မကြာသေးမီ လများအတွင်း ပေါ်ပေါက်လာတဲ့ မြန်မာပြည်တွင်း အပြောင်းအလဲတွေကို နိုင်ငံတကာမှာ ကြိုဆိုနေကြပြီး၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီကလင်တန် အပါအဝင် နိုင်ငံတကာက ထိပ်တန်းပုဂ္ဂိုလ် အများအပြား မြန်မာနိုင်ငံထဲကို ဆက်တိုက် သွားရောက် နေကြပါတယ်။
နိုင်ငံတကာ ခေါင်းဆောင်တွေဟာ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ နယ်ပယ်အသီးသီးက ပုဂ္ဂိလ်တွေနဲ့ တွေ့ပြီး ရင်းနှီးမြှုပ်နှံရေး၊ ကူညီထောက်ပံ့ရေး စတဲ့ အကြောင်းအရာမျိုးစုံကို ဆွေးနွေးနေကြပါတယ်။
မြန်မာပြည် အပြောင်းအလဲတွေကို အားရ ကျေနပ်တယ်လို့ ပြောတဲ့ နော်ဝေအစိုးရက စီးပွားရေး ပိတ်ဆို့မှုကို မကြာသေးမီကပဲ လျှော့ချလိုက်ပြီး၊ ဥရောပသမဂ္ဂကလည်း ပိတ်ဆို့မှုရုပ်သိမ်းရေး၊ ဆက်လက်ထားရှိရေးကို ရှေ့လထဲမှာ ဆုံးဖြတ်ဖွယ် ရှိတယ်လို့ သိရပါတယ်။
မြန်မာစစ်ဗိုလ်ချုပ်တွေကို ဖိအားအပေးခဲ့ဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်ကတော့ စီးပွားရေး ပိတ်ဆို့မှု မကြာခင် လျှော့ချမယ့် အရိပ်အယောင်တွေ ပြနေပြီး၊ အနှစ် ၂၀ ကြာ လျှော့ချခဲ့တဲ့ သံတမန် ဆက်သွယ်ရေးကို သံအမတ် အဆင့်အထိ ပြန်လည် တိုးမြှင့်ဖို့ ပြင်ဆင်နေပါတယ်။
နိုင်ငံတကာက ဒီလို ကြိုဆိုနေကြပေမယ့် ပြည်ပရောက် မြန်မာ အတိုက်အခံ အများစုကတော့ မြန်မာပြည်တွင်း ပြောင်းလဲမှု အခြေအနေကို အားမရသေးဘူးလို့ ဆိုကြပါတယ်။
“ဒီမိုကရေစီ အပြည့် အ၀ မရမချင်း ပြန်ဖို့ အစီအစဉ် မရှိပါဘူး၊ ကျနော် မပြန်လည်း ဘာမှ မဖြစ်ပါဘူး၊ ပြည်ပမှာ လုပ်စရာတွေ အများကြီး ကျန်သေးတယ်” လို့ အဝေးရောက် ညွန့်ပေါင်း အစိုးရ (NCGUB ) ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သတင်းစာ ရှင်းလင်းပွဲ တခုမှာ ပြည်ထဲရေး ဝန်ကြီးက ဒေါက်တာစိန်ဝင်း၊ ဦးမိုးသီးဇွန် အပါအဝင် မည်သူမဆို မြန်မာပြည်အတွင်း ပြစ်မှု ကျူးလွန်ခဲ့ခြင်း မရှိရင် အချိန်မရွေး ပြန်လာနိုင်တယ်လို့ ပြောဆိုခဲ့ပါသေးတယ်။
နေပြည်တော် ခေါင်းဆောင်တွေဟာ ဒီလို ပြောနေကြတာထက် တရားဝင် ထုတ်ပြန် ကြေညာပြီး အားလုံးကို ဖိတ်ခေါ်ဖို့လိုတယ်လို့ ဒေါက်တာစိန်ဝင်းက ဧရာဝတီကို ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသား အများအပြား လွှတ်ပေးမှု အပါအဝင် အပြောင်းအလဲ တချို့ လုပ်ဆောင်နေတာတွေကို အသိအမှတ် ပြုပေမယ့် ဒါတွေဟာ အရင်က လုပ်ထားတဲ့ အမှားတွေကို ပြန်လည် ပြုပြင်နေတဲ့ အဆင့်ပဲ ရှိသေးတယ် လို့ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုမှ ဒေါက်တာနိုင်အောင်က ဆိုပါတယ်။
“ထောင်ထဲမှာ သူငယ်ချင်းတွေ အများကြီး ရှိနေသေးတယ်၊ ညီအစ်ကို မောင်နှမတွေက စစ်တိုက်နေကြတဲ့ အချိန်မှာ ကျနော် တယောက်တည်း အထဲပြန်ရေးအတွက် အသုံးချရင် ဘယ်တရားပါ့မလဲ” လို့ ဆက်ပြောပါတယ်။
