ထိုင်းနိုင်ငံရှိ နေထိုင်ခွင့် ဗီဇာ ၄ နှစ် သက်တမ်းကျော် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာ သံရုံးက မြန်မာနိုင်ငံ ပြန်စရာမလိုသည့် သက်တမ်းတိုး နိုင်ငံကူးလက်မှတ်များ ထုတ်ပေးတော့မည် ဖြစ်ကြောင်း သိရ သည်။
ဗီဇာ သက်တမ်း ၂ နှစ်ရှိ နိုင်ငံကူးလက်မှတ် အသစ် ထုတ်ပေးရေး အစီအစဉ်ကို ထိုင်းအစိုးရ တာဝန်ရှိသူများနှင့် ညှိနှိုင်း ထားပြီး သမ္မတရုံးနှင့် အလုပ်သမား ဝန်ကြီး ဌာနတို့က သဘောတူထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်ဝင်းက ဧရာဝတီကို ပြောပြသည်။
“ဒီလို အနေအထားတွေ ရှိတော့ မကြာမီ ကျနော်တို့ သံရုံးကနေ ထုတ်ပေးမယ်။ အဲဒါကို တရားဝင်စာရတာနဲ့ သတင်း ထုတ်ပြန်ပေးမယ်။ သဘောကတော့ ပတ်စ်ပို့ ကို ဘန်ကောက်က သံရုံးမှာပဲ ထုတ်ပေးလိုက်မယ်။ ဗီဇာကလည်း ၂ နှစ်ပေါ့။ ၄ နှစ် ပြည့် လို့ အခက်အခဲဖြစ်နေတဲ့ လူတွေကို အဓိကထားပြီး လုပ်ပေးမှာ”ဟု သူက ဆက်ပြောသည်။
ဗီဇာ သက်တမ်း ၄ နှစ်ကျော် မြန်မာအလုပ်သမား စုစုပေါင်း ၄ သိန်းခန့် ရှိကြောင်း၊ အလုပ်လုပ်ခွင့် လက်မှတ် (Work Permit) ကို မူလ ထိုင်း အလုပ်ရှင်များနှင့်သာ ဆက်လက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ထိုင်းအစိုးရ တာဝန်ရှိသူများနှင့် ဆက်လက်ညှိနှိုင်း၍ အလုပ်လုပ်ခွင့် လက်မှတ်ရသည်အထိ မြန်မာသံရုံးက လုပ်ဆောင်ပေး သွားမည်ဖြစ်ပြီး လာမည့် စက်တင်ဘာ ၅ ရက်နေ့တွင် ထိုင်း အာဏာပိုင်များနှင့် မြန်မာ အလုပ်သမားများအရေး ဆွေးနွေး ရန် ရှိကြောင်းလည်း သူက ဆိုသည်။
ထိုင်း နိုင်ငံတွင် မြန်မာ အလုပ်သမား ၃ သန်းခန့် ရှိမည်ဟု အလုပ်သမား အဖွဲ့ များက ခန့်မှန်းထားကြသည်။ ၂၀၁၀ ပြည့်နှစ် မှ စတင်၍ ထိုင်း-မြန်မာ ၂ နိုင်ငံ သဘောတူညီမှုဖြင့် မြန်မာနိုင်ငံသား စိစစ်ကာ ၁ သန်း ၇သိန်း နီးပါးကို တရားဝင် အလုပ် သမားများ အဖြစ် အသိအမှတ်ပြုသည့် ယာယီ နိုင်ငံကူး လက်မှတ်များ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထိုင်း-မြန်မာ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံး ၁၁ ခု ဖွင့်လှစ်၍ မြန်မာ အလုပ် သမားများအား ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ခွင့်အတွက် ဗီဇာ သက်တမ်း ၂ နှစ်ရှိ ယာယီနိုင်ငံကူး လက်မှတ်များ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုနိုင်ငံကူး လက်မှတ်ဖြင့် နောက်ထပ် ဗီဇာ ၂ နှစ်သက်တမ်း တိုးပိုင်ခွင့်ရှိပြီး စုစုပေါင်း ဗီဇာ သက်တမ်း ၄ နှစ်အထိ ခွင့်ပြုထားသည်။
ထိုင်း နိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေး(လဝက) ဆိုင်ရာ ဥပဒေအရ ဗီဇာ သက်တမ်း ၄ နှစ် ပြည့်ပြီးသော အလုပ်သမားများသည် မြန်မာနိုင်ငံသို့ ပြန်သွားရမည်ဖြစ်ပြီး အနည်းဆုံး ၃ နှစ်ကြာပြီးမှသာ ထိုင်းနိုင်ငံသို့ ပြန်လည် လာရောက် အလုပ်လုပ်ခွင့် ရှိသည့်အတွက် မြန်မာအလုပ်သမား အများအပြား အခက်အခဲ ဖြစ်နေရကြောင်း ရွှေ့ပြောင်း အလုပ်သမားများ အခွင့် အရေး ကွန်ရက်(MWRN) က အရေးပေါ် ကြေညာချက် တစောင် မကြာသေးမီက ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထိုင်း လဝက ဥပဒေသည် ကျွမ်းကျင်လုပ်သား ရှားပါးမှုအခက်အခဲများ ဖြစ်လာစေသည့် အတွက် ထိုင်း လုပ်ငန်းရှင် များကလည်း သဘောမတူကြကြောင်း သိရသည်။
ထိုင်းဥပဒေအရ ဗီဇာသက်တမ်း ၄ နှစ်ကျော်နေပြီဖြစ်သော မြန်မာ အလုပ်သမားများအနေဖြင့် တရားမဝင် အလုပ်သမားများအဖြစ်သို့ ရောက်ရှိနိုင်သည့် အခြေအနေအပေါ် အခွင့်ကောင်းယူကာ မသမာသူများက မြန်မာ အလုပ်သမားများအား ခေါင်း ပုံဖြတ် အနိုင်ကျင့်မှုများ ရှိနေကြောင်း MWRN ဥက္ကဋ္ဌ ဦးအောင်ကျော်ကလည်း ပြောဆိုထားသည်။
မြန်မာ အလုပ်သမားများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက် ပေးရန်အတွက် သမ္မတ ဦးသိန်းစိန်က ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်ဝင်းအား အထူး တာဝန်ပေးထားကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ အရေး နစ်နာဆုံးရှုံးမှုများနှင့်ပတ်သက်၍ ယခင် စစ်အစိုးရများလက်ထက်က ကူညီ ဖြေ ရှင်းပေးမှု အားနည်းခဲ့ကြောင်း၊ သို့သော် ယခုနောက်ပိုင်း မြန်မာသံရုံး၏ ပူးပေါင်း ကူညီဆောင်ရွက်မှုများရှိလာကြောင်း ထိုင်း နိုင်ငံရှိ မြန်မာ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေကြသော အဖွဲ့အစည်းများက ဧရာဝတီကို ပြောဆိုကြသည်။
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း မြန်မာအလုပ်သမားများသည် ထိုင်း စီးပွားရေး လုပ်ငန်းများအတွက် အားထားရသည့် ကဏ္ဍတွင် ရှိပြီး ၂ နိုင်ငံ နားလည်မှုစာချွန်လွှာ (MoU) သဘောတူမှုအရ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အလုပ်သမား စေလွှတ်ခွင့် ရှိသည့် တရားဝင် ကုမ္ပဏီ စုစုပေါင်း ၆၈ ခုကို လုပ်ငန်း လိုင်စင်များ မြန်မာအစိုးရ က ချပေးထားသည်။