မနက်ဖြန်ကျရောက်မယ့် မြန်မာ့တပ်မတော်ရဲ့ ၇၁ နှစ်မြောက် တပ်မတော်နေ့အတွက် စစ်ရေးပြချီတက်မှုတွေ အစမ်းလေ့ကျင့်ပြုလုပ်နေရာမှာ ဘီလာရုစ်နိုင်ငံကနေ ဝယ်ယူထားတဲ့ Kvadrat –M အမျိုးအစား ခေတ်မီ မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံတွေကို ထည့်သွင်းလေ့ကျင့်နေတာတွေ့ရတယ်လို့ နိုင်ငံတကာ စစ်ရေးလေ့လာ အကဲခတ်သူတွေက ဆိုပါတယ်။
အဆိုအရ Kvadrat –M အမျိုးအစား ခေတ်မီ မြေပြင်မှဝေဟင်ပစ် ဒုံးပျံဟာ ဆိုဗီယက်ခေတ်က ထုတ်လုပ်ထား တဲ့ SA-6 “Gainful ကို ဘီလာရုစ် ကုမ္ပဏီ Alevkurp JSC က ပိုမိုကောင်း မွန်အောင်ပြုပြင် ထုတ်လုပ်ထားပြီး၊ MZKT- 6922 ကဲ့သို့ လေကာမှန် ၃ချပ်တပ်၊ လမ်းကြမ်း စနစ်သုံး၊ ရေဒါ ဖျက်ဗုံးများ၊ ဒုံးကျည်များ ကလပ်စတာလို အတွဲလိုက် ဗုံး တွေ ကို ခံနိုင်ရည်ရှိတဲ့ ကားပေါ်မှာ တင်ဆောင် ပစ်ခတ်ရတဲ့ ခေတ်မီ လေကြောင်းရန် ကာကွယ်ရေး ဒုံးပျံဖြစ်တယ်လို့ သိရပါတယ်။
အရင်ကတော့ မြန်မာ့တပ်မတော်ရဲ့ စစ်ရေးပြအခမ်းအနားတွေမှာတော့ လေကြောင်းရန် ကာကွယ် ရေးဒုံးလက်နက်တွေနဲ့ ပတ်သက်ရင် S-125-2TM လို့ခေါ်တဲ့ Pechora -2M အမျိုးအစား ဒုံးကျည်တွေပဲ မြင်တွေ့ရပေမယ့်၊ အခုအခါမှာတော့ ပိုမိုခေတ်မီတဲ့ Kvadrat –M ဒုံးပျံတွေ ပါဝင်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်းကတော့ မြန်မာ့တပ်မတော်မှာ သုံးစွဲနေတဲ့ လက်နက်တွေ အကြောင်း ဆွေးနွေး ရေးသားတဲ့ Myanmar military Blog မှာတော့ ဘီလာရုစ် ကုမ္ပဏီ MZKT ထုတ် Off – road လေကြောင်းရန် ကာကွယ်ရေးသုံးယာဉ် MZKT699 အကြောင်းကို ရေးသားထားသလို၊ မြန်မာပြည်ရဲ့ ဆိပ်ကမ်းတခုမှ MZKT 699 ကားတစီးကို သင်္ဘောပေါ်က ချနေတဲ့ ဓာတ်ပုံကိုလည်း ဖော်ပြခဲ့ပါသေးတယ်။
ခေတ်မီလေကြောင်းရန် ကာကွယ်ရေးလက်နက်တွေကို ပိုင်ဆိုင်ထားပြီဖြစ်တဲ့ မြန်မာတပ်မတော်ဟာ ကိုကိုး ကျွန်းရေပြင်မှာ ပြီးခဲ့တဲ့လက Combined Fleet Exercise- Sea Shield 2016 တပ်မတော်(ရေ) စစ်ရေ ယာဉ် တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်းလုပ်စဉ် အမြင့်ပေ ၁၅၀၀၀ အထက်မှ ဝင် ရောက်ပျံသန်းသွားသည့် အမျိုးအမည်မသိ မြန်နှုန်းမြင့် လေယာဉ် ၃စီး ရေဒါမှာ ဖမ်းမိခဲ့ပြီးနောက် လေ ကြောင်းရန် ကာကွယ်ရေးလက်နက်များနဲ့ အသင့်ချိန်ရွယ် ထားတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါသေးတယ်။