ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အရာရှိ ၁၄ ဦးကို လာဘ်စားမှုဖြင့် ဝန်ထမ်းအဖြစ်မှ ချက်ချင်း ထုတ်ပစ်လိုက်ပြီး ကျန်အရာရှိ ၁၄ ဦးကိုလည်း ဆက်လက် အရေးယူသွားရန် စီစဉ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
ဝန်ထမ်းအဖြစ်မှ အထုတ်ခံရသည့် ယင်းအရာရှိများမှာ ရန်ကုန်တိုင်းမှ လက်ထောက်ညွှန်ကြားရေးမှူး ၅ ဦး နှင့် ဦးစီးအရာရှိ ၅ ဦး ၊ မန္တလေးတိုင်းမှ လက်ထောက် ညွှန်ကြားရေးမှူး ၃ ဦး နှင့် မော်လမြိုင်မှ လက်ထောက် ညွှန်ကြားရေးမှူး ၁ ဦးတို့ ဖြစ်ကြောင်း၊ ဌာနအပြောင်းခံရသူ အခွန်အရာရှိ ၇ ဦး၊ နုတ်ထွက်ခွင့်ပြုသူ အရာရှိ ၂ ဦး အပါအဝင် လက်ထောက် ညွှန်ကြားရေးမှူး အဆင့်နှင့် အထက် တာဝန်ရှိသူ အရာရှိများကိုလည်း ဆက်တိုက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နေပြည်တော်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ဝန်ထမ်းရေးရာဌာနမှ အကြီးတန်း အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
“ဒီတခါ Case ကိုတော့ CID (မှုခင်းရဲတပ်ဖွဲ့) ကို မလွှဲဘူး။ နေပြည်တော်က တိုက်ရိုက်ဆင်းပြီး စုံစမ်းသွားတာ။ အခု နောက်ပိုင်း အခွန်ကိစ္စတွေကို ဘယ်အဖွဲ့အစည်းက စုံစမ်းရမယ်ဆိုတာ တိတိကျကျ မရှိသေးဘူး” ဟု ရန်ကုန်မြို့ အင်းစိန် CIDမှ ရဲအရာရှိတဦးက ဆိုသည်။
စီးပွားရေး လုပ်ငန်းရှင်များသည် လုပ်ငန်းနှင့် ပတ်သက်သော အခွန်အခများကို အပြည့်အ၀ မထမ်းဆောင် လိုသောကြောင့် အခွန်ဝန်ထမ်းများနှင့် ညှိနှိုင်းကာ နားလည်မှုဖြင့် ထမ်းဆောင်ရမည့် အခွန်နှုန်းထား အပြည့် မပေးတော့ဘဲ တဝက် သို့မဟုတ် နှုန်းထားတခုသာ ပေးဆောင်ပြီး အခွန်ဝန်ထမ်းကို ငွေကြေး လာဘ်ထိုးခြင်းဖြင့် အခွန်ရှောင်လေ့ရှိကြောင်း ၎င်းက ပြောသည်။
အခွန်အရာရှိများသည် အခွန်စည်းကြပ် ကောက်ခံရာတွင် အပြည့်အ၀ ကောက်ယူခြင်း မရှိဘဲ နားလည်မှုဖြင့် အခွန်လျှော့ ကောက်ခံခြင်းများ ပြုလုပ်လျက် ရှိကြောင်း၊ ပြည်တွင်း အခွန်ဦးစီးဌာန အောက်ခြေဝန်ထမ်းများက နေပြည်တော်သို့ တိုင်ကြားခဲ့သောကြောင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ယခုကဲ့သို့ နိုင်ငံတော် အခွန်ဘဏ္ဍာ ဆုံးရှုံးစေမှုဖြင့် အရေးယူလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“အထုတ်ခံရတဲ့ သူတွေကတော့ ဘယ်ဌာန ဘယ်ကုမ္ပဏီမှာမှ အလုပ်ဝင်လို့ ရမှာ မဟုတ်ပါဘူး။ သူတို့က ဝန်ထမ်းအဖြစ်က အထုတ်ခံရတာပေါ့။ ရာထူးကနေ အထုတ်ခံရရင်တော့ တခြားဌာန တခုခုမှာ အလုပ်ပြန်ဝင်လို့ ရပါတယ်။ အခုက ဝန်ထမ်းအဖြစ်က ထုတ်ပစ်လိုက်တာဆိုတော့ အမြင့်ဆုံး ပြစ်ဒဏ်ပဲ” ဟု နေပြည်တော်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန ဝန်ထမ်းရေးရာဌာနမှ အကြီးတန်းအရာရှိက ပြောသည်။
အခွန်ဌာနမှ ဝန်ထမ်းတချို့ လာဘ်ယူနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သောကြောင့် ယခုကဲ့သို့ အရေးယူမှုကို ကြိုဆိုကြောင်း၊ လာဘ်ပေးလာဘ်ယူဟု ဆိုရာတွင် လာဘ်ယူသူကိုသာမက လာဘ်ပေးသူကိုပါ အရေးယူသင့်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန အကြံပေး ကမ္ဘောဇဘဏ် ဒု ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။
“အခွန်က လူတွေက လုပ်ငန်းတခုကို အခွန်ဆောင်ခိုင်းတဲ့အခါ သတ်မှတ်နှုန်းထက် ပိုတောင်းတယ်။ ဥပမာ သိန်း ၁၀၀ ကျရင်၂၀၀ တောင်းတယ်။ ဆောင်ရမယ့်လူကလည်း သူဆောင်ရမယ့်နှုန်းထက် ပိုများနေတော့ မဆောင်ချင်ဘူး။ မဆောင်ချင်ရင် ညှိခိုင်းတယ်။ ပိုက်ဆံယူတာပေါ့။ အခုလို လုပ်ကြတော့ နိုင်ငံတော်က သန်း ၁ ထောင်ရမယ့်ဟာ သန်း ၁၀၀ လောက်ပဲ ရတော့မှာ။ အဓိကကတော့ ခေါင်လုံဖို့လိုတယ်။ ခေါင်လုံရင် အောက်ခြေကို ရှင်းလို့ရပြီ။ အခု ဝန်ကြီးဌာနကလည်း ပညာရှင်တွေစကား နားထောင်လာတယ်။ ဘယ်လို လုပ်သင့်တယ် ဆိုတာမျိုးတွေလည်း နားထောင်လာတယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၂ ခုနှစ်၊ ဇွန်လအတွင်းကလည်း တရားမဝင် လိုင်စင်မဲ့ကားများကို ဆိပ်ကမ်းများမှ တရားမဝင် ထုတ်ယူခွင့်ပြုခြင်းနှင့် ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဝန်ထမ်း ၅ ဦး၊ အကောက်ခွန် ဦးစီးဌာနမှ ၃၃ ဦး၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ ဝန်ထမ်း ၅ ဦး စုစုပေါင်း ၄၃ ဦးကို အလုပ်မှ ထုတ်ပယ်ခြင်း၊ ရာထူးချ၊ ဌာနပြောင်း စသည့် အရေးယူခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းကလည်း ရန်ကုန်ဆိပ်ကမ်းတွင် ရောက်ရှိသော မော်တော်ကားများကို ထုတ်ယူရာတွင် လာဘ်ပေးလာဘဘ်ယူမှုများ ပါဝင်ပတ်သက်ခဲ့သော အကောက်ခွန် ဦးစီးဌာနမှ ဝန်ထမ်း ၁၆ ဦးကို ဘဏ္ဍာရေး ဝန်ကြီးဌာနက မယူမနေရ အငြိမ်းစားပေး အရေးယူခဲ့သည်။