မြန်မာအစိုးရ နှင့်ကချင်လွတ်မြောက်ရေးတပ် KIA တို့သည့် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲကို စက်တင်ဘာလ အတွင်း ထပ်မံ ကျင်းပနိုင်ရန် စီစဉ်နေကြောင်း သိရသည်။
ယခု ဆွေးနွေးပွဲသည် ပြီးခဲ့သော မေလကုန်တွင် ၃ ရက်ကြာ ဆွေးနွေးပွဲပြုလုပ်အပြီး ကချင်လွတ်မြောက်ရေးတပ် KIA နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မတီတို့ အပစ်အခတ်ရပ်စဲရေး အကြို သဘောတူညီချက် ၇ ချက်ကို လက်မှတ်ရေးထိုးခဲ့အပြီး နောက်ဆက်တွဲ ဖြစ်သည်။ ထို့ပြင် ယခုရက်ပိုင်းအတွင်း နှစ်ဘက်ထိပ်တိုက်တွေ့သည့် တိုက်ပွဲငယ်များ ဆက်တိုက်ဆိုသလို ဖြစ်လာနေခြင်းနှင့်လည်း တိုက်ဆိုင်နေသည်။
ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံရေး ဆွေးနွေးမှု တစ်ခုတည်းမဟုတ်ဘဲ ဒုက္ခသည်များအတွက် ပြန်လည်နေရာချထားရေးကိစ္စများကိုပါ အဓိက ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်းကချင် ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့မှ ဦးစန်းအောင်က ဧရာဝတီသို့ ပြောဆိုသည်။
“ အစိုးရနဲ့ KIO မတွေ့ဆုံခင် နှစ်ဘက်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေး အလုပ်အဖွဲ့တွေ တွေ့ပါမယ်။ အဲ့ဒါ ပြီးရင်တော့ အစိုးရနဲ့ KIO အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်အောင် လုပ်သွားမှာပါ။ ဒီတခါဆွေးနွေးပွဲက ရလာဒ် ကောင်းမယ်လို့ မျှော်လင့်ပါတယ်။ မြစ်ကြီးနားမှာပဲ ထပ်မံတွေ့ဆုံမှာပါ” ဟု ဦးစန်းအောင်က ဆိုသည်။
မေလပိုင်းတွင် မြန်မာအစိုးရနှင့် KIA ပထမအဆင့်တွေ့ဆုံပြီးသော်လည်း ဌာနချုပ် လိုင်ဇာအနီး စစ်ပွဲ ထပ်မံဖြစ်ပွားခြင်း မရှိတော့သော်လည်း ပူတာအိုနှင့် ရှမ်းပြည်မြောက်ပိုင်း ဒေသများတွင် မကြာခဏ ဖြစ်ပွားနေကြောင်းနှင့် စစ်ပွဲကြောင့် ဒေသခံများလည်း ထွက်ပြေးနေရသေးကြောင်းလည်း ဆိုသည်။
ယခင် မြစ်ကြီးနားမြို့တွင်ကျင်းပသည့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွင် အခြေခံပဏာမ သဘောတူညီချက်အနေဖြင့် နှစ်ဖက်နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန်၊
နှစ်ဖက်တပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်မှု လျှော့ရေးနှင့် တိုက်ပွဲများ ဆက်လက်မဖြစ်ပွားရေး ထိန်းသိမ်းဆောင်ရွက်သွားရန်၊ နှစ်ဘက်ကိုယ်စားလှယ်များပါသော စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့ရန်၊ IDP ဒုက္ခသည်များ ကို ပြန်လည်ထူထောင်နိုင်ရေး နှစ်ဖက်ဆောင်ရွက်ရန်၊ တပ်ပိုင်းဆိုင်ရာ နေရာချထားရေး ဆက်လက်လုပ်ဆောင်ရန်၊ KIO ကိုယ်စားလှယ်များ မြစ်ကြီးနားတွင် ထားရှိရန်၊ နောက်တကြိမ်ဆွေးနွေးပွဲတွင် အခြားဖိတ်ကြားလိုသောအဖွဲ့များ ရှိလျှင် နှစ်ဘက် ညှိနှိုင်းဆောင်ရွက်ရန်နှင့် နောက်တကြိမ် ဆွေးနွေးပွဲ၌ ယခုတက်ရောက်သည့်အဖွဲ့များ ပြန်လည်တက်ရောက်ရန် တို့ပါဝင်သည်။
လက်ရှိ ပူတာအို မြို့ မချမ်းဘောမြို့နယ်အတွင်း စစ်ပွဲ ထပ်မံဖြစ်ပွားမှုနှင့် ပတ်သက်၍ ပူတာအို မြို့ဒေသခံ အမျိုးသား တဦးက “မချမ်းဘောမြို့နယ် အင်ခါကျေးရွာဘက်မှာကတော့ အခုထိ စစ်ပွဲတွေ ဖြစ်နေသေးတယ်။ ဒုက္ခသည်တွေကတော့ မချမ်းဘောမြို့ပေါ် ထွက်ပြေး တိမ်းရှောင်နေရတယ်။ အိမ်ထောင်စု ၁၅ စုကို မြန်မာအစိုးရဘက်က ခေါ်သွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သြဂုတ်လ ၂၈၊၂၉ ရက်တွင် ပူတာအိုအနီးရှိ KIA တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ အခြေစိုက်ရာ အင်ခါကားကျေးရွာအနီး အစိုးရ တပ်အခြေစိုက် ခလရ တပ်ရင်း ၁၃၇ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို့နည်းတူ ရှမ်းပြည်နယ် မြောက်ပိုင်း KIA တပ်မဟာ ၄ လက်အောက်ခံတပ်ရင်း (၂) တပ်ဖွဲ့နှင့် အစိုးရ တပ်တို့ မန်ဂျေမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားကြောင်း၊ ထိုတိုက်ပွဲများတွင် မြန်မာအစိုးရတပ်သည် KIA တပ်တည်ရှိသည့်နေရာကို နယ်မြေကျော်ဝင်ရောက် လာသဖြင့် ဖြစ်ပွားခဲ့ရကြောင်း ကချင်သတင်းများက ဆိုသည်။
KIA အနေဖြင့် အစိုးရနှင့် ၈ ကြိမ်မြောက် ဆွေးနွေးမှုများ လုပ်ဆောင်နိုင်ခဲ့သော်လည်း အလုံးစုံ အပစ်အခတ် ရပ်စဲရေး စာချုပ်ကိုမူ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပေ။ အစိုးရကမူ လာမည့် အောက်တိုဘာလအတွင်း တပြည်လုံး အပစ်ရပ်နိုင်ရေး ဆောင်ရွက်သွားမည်ဟု ကြေညာထားသည်။