ဒေါက်တာနိုင်အောင်ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်နေတဲ့ အစိုးရ မီးရထားဝန်ကြီး ဦးအောင်မင်းနဲ့ ထိုင်းမြန်မာနယ်စပ်မှာ မကြာခင်က တွေ့ဆုံခဲ့သူပါ။
“ပြည်သူတွေ အကြောက်တရား မရှိဘဲ လုံလုံခြုံခြုံ နေရမယ့် အခြေ အနေ အခုအထိ မတွေ့ရသေးဘူး” လို့လည်း သူက ထောက်ပြပါတယ်။
နိုင်ငံရပ်ခြား နဲ့ နယ်စပ်ဒေသကို ရောက်နေတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ ပြည်တော်ပြန်ဖို့ အချိန် တန်ပြီလား ဆိုပြီး ပြောဆို ဆွေးနွေးနေကြတာကတော့ လအနည်းငယ် ကြာခဲ့ပါပြီ။
သမ္မတဦးသိန်းစိန်က လွန်ခဲ့တဲ့ ၅ လက ပြောကြားခဲ့တဲ့ မိန့်ခွန်းတခုမှာ ပြည်ပ ရောက်နေသူတွေကို ပြန်လာကြဖို့ ထည့်သွင်း ပြောကြားလိုက်ပြီး “ပြစ်မှု တခုခု ကျူးလွန်ထားသည့်တိုင် အဲဒီပြစ်မှုကို ပြန်လည်ကျခံပြီး နိုင်ငံရဲ့ လုပ်ငန်းစဉ်တွေမှာပါဝင်နိုင်တယ်” လို့ ဆိုခဲ့ပါတယ်။
“အဆိုးဘက်ကို ပြန်မရောက်သွားဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး၊ ကျနော်ကတော့ ပြန်ဖို့ ကိစ္စ မစဉ်းစားသေးဘူး၊ အတော်စောပါသေးတယ်” လို့ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေး အသင်း တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။
အစိုးရခေါင်းဆောင်များရဲ့ ပြည်တော်ပြန်ရေး ဖိတ်ခေါ်ချက် အလုပ် မဖြစ်သေးတာဟာ နိုင်ငံရေး ပြောင်းလဲမှု နှေးကွေးနေတဲ့အချက် တခုတည်းတော့ မဟုတ်ပါဘူး။ ပြည်ပရောက်နေတာ နှစ် ၂၀ ကျော်လာချိန်မှာ မိသားစုဘဝနဲ့ ဖြစ်နေတဲ့အတွက် မြန်မာပြည်ပြန်ဖို့ ဆန္ဒကို အကောင်အထည်ဖော်ရေးမှာ ပြင်ဆင်စရာတွေ များနေတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် ဗဟုအဖွဲ့မှ ဦးအောင်သူငြိမ်းက ပြောပါတယ်။
“အခြေအနေပေးတာနဲ့ ပြန်မယ်၊ ဒီအတွက်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာက အစ ပြင်ဆင်နေရသေးတယ်၊ ပြန်ရင် ဘာလုပ်ရမလဲ ဆိုတာမျိုးက အရေးကြီးပါတယ်” လို့ ဦးအောင်သူငြိမ်းက ဆိုပါတယ်။
ဒီအတောအတွင်း လက်ချိုးရေတွက်လို့ရတဲ့ ပမာဏပဲ ရှိသေးတဲ့ ပြည်တော်ပြန်သူတွေထဲမှာ ဦးအောင်သူငြိမ်းတို့ရဲ့ ဗဟုအဖွဲ့ဝင်တချို့လည်း ပါဝင်ပါတယ်။
ထောင်ချီတဲ့ အတိုက်အခံတွေ၊ တတ်သိ ပညာရှင်တွေ ပြည်တော်ဝင်လိုကြသလို အရေအတွက် တသိန်းကျော်ရှိတဲ့ ထိုင်းမြန်မာနယ်စပ်က စစ်ပြေးဒုက္ခသည်တွေထဲက အများအပြားကလည်း နေရပ်ရင်းပြန်လိုတဲ့အတွက် ပြည်တွင်းစစ်ကြီး အဆုံးသတ်သွားမယ့်အချိန်ကို စောင့်မျှော်နေကြပါတယ်။
