ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) နှင့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဦး ဆောင်သည့် ကိုယ်စား လှယ်အဖွဲ့သည် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးခဲ့ကြသော်လည်း ဖြစ်နိုင်ခြေ နည်းပါးကြောင်း သိရသည်။
ALP နှင့်အစိုးရ တို့အကြား ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို သီးသန့်မလုပ်ဆောင်တော့ဘဲ တနိုင်ငံလုံး အ ပစ် အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲတခုကို အောက်တိုဘာလတွင် နေပြည်တော်၌ ပြုလုပ်မည် ဖြစ်ကြောင်း၊ ထို လက်မှတ် ရေးထိုးပွဲသို့ ALP အနေဖြင့် တက်ရောက်ရန် ဦးအောင်မင်း က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ယနေ့တွေ့ ဆုံစဉ် ဖိတ်ခေါ်ကြောင်း ALP ဒု ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် က ဧရာဝတီ ကို ပြောသည်။
“ပြည်ထောင်စုအဆင့်ဖြစ်လာဖို့ တွေ့ဆုံတာ ဒီနေ့ ဆိုရင် ၄ ကြိမ်ရှိပြီ၊ တွေ့တိုင်းမှာလည်း ရခိုင်ပြည်မှာ ရခိုင်-ဘင်္ဂါလီ အရေး အခင်းတွေ ဖြစ်နေတယ်၊ ဒါကြောင့် တည်ငြိမ် အေးချမ်းအောင်စောင့်ပါလို့ပဲ အကြောင်းပြနေတယ်၊ ပြည်ထောင်စု အဆင့် ဆွေးနွေးမယ်ဆိုလည်း နေပြည်တော်ကို လာတဲ့ အခါမှ ဆက်လက်ဆွေးနွေးဖို့ ပြောတယ်၊ ကျနော်တို့ဘက်ကတော့ စဉ်းစား ဦးမယ်လို့ပဲ ပြောလိုက်တယ်”ဟု ၎င်းက ဆိုသည်။
အစိုးရ နှင့် ALP တို့သည် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးကို ရခိုင်ပြည်နယ်၊ စစ်တွေ မြို့၌၂၀၁၂ ခုနှစ် ဧပြီ ၆ ရက်နေ့ တွင်သဘောတူ လက်မှတ် ထိုးခဲ့ပြီးဖြစ်သည်။ ပြည်နယ်အဆင့် လက်မှတ်ရေးထိုးပြီး ဖြစ်၍ ပြည်ထောင်စု အဆင့် ဆက်လက် ဆွေးနွေးရန် ကြိုးပမ်းနေကြသည့်တိုင် ယနေ့အထိ အောင်မြင်မှု မရသေးပေ။
ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ပြုလုပ်နိုင်ရန်အတွက် တိုင်းရင်းသား အဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) နှင့် ချင်းမိုင်မြို့၌ ယမန်နေ့ က ဆွေးနွေးခဲ့ကြရာ သဘောတူညီမှု မရခဲ့ကြပေ။
ALP အနေဖြင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများကိုပင် လက်တွေ့အကောင် အထည်ဖော်နိုင်မှု မရှိသေး ကြောင်း၊ ရခိုင်-ဘင်္ဂါလီ အရေးအခင်းတွင် ALP သည် နောက်ကွယ်က ပါဝင်ပတ်သက်ကြောင်း ကြားသိနေရသည် ဟု ဦးအောင်မင်း က ပြောဆိုကြောင်း၊ ထို့ကြောင့်ပင် ဒေသဖွံ့ဖြိုးရေး၊ ဆက်ဆံရေး ရုံးများဖွင့်လှစ် နိုင်ရေးတို့ကို ဆိုင်းငံ့ထား သည် ဟု ဦးအောင်မင်း က ပြောဆိုကြောင်း သိရသည်။
“ALP ကို လုပ်ပိုင်ခွင့်တွေ ပေးလိုက်ရင် ဘင်္ဂါလီတွေက တမျိုးမြင်လာနိုင်တယ်ပေါ့၊ ဒါကို အစိုးရက စိုးရိမ်တယ်ဆိုတဲ့ သဘော မျိုး ဦးအောင်မင်းက ပြောတယ်၊ အစိုးရ အနေနဲ့လည်း နိုင်ငံတကာ မွတ်စလင် အသိုင်း အဝိုင်းတွေကို လွန်ဆန်နိုင်ပုံ မရဘူး” ဟု ဦးခိုင်စိုးနိုင်အောင် က ပြောသည်။
သမ္မတ ဦးသိန်းစိန် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့တွင် ပြည်ထောင်စု အ ဆင့် ဆွေးနွေးရန် ALP အဖွဲ့ တခုတည်းသာ ကျန်ရှိပြီး ဆက်ဆံရေးရုံး တရုံးသာ ဖွင့်ခွင့်ရရှိသေးကြောင်း သိရသည်။
ပြည်နယ်အဆင့် ဆွေးနွေးပွဲ၌ ALP သည် အချက် ၁၇ ချက်တင်ပြခဲ့သော်လည်း ၅ ချက်သာ သဘောတူညီမှု ရရှိခဲ့သည်။ ထို ၅ ချက်တွင် ပြည်ထောင်စု အဆင့် ဆက်လက်ဆွေးနွေးရန်၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများလုပ် ဆောင်ရန်နှင့် ဆက်ဆံရေးရုံး များ ဖွင့်လှစ်ရန်တို့ ပါဝင်သည်။
ထို့အတူ ALP ပါတီဝင်များ နိုင်ငံတဝန်းသို့ လက်နက်မဲ့ လွတ်လပ်စွာ သွားလာခွင့် ရရှိရေး၊ နယ်မြေကျော်လွန်၍ လက်နက် ကိုင်ဆောင် သွားလာမှုများကို နှစ်ဘက်ကြိုတင် ညှိနှိုင်း ဆောင်ရွက်ရန်တို့ကိုလည်း သဘော တူညီမှု ရရှိထားသည်။
ALP နှင့် အစိုးရတပ်တို့အကြား နယ်မြေသတ်မှတ်ရေး၊ အစိုးရတပ်များ ဆုတ်ခွာပေးရေး၊ မတရားအသင်း ကြေညာထားသော ဥပဒေ များ ရုပ်သိမ်းပေးရေး၊ တပြည်လုံး အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသားများ လွွှတ်ပေးရေးနှင့် ရခိုင်ပြည်နယ် ဒေသခံ များရရှိရမည့် အခွင့်အရေးများ စသည်တို့ပါဝင်သည့် အချက် ၁၂ ချက်ကိုမူ ပြည်ထောင်စု အဆင့်၌ ထပ်မံ ဆွေးနွေး သွားရန်လည်း သဘောတူခဲ့ကြသည်။
ALP ပါတီကို ၁၉၆၇ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး(KNU) နယ်မြေ၌ စတင် တည်ထောင်ခဲ့ပြီး ၎င်း၏ လက်အောက်တွင် ရခိုင်ပြည်လွတ်မြောက် ရေးတပ်မတော်(ALA) ရှိသည်။ ALA ကို ၁၉၇၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ တွင် ထူထောင်ခဲ့ပြီး မြန်မာ-အိန္ဒိယ နယ်စပ်၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ ထိုင်း နယ်စပ်တို့တွင် အခြေစိုက် လှုပ်ရှားလျက် ရှိ သည်။