ရန်ကုန်မြို့ ဒဂုံမြို့နယ်အတွင်းရှိ အခန်းပေါင်း နှစ်ဆယ် ပါဝင်သည့် ခပ်လတ်လတ် ဟိုတယ်တခုထဲသို့ စုံတွဲတတွဲ ဝင်လာသည်။ ညနေ လေးနာရီဝန်းကျင်။ ဟိုတယ်အမည်ခံ အချိန်ပိုင်း အခန်းငှားသည့် တည်းခိုခန်းများရှိ ဝန်ထမ်းအားလုံး နားလည်ပြီးသားဖြစ်ပါသည်။ ဧည့်သည်ကို မျက်လုံးချင်း မဆုံစေရ။ လိုအပ်သည့် စကားသာပြောရမည်။ အကဲခတ်မကြည့်ရ။ ဧည့်သည်အကြောင်းကို အချင်းချင်း သော်လည်းကောင်း၊ အပြင်ကိုသော်လည်းကောင်း လုံးဝမပြောရ။
လက်ခံကောင်တာရှေ့ ရှိကြွေပြားများကို အဝတ်တံမြက်စည်းနှင့် မတ်တတ်ရပ်ရင်း ပွတ်တိုက်နေသည့် မအိတာ၏ မြင်ကွင်းထဲသို့ ခြေထောက် ဖောင်းဖောင်းလေး တစုံဝင်လာသည်။ ခြေညှပ်ဖိနပ် ဖြူဖြူလေး စီးထားသည့် ခြေဖမိုးပေါ်မှာ ဘဲခေါင်းစိမ်းရောင် လုံချည် ပျော့လေး ပုံကျနေသည်။ ထိုမှတဆင့် သော့ချိတ်ကလေးများနှင့် အပြာရောင်ကျောပိုးအိတ်လေး။ စာအုပ်တချို့ကိုပိုက်ထား သည့် လက်ကလေးများ။ လက်မောင်းနှင့် ရင်ဘတ်မှာ တံဆိပ်တချို့တပ်ထားသည့် အကျႌဖြူ ။
မအိတာ မလုပ်သင့်တာကို လုပ်လိုက်မိသည်။ ဧည့်သည်မိန်းကလေး၏ မျက်နှာကို ခပ်ရှန်းရှန်းကြည့်လိုက် သည်။ ပုခုံး မရောက် တရောက် ဖြောင့်စင်းစင်း ဆံပင်နက်ကလေး နှင့် မိန်းကလေးမှာ အသက် ဆယ့်ငါးနှစ်ထက် ပိုပုံမရ။ မအိတာသက်ပြင်းချလိုက်ရင်း ကြွေပြားများကိုသာ ခပ်ဖိဖိဆက်ပြီး တိုက်နေလိုက်သည်။
တနာရီခွဲခန့် ကြာသောအခါ ဧည့်သည်များထွက်သွားသည့် အခန်းကို ရှင်းရန် မန်နေဂျာ အစ်မက မအိတာကို ခေါ်ပြောသည်။ အခန်းထဲဝင်လိုက်တော့ ခုတင်ဘေးက စားပွဲပေါ်တွင် ပုံနှိပ်စာအုပ်တချို့ ရှိနေသည်။
၂၀၀၂ ခုနှစ်မှာ ဆယ်တန်းကျပြီး ကျောင်းထွက်ခဲ.ရသည့် မအိတာ Grade 10 ဆိုတာ ဆယ်တန်းလား၊ ကိုးတန်းလား မသိပေမယ့် အထဲက စာနှင့် ပုံများကြောင့် နဝမတန်း ဇီဝဗေဒ ဖတ်စာအုပ်မှန်းတော့ သိပါသည်။ အခန်းရှင်းပြီး ကျန်ခဲ့သည့် စာအုပ်ကို အပ်ရန် ယူလာစဉ် စောစောက အဖြူအစိမ်း ကောင်မလေး ကောင်တာမှာ ရပ်နေသည်ကို တွေ့ရသည်။
