မြောက်ကိုရီးယားရဲ့ တာဝေးပစ် ဒုံးပျံ ပစ်လွှတ်မှု အပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မနေ့က အစည်းအဝေးခေါ်ယူက ပြင်းထန်စွာ ရှုံချလိုက်ပါတယ်၊ မြောက်ကိုရီးယားရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး ကုလ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို အထူးတံခါးပိတ်အစည်းအဝေးခေါ်ယူကာ ဆွေးနွေးပြီးနောက် ထိုသို့ ရှုံချလိုက်ခြင်းဖြစ်ပြီး လုံခြုံရေး ကောင်စီရဲ့ ကြေညာချက်ကို ကုလဆိုင်ရာ ဗင်နီဇွဲလား သံအမတ်ကြီးက ဖတ်ကြားရာမှ ဒီလို တာ ဝေးပစ် ဒုံးပျံနည်းပညာကို သုံးတဲ့အတွက် မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တည်ဆောက်ရေးကို အထောက်အကူဖြစ်စေတာကြောင့် ၂၀၀၆ ခုနှစ်က ချမှတ်ခဲ့တဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာ ရောက်တယ်လို့ဆိုပါတယ်။
ကုလ သမဂ္ဂဆိုင်ရာ ဂျပန်သံအမတ်က မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ဖောက်ဖျက်တာဖြစ်တယ်လို့ ဆိုလိုက်သလို မြောက်ကိုရီးယားဟာ ဂြိုလ်တုပစ်လွှတ်တယ် ဆိုပေမယ့် ဒါဟာ တာဝေးပစ်ဒုံးပျံဆိုင်ရာ နည်းပညာတွေဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့ကလည်း မြောက်ကိုရီးယားဟာ ဟိုက်ဒရိုဂျင်ဗုံးဖောက်ခွဲခဲ့ပါသေးတယ်။