယ်၊ ဘာတယ်ဆိုရင်တော့ ထင်သလောက် မမြတ်တော့ဘူးပေါ့” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် နိုင်ငံတော်အရန်ဆန် ဝယ်ယူရေး ကော်မတီကို ဥက္ကဌ ဦးရွှေထွန်းအောင်နှင့် အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းထားပြီး ယင်းကော်မတီကို တိုက်ရိုက် ဆက်သွယ် ရောင်းချနိုင်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ရသေ့တောင် စသည့် မြို့နယ်များတွင် စပါးစိုက်ပျိုးပြီး ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ တတိယ စပါးအထွက်ဆုံး ပြည်နယ်တခု ဖြစ်သည်။
ရခိုင်ပြည်နယ်မှ ထွက်ရှိသော ဆန်စပါးကို ယခင်နှစ်များက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင်ရော တရားမဝင် လမ်းကြောင်းကပါ တင်ပို့ခဲ့ကြသော်လည်း ယမန်နှစ်မှ စ၍ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မှု ရပ်ဆိုင်းသွားခဲ့သည်။
ယခင် စစ်အစိုးလက်ထက်တွင် ရခိုင်ပြည်နယ်အတွင်း ဆန်းစပါး ကူးသန်းရောင်းဝယ်ခွင့်ကို ကန့်သတ်ပိတ်ပင်ထားမှု ရှိသော်လည်း အစိုးသစ် တက်လာပြီးသည့်နောက် ပြည်နယ်အတွင်း ဆန်စပါး လွတ်လပ်စွာ ကူးသန်းရောင်းဝယ် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် ဆန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးရွှေထွန်းအောင်က “အရင်အစိုးရ လက်ထက်တုန်းကတော့ ဆန်စပါး ကူးသန်းရောင်းဝယ်မှု ပိတ်ထားခဲ့ပေမဲ့ ဒီအစိုးရလက်ထက်မှာ ပြန်ဖွင့်ပေးထားတဲ့ အတွက် လွတ်လွတ်လပ်လပ် ကူးသန်း ရောင်းဝယ်နိုင်ကြတယ်လို့ ပြောချင်ပါတယ်။ ဒီကိစ္စကိုလည်း သက်ဆိုင်တဲ့ တောင်သူတွေ၊ စက်ပိုင်ရှင်တွေ၊ ကုန်သည်တွေကိုလည်း အကြောင်းထားပါပြီ” ဟု ပြောသည်။