ရခိုင်ပြည်နယ် မောင်းတောမြို့ပေါ်တွင် အစ္စလမ်ဘာသာဝင်များက အကြမ်းဖက်မှု ပြုလုပ်သဖြင့် လူနည်းစုဖြစ်သော ဗုဒ္ဓဘာသာဝင် တို့မှာ ၎င်းတို့၏ လုံခြုံရေး အခြေအနေကို စိုးရိမ်နေကြသည်။
ယနေ့မွန်းလွဲ ၁ နာရီခွဲခန့် တွင် အစ္စလမ်ဘာသာဝင်များက မြို့ပေါ်ရှိ ဗုဒ္ဓဘာသာဝင်များ နေထိုင်ရာ အိမ်များ၊ ကျေးရွာတချို့နှင့် တည်းခိုရိပ်သာတချို့ကို မီးရှို့ဖျက်ဆီးပြီး ဓားဖြင့် လက်ရောက်ကျူးလွန်သဖြင့် သေဆုံးမှုများလည်း ရှိခဲ့သည်။ ထိုကြောင့် မြို့ခံများမှာ ကြောက်ရွံ့နေကြခြင်းဖြစ်သည်ဟု ဆိုသည်။
ဗုဒ္ဓဘာသာဝင်များသည် ၎င်းတို့အိမ်များတွင် မနေရဲဘဲ မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် သွားရောက်ခိုလှုံနေပြီး လုံခြုံရေးယူပေး ရန် ရဲစခန်းသို့ အကြောင်းကြားထားသော်လည်း လာရောက် ကာကွယ်ပေးထားခြင်း မရှိသေးသဖြင့် စိုးရိမ်နေကြခြင်းဖြစ်ကြောင်း သိရ သည်။
“အကြမ်းဖက်တဲ့လူတွေက ဟိုတဖွဲ့ဒီတဖွဲ့ အိမ်တွေမှာ လူစုနေကြတယ်။ အခု ဒီဘုန်းကြီးကျောင်းနဲ့ အိမ်လေးလုံး အကွာက အိမ်မှာ သူတို့အဖွဲ့ ရာဂဏန်းလောက် ရှိတယ်။ ဒီကို ထွက်ထွက်ပြီး ကြည့်နေတယ်။ ည ရောက်ရင်သူတို့ လာပြီး လုပ်မှာကြောက် နေရ တယ်”ဟု မြို့ခံတဦးက ပြောသည်။
ယနေ့မွန်းလွဲပိုင်းက ရာနှင့်ချီသော အစ္စလန်ဘာသာဝင် အကြမ်ဖက်သူများ မြို့ပေါ်ရှိ ဗိုလ်မှူး ကျေးရွာသို့ ဝင်ရောက်ကာ အနီးရှိ သဇင် တည်းခိုခန်း အပါအဝင် အိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဓားဖြင့် လက်ရောက် ကျူးလွန် ခဲ့သည်။
ထို လူတစု၏ လက်ရောက်ကျူးလွန်မှုကြောင့် အသက် ၆၀ ကျော်အရွယ် အမျိုးသားတဦးမှာ နေရာတွင် သေဆုံးသွားခဲ့ပြီး အခြား တဦးဖြစ်သူ ဒေါက်တာ ခင်မောင်လတ် နှင့် ဇနီး အပါအဝင် အခြားအရပ်သားတဦးမှာ ဒဏ်ရာများနှင့် မောင်းတော မြို့နယ်ဆေးရုံကြီး သို့ တင်ပို့ကာ ဆေးကုသမှု ခံယူခဲ့ရသည်။
မီးရှို့မှု၊ လက်ရောက်ကျူးလွန်မှုများကို ဖြေရှင်းရန် မြို့ခံ ရဲ တပ်ဖွဲ့ဝင်၂၀ ခန့် ဗိုလ်မှူးကျေးရွာသို့ ရောက်ရှိလာသော်လည်း အကြမ်း ဖက် အဖွဲ့မှ ခဲများ၊ တုတ်များဖြင့် လိုက်လံပစ်ပေါက်ခဲ့သဖြင့် ချက်ချင်းထွက်ပြေးသွားခဲ့ရကြောင်း မျက်မြင်များ၏ ပြောဆိုမှုအရ သိရသည်။
အတည်မပြုနိုင်သေးသော သတင်းများအရ ဦးခင်မောင်လတ်တို့ ဇနီးမောင်နှံ ဆေးရုံတွင် အသက်ဆုံးသွားပြီဖြစ်ကြောင်း ပြည်တွင်း အခြေစိုက် သတင်းဌာနများက ဖော်ပြကြသည်။ မြို့ခံ အာဏာပိုင်လုံခြုံရေးအဖွဲ့နှင့် အကြမ်းဖက်အဖွဲ့များ အပြန်အလှန်ပစ်ခတ်မှု ရှိကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။
သမ္မတရုံး တာဝန်ရှိသူ တဦး၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် “ရခိုင်ပြည်နယ်အတွင်း အထူးသဖြင့် မောင်တော၊ ဘူးသီးတောင် အစရှိသော မြို့များတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံရေး အတွက် ရဲတပ်ဖွဲ့ဝင်များသာမက တပ်မတော်သားများပါ ပူးတွဲပါဝင်ကာ လုံလောက်သော အင်အားဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း အသိပေးအပ်ပါသည်”ဟု ဖော်ပြထားသည်။
မောင်းတောမြို့တွင် အစ္စလမ်ဘာသာဝင် ၉၆ ရာခိုင်နှုန်းနေထိုင်ပြီး ဗုဒ္ဓဘာသာဝင် ရခိုင်နှင့် အခြားတိုင်းရင်းသား ၄ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။