မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ကျရောက်သည့် ၉၂ နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အနေနှင့် ဗိုလ်ချုပ်အောင်ဆန်း ၏ ဇာတိမြို့နတ်မောက်တွင် ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံ၍ မိန့်ခွန်း ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းမှစတင်၍ နေပြည်တော်မှထွက်ခွာလာခဲ့ရာ နတ်မောက် ခရီးစဉ်တလျှောက် တောင် တွင်းကြီးမြို့၊ မြို့သစ်မြို့များကို ဝင်ရောက်ခဲ့ပြီး မွန်းလွဲပိုင်း၌ မကွေးတိုင်း နတ်မောက်မြို့ ဗိုလ်ချုပ် ကြေးရုပ်အနီးတွင် ၂၅ မိနစ်ခန့် မိန့်ခွန်းပြောကြားခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က“အမျိုးသား အောင်ပွဲဆိုတာ ကျမတို့ တိုင်းပြည်စည်းလုံးညီညွတ်လို့ ဖြစ်လာတာ။ ဒါပေမယ့် အခုအချိန်မှာတော့ ကျမတို့ ညီညွတ်ဖို့ အများကြီး လိုသေးတယ်။ ကျမတို့ တိုင်းရင်းသားတွေနဲ့ စည်းလုံးညီညွတ်မှု ရဖို့ အများကြီးလိုသေး တယ်”ဟု ယနေ့ ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်း ပြောကြား သည်။
နတ်မောက် ဒေသခံများက လမ်းပန်းဆက်သွယ်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ ပြဿနာအခက်အခဲများကို တင်ပြခဲ့ကြပြီး ဘွဲ့ရ လူငယ် များ အလုပ်အကိုင် ရှားပါးမှု ပြဿနာကိုလည်း တင်ပြခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်က ဘွဲ့ရလူငယ်များ အလုပ်အကိုင် ရှားပါးမှုသည် နိုင်ငံ၏ ပညာရေးနှင့် စီးပွားရေးစနစ် ချို့တဲ့မှုကြောင့် ဖြစ်ပြီး ထိုအချက်များကို ပြင်ဆင်နိုင်ရန် ကြိုးစားနေကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နတ်မောက်မြို့မှ ညနေ ၅ နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားပြီး မကွေးတိုင်းဒေသကြီး မကွေးမြို့ ထိန်ထိန်သာ ဟိုတယ် တွင် ယနေ့ည တည်းခိုမည်ဖြစ်ကြောင်း သိရသည်။
“လမ်းတလျှောက်လုံး ကြိုကြတယ်။ ကြာကန်ရွာမှာ ၁၀ မိနစ်လောက် လူတွေကို စကားပြောသေးတယ်။ သူအခု လာတာက မဲရဖို့ စည်းရုံးရေးလာတာ မဟုတ်ဘူး။ သူ ဒီဒေသကို လာချင်လို့ ချစ်လို့ လာတယ်ဆိုတာ ပြောသွားတယ်။ ကြိုတဲ့သူတွေကလည်း သောင်းသောင်းဖျဖျပဲ”ဟု ဒေါ်အောင်ဆန်းစုကြည် နတ်မောက်ခရီးစဉ်တွင် သတင်းလိုက်ယူနေသည့် သတင်းထောက်တဦးက ပြော ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၇ နာရီခွဲတွင် မကွေးမြို့ရှိ မြသလွန် စေတီ ဘုရားကွင်းတွင် မကွေးလူထုနှင့် တွေ့ဆုံမည်ဖြစ်ပြီး ကျောက်ပန်းတောင်း၊ ရေနံချောင်းနှင့် ညောင်ဦးမြို့များသို့ ထပ်မံသွားရောက် မည်ဖြစ်ကြောင်း သိရ သည်။
သမ္မတ ဦးသိန်းစိန်ကလည်း ၉၂ နှစ်မြောက် အမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ပြည်သူနှင့် အတူ တက်ညီလက်ညီ ပုံဖော်ခဲ့ကြောင်းနှင့် အချိန်တိုအတွင်း ဘက် ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေမည့် သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ပြီ ဖြစ်ကြောင်း ပြောဆိုထားသည်။
ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို အင်္ဂလိပ်အစိုးရက ၁၉၂၀ သြဂုတ်လ ၂၈ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သည့်အတွက် ကျောင်းသား များက ထိုဥပဒေကို စတင် သပိတ်မှောက်သော ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက် မြန်မာ သက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့ အဖြစ် သတ်မှတ် ခဲ့ကြသည်။
(နတ်မောက်မှ ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ် နှင့် ရန်ကုန်မှ နန်းသီရိလွင် ပူးပေါင်း ရေးသားသည်)