ပြည်ပရောက် စာနယ်ဇင်းသမားများကလည်း စိတ်ဝင်စားစရာ ကောင်းတဲ့ မြန်မာနိုင်ငံ လက်ရှိ အခြေအနေတွေကို သွားရောက် လေ့လာလိုကြတယ်လို့ ဧရာဝတီသတင်းဌာန အယ်ဒီတာ အောင်ဇော်က ပြောပါတယ်။ စာနယ်ဇင်းသမား တယောက် အနေနဲ့ ပြည်ဝင်ခွင့်ဗီဇာ ရမယ် ဆိုရင် အစိုးရအဖွဲ့ဝင်တွေ၊ နိုင်ငံရေး အင်အားစုတွေ၊ သာမန် ပြည်သူတွေနဲ့ တွေ့ဆုံ လိုတယ်လို့ သူက ဆိုပါတယ်။
ဧရာဝတီသတင်းဌာန မြန်မာ ပြည်တွင်းမှာ လုပ်ကိုင်ခွင့် ရရေး အတွက် ပြည်တွင်း မီဒီယာတွေရဲ့ အခြေအနေကို အနီးကပ် လေ့လာချင်တယ်လို့ သူက ဆက်ပြောပါတယ်။
“မြန်မာပြည်ရဲ့ မီဒီယာပိုင်းက လက်ရှိမှာ အတော် အားရစရာကောင်းနေတယ်၊ အရင်ထက် မျှော်လင့်ချက်တွေ အများကြီး ရှိလာတယ်၊ ဒီအခြေအနေ နောက်ပြန် မဆုတ်သွားဖို့၊ ဂငယ်ကွေ့ မကွေ့ပါစေနဲ့ လို့ပဲ ဆုတောင်းရမှာပါ” လို့ ဧရာဝတီ အယ်ဒီတာက ဆိုပါတယ်။
မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေးအခြေအနေတွေဟာ ပြည်သူတွေ မျှော်မှန်းတဲ့ အဆင့်အထိ ရောက်ရှိဖို့ အတွက်တော့ အချိန်ကာလ တခုအထိ စောင့်ရဦးမယ် လို့ သူက သုံးသပ်တယ်။
အင်္ဂါနေ့မှာတော့ ထင်ရှားတဲ့ အမေရိကန် နိုင်ငံရေးသမား မစ်ချ်မက်ကောနဲလ်က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ပြီးတဲ့နောက် မြန်မာပြည်မှာ စစ်မှန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်နေပြီလို့ ပြောဆိုခဲ့ပါတယ်။
မစ်ချ်မက်ကောနဲလ်ဟာ ဒဏ်ခတ်ပိတ်ဆို့မှုကို ဦးဆောင် ထောက်ခံတဲ့ အမေရိကန် အထက်လွှတ်တော် အမတ် ဖြစ်တာကြောင့် သူ့ရဲ့ မှတ်ချက်ကို အများက စိတ်ဝင်စားနေကြပါပြီ။
တနင်္လာနေ့မှာလည်း ထိုင်းအခြေစိုက် မြန်မာ့အရေး လှုပ်ရှားတဲ့ အဖွဲ့ငယ်တချို့က ဘန်ကောက်မြို့ မြန်မာသံရုံးကို သွားရောက်ပြီး ဦးသိန်းစိန်ရဲ့ အပြောင်းအလဲ ဖော်ဆောင်မှုများ အတွက် ကျေးဇူး တင်ရှိကြောင်း ရေးသားထားတဲ့ စာတစောင် ပေးအပ်ခဲ့ပါတယ်။
စာနယ်ဇင်းအပေါ် တင်းကျပ်မှု လျှော့ချပေးတာ၊ နိုင်ငံရေး ခေါင်းဆောင် အများအပြားကို ပြန်လွှတ်ပေးတာတွေဟာ ကောင်းတဲ့ လုပ်ရပ်ဖြစ်တယ် လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ သူကပဲ မြန်မာပြည်ကို ပြန်ဖို့တော့ မဖြစ်နိုင်သေးဘူးလို့ ပြောပြတယ်။
“ဒါပေမယ့် အစိုးရ က တရားဝင်ခေါ်ရင်တော့ တမျိုးပေါ့” လို့ သူက ဆိုပါတယ်။
ပြည်ပမှာ နေထိုင်နေတဲ့ ကာလအတွင်း မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆောင်ရွက်စရာတွေ ရှိပါသေးတယ် လို့ သူက ဧရာဝတီကို ပြောပြပါတယ်။
ပြည်ပရောက် ဒုက္ခသည်တွေ၊ နိုင်ငံရေးသမားတွေ၊ တတ်သိပညာရှင်တွေ၊ စာနယ်ဇင်းသမားတွေ စိတ်ချလက်ချ ပြန်တော်ပြန်နိုင်ကြဖို့ အစိုးရက လက်တွေ့ ဘယ်လို စီစဉ်မလဲ၊ ဒီလို အစီအစဉ်တွေ ဖြစ်ပေါ်ဖို့ အချိန် ဘယ်လောက် ကြာမလဲ ဆိုတာကတော့ လူအများအပြား မေးနေကြတဲ့၊ အစိုးရကိုယ်တိုင်လည်း အဖြေမပေးနိုင်သေးတဲ့ မေးခွန်းတွေပဲ ဖြစ်နေပါတော့တယ်။