ထောင်ထဲတွင် ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားစာရင်း မှန်ကန်မှုရှိ မရှိ သိရှိနိုင်ရန် ထောင်တွင်းသို့ သွားရောက် စိစစ်ခွင့် ပေးမည်ဟု သမ္မတဝန်ကြီးရုံး ဒုတိယ ဝန်ကြီး ဦးအောင်သိန်းက လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ ဆွေးနွေးပွဲ အပြီးတွင် ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“လက်ရှိ နိုင်ငံရေး အကျဉ်းသားတွေကို စိစစ်နေပါတယ်။ ဘာလို့လဲဆိုတော့ တချို့ နိုင်ငံရေး အကျဉ်းသားတွေ လို့သာ ပြောတာ အဓမ္မမှု၊ ဖောက်ခွဲမှုနဲ့ အကျဉ်းကျနေတာ။ အမှုတွေကို ပြန်စစ်ဖို့ လိုအပ်ရင် ပြန်စစ်မယ်။ အဲဒါတွေကြောင့်လည်း နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ဖို့ ခက်ခဲနေတာပါ” ဟု ဦးအောင်သိန်းက ဆိုသည်။
နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီနှင့် ပတ်သက်ပြီး တချို့ နိုင်ငံရေး အကျဉ်သားများကို ရှာဖွေ၍ မရပါက အကျဉ်းထောင် ထဲတွင် ဝင်ရောက်စိစစ် ဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်း၊ နိုင်ငံရေး အကျဉ်းသားများ စာရင်းကို အတိအကျ စိစစ်ကာ သမ္မတထံ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် မေ ၁၁ ရက်နေ့က ကျင်းပသည့် အထက်ပါ ဆွေးနွေးပွဲ၌ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီက ပထမဆုံးအကြိမ်အဖြစ် အကျဉ်းထောင်များ အတွင်းသို့ မကြာခင် သွားရောက် လေ့လာရန် သဘောတူညီခဲ့ကြောင်း သိရသည်။
“ကျနော်တို့ကို လိုအပ်ရင် အမှုတွေ ပြန်စစ်ဆေးတာတွေ လုပ်နိုင်အောင်၊ အကျဉ်းထောင်တွေ ထဲကိုလည်း သွားလို့လာလို့ လွယ်အောင် လုပ်ပေးဖို့ ဆွေးနွေးပါတယ်။ အခုလို ဆွေးနွေးတာ ကောင်းတဲ့ဘက်ကို ဦးတည်လာပါတယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ အတွင်းရေးမှူး ဦးဘိုကြည်က ဧရာဝတီသို့ ပြောသည်။
ထို့အပြင် အစိုးရ အနေဖြင့် နိုင်ငံရေး အကျဉ်းသားဆိုသည်ကို လက်မခံသေးကြောင်း၊ လုပ်ငန်းသဘောအရ လက်ကျန် နိုင်ငံရေး အကျဉ်းသား ကော်မတီဟု ခေါ်ဝေါ်သုံးပြုကာ ကျန်အချိန်များတွင် မသုံးမပြုသည့် အတွက် စိတ်သက်သာမှု မရကြောင်း၊ နိုင်ငံရေး အကျဉ်းသားများ၏ အမှုနှင့် ပတ်သတ်ပြီး အငြင်းအခုံ ပြုလုပ်ရမည် ဖြစ်ကြောင်း ဦးဘိုကြည်က ဆိုသည်။
“နိုင်ငံရေး ကိစ္စနဲ့ အကျဉ်းကျ မကျကို စိစစ်ဖို့ ကျနော်တို့ သဘောတူပါတယ်။ ပုဒ်မ ၄၀၁ နဲ့ လွတ်လာတဲ့ သူတွေကို ဒါမျိုးမလုပ်ဖို့ ကျနော်တို့ ပြောဖြစ်ပါတယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးရဲအောင်က ဧရာဝတီသို့ ပြောသည်။
နိုင်ငံရေးကိစ္စနှင့် ပတ်သက်ပြီး ဖမ်းဆီးသည်ကို မည်သို့မှမပြောလိုကြောင်း၊ ဥပဒေအရ စနစ်တကျ သတ်မှတ် ဖမ်းဆီးရန် လိုအပ်ကြောင်း၊ ဝရမ်းမပါဘဲ ထောင်ထဲသို့ရောက်မှ ကိုယ့်နည်းကိုယ့်ဟန်နှင့် ဆက်သွယ်ကာ သိရသည့်ပုံစံများ မဖြစ်ရန်နှင့် ဥပဒေအရ စနစ်တကျ ဖမ်းဆီးရန် လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ ဆွေးနွေးပွဲတွင် တင်ပြခဲ့ကြောင်း ၎င်းက ဆိုသည်။
“ကျနော်တို့ ပါတီအနေနဲ့တော့ ဘာမှ မတင်ပြပါဘူး။ လောလောဆယ်တော့ သမ္မတဆီကို RCSS က ၃၇ ယောက်၊ SSPP က ၄ ယောက် အကျဉ်းချ ခံနေရတာကို ပြန်လွှတ်ပေးဖို့ တင်ထားတယ်” ဟု ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ
ဦးစိုင်းညွန့်လွင်က ပြောသည်။
လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီသည် ယခင်က အဖွဲ့ဝင် ၁၅ ဦးရှိရာ ယခု ၁၉ ဦးအထိ တိုးချဲ့ ဖွဲ့စည်းခဲ့ကြောင်း၊ ကော်မတီတွင် AAPP အပါအဝင် နိုင်ငံရေးအကျဉ်းသားနှင့် ပတ်သက်သည့် အသင်းအဖွဲ့များ၊နိုင်ငံရေး ပါတီများ၏ ကိုယ်စားလှယ်များလည်း ပါဝင်ကြောင်း၊ မကြာမီတွင်လည်း ကော်မတီအနေဖြင့် ရုံးခန်းသစ် ဖွင့်လှစ်ရန်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်သည့် အဖွဲ့များ၏ စာရင်းအရ လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ၁၈၅ ဦး ကျန်ရှိနေ သေးကြောင်း၊ ထောင်ဒဏ်မကျသေးဘဲ စိစစ်ဆဲ အခြေအနေတွင် ရောက်ရှိနေသူ ၁၀၀ ဦး ရှိကြောင်း၊ စိစစ်ရေး ကော်မတီ အနေဖြင့် လက်ကျန်နိုင်ငံရေး အကျဉ်းသားစာရင်း အတိအကျကို ထုတ်ပြန်မှု မရှိသေးကြောင်း ယင်းကော်မတီက ဆိုသည်။