“သြော် အဲဒါ သမီးစာအုပ်တွေ မကြီး။ ရှင် ဟုတ်ကဲ့။ လေးအုပ်ပါ။ ယူသွားမယ်နော်။ ကျေးဇူးတင်ပါတယ် မကြီး။ ဘယ်လိုမှသဘော မထားပါနဲ့နော်။ သမီးလက်ဆောင်ပေးတာပါ”ဟု ဆိုပြီး မအိတာ လက်ထဲကို ကျပ် ၁၀၀၀ တန် တရွက် အတင်းထိုးထည့်ရင်း ပြော ပြောဆိုဆိုနှင့် ခပ်သုတ်သုတ် ပြန်ထွက် သွားသည်။
ဟိုတယ်နှင့် တည်းခိုခန်းများသို့ အချိန်ပိုင်းလာရောက်ကြသော စုံတွဲများတွင် အမျိုးသမီးငယ်များ၏ အသက်သည် ဆယ်ကျော်သက် ဝန်းကျင်များဖြစ်လာကြသည်ဟု သိရသည်။ သမီးရည်းစား အနေနှင့် လာသောစုံတွဲများဖြစ်စေ၊ အခကြေးငွေနှင့် ခေါ်လာ သော စုံတွဲများဖြစ်စေ မိန်းကလေးများသည် ခပ်ငယ်ငယ်သာ များသည်။
သမီးရည်းစားအနေနှင့် လာသည့် စုံတွဲများတွင်ပင် ယောက်ျားလေးက မိန်းကလေးထက် အတန်ငယ်အသက်ကြီးပုံရပြီး တခြား စုံ တွဲများသည်ကြည့်ရုံနှင့်ပင် အသက် သုံးဆယ်ထက် မနည်း ကွာဟကြောင်း သိနိုင်သည်ဟု တည်းခိုခန်း ဝန်ထမ်းများ၏ ပြောပြချက် အရ သိရသည်။
ဟိုတယ်သို့ တဦးတည်း ပုံမှန်လာသော အမျိုးသားများအတွက် အဖော်ရှာပေးရသော ဟိုတယ်ဝန်ထမ်း အမျိုးသားတဦးက“ကျနော် တို့နဲ့ ချိတ်ထားတဲ့ အထဲမှာ ခပ်ငယ်ငယ်လေးတွေတော့ ရှိပါတယ်။ ၁၆နှစ်ကတော့ အငယ်ဆုံးပဲ။သူတို့ဘာသာ ခေါ်လာတာ လေး တွေက ပိုတောင်ငယ်သေးတယ်။ အခုခေတ်က အသက်၂၀ကျော်ရင် အွတ်ပြီလေ(အရွယ်ဟိုင်းသွားခြင်းကို ဆိုလိုသည်)”ဟုပြော သည်။
လိင်အလုပ်သမ အဖြစ် လုပ်ကိုင်ကြသည့် အမျိုးသမီးငယ်အများစုသည် ဘီယာဆိုင်တွင် သီချင်းဆိုရင်း၊ ဆေးလိပ်နှင့် အရက် အရောင်းမြှင့်တင်ရေး ဝန်ထမ်းအဖြစ် လုပ်ကိုင်ရင်း၊ ကေတီဗီနှင့် အနှိပ်ခန်း စသည့် ယောက်ျားများနှင့် လက်ပွန်းတတီး ထိတွေ့ ဆက်ဆံရသည့် လုပ်ငန်းခွင်များမှတဆင့် ထိုလမ်းကြောင်းပေါ်သို့ အလွယ်တကူရောက်လာကြသည်ဟု ကာယကံရှင်နှင့် နီးစပ် သည့် အသိုင်းအဝိုင်း၏ ပြောပြချက်များအရ သိရသည်။
မိသားစု စီးပွားရေး အဆင်မပြေမှုကို မနိုင်ဝန်ထမ်းရခြင်းနှင့် အများနည်းတူ သုံးစွဲဝတ်စားချင်သည့် စိတ်ဆန္ဒတို့ သည် မိန်းကလေး ငယ် များအား ထိုလမ်းကြောင်းပေါ်ရောက်စေသည့် အကြောင်းများဖြစ်သည်။ အုပ်ထိန်းသူပေါ့လျော့ခြင်း၊ အသက်မပြည့်ခင် အိမ် ထောင်ပြုခြင်း၊ အိမ်ထောင်ပြိုကွဲခြင်း၊ မက်လုံးပေး စည်းရုံးသိမ်းသွင်း ခံရခြင်းများလည်း ပါဝင်သည်။
“သမီးက အရင်က မာဆတ်မှာ လုပ်တာ။ တနေ့လုံး ညောင်းချိထူပူနေအောင် နှိပ်မှ ကော်မရှင်က ဘယ်လောက်မှ ရတာ မဟုတ် ဘူး။ လုပ်ခါစကတော့ တော်တော်ရှက်တာ။ ဒါပေမယ့် ဧည့်သည်က အအေးထဲမှာ ဘာထည့်တိုက်လိုက်လဲ မသိဘူး။ အဲဒီတော့မှစိတ်ထဲမှာ ရဲသွားတာ။ မာဆတ်က မဟုတ်ဘဲ ပလိန်းကြီးလိုင်းဝင်သွားတဲ့ သူတွေလည်း ရှိပါတယ်။ ဒီလိုပဲပေါ့”ဟု ပြောပြသည့် အသက် ၁၆ နှစ်ခန့်ရှိ စနိုး ၏ ပုံစံက ပေါ့ပေါ့ပါးပါးပင်။
ပုံပန်းမကျသည့် ဆံပင်ကျဲကျဲ၊ ငယ်နုသည့်မျက်နှာနှင့် ဘာမှပြင်ဆင်ခြယ်သ ထားခြင်းမရှိသည့် မိညိုက စကပ်တိုတိုနှင့် ကားမှတ် တိုင်မှာ ထိုင်နေသည်။ တရပ်ကွက်တည်းနေ အမျိုးသမီးကြီးက သူ့အကြောင်းကို ဖောက်သည်ချသည်။
“ကလေးမလေးက သိပ်ကျပ်မပြည့်ဘူး။ သူ့အမေအသုံးမကျလို့ ဖြစ်ရတာ။ ရူးတူးပေါတောနဲ့ သူ့အကြောင်းတွေမေးရင် အကုန်ပြော တာ။ နိုင်ငံခြားသားကြီးက ချမ်းချမ်းစီးစီးကြီးမှာ ရေချိုးခိုင်းတာ။ ချမ်းလည်း ချိုးရတယ်တဲ့။ သူ့ ရွံလို့ နေမှာပေါ့။ ဖံွ့ဖွံ့ထွားထွားလည်း မဟုတ်ပါဘူး။ ငယ်ဂုဏ်လေးရှိလို့ ခေါ်ကြတာ”ဟု မိညို မကြားနိုင်လောက်သော်လည်း အမျိုးသမီးကြီးက အသံကို နှိမ့်ပြီး အနားကပ် ပြောသည်။
“အဘောရှင်းလည်း နှစ်ခါဖြစ်ဖူးတယ် လေ။ အဲဒါတောင် ကြာကြာ မနားလိုက်ရပါဘူး။ ပိုက်ဆံပြန်ရှာရတာပဲ။ သနားဖို့လည်း ကောင်း ပါတယ်”ဟု အမျိုးသမီးကြီးက ဆက်ပြောပြသည်။
လိင်အလုပ်သမ အဖြစ် အမြဲတစေ အသက်မွေးရန် မရည်ရွယ်ဘဲ တကြိမ် အစပြုလိုက်ရာမှ အစရှိနောင်နောင် ဆိုသကဲ့သို့ မထူးဇာတ် ခင်းကြရသည့် မိန်းကလေးငယ်တချို့လည်း ရှိသည်။
ထို မိန်းကလေးများသည် အကင်ရောင်းသည်။ တချို့က ဂေါက်ကွင်းတွင် ကယ်ရီလိုက်သည်။ တချို့က အရောင်းဝန်ထမ်း။ အရောင်းအဝယ်ပါးပြီး အကင်များ မကုန်သည့် ရက်များ ဆက်လာသောအခါ၊ ဂေါက်ကွင်း လူမလာ၍ လက်ဗလာနှင့် အိမ်ပြန်ရ သော အခါများတွင် သူတို့ အိမ်ပြန် နောက်ကျကြလေသည်။
သို့သော် အတန်အသင့် ပြည့်ဖောင်းသော ပိုက်ဆံအိတ်ငယ် ကိုယ်စီနှင့် ဖြစ်သည်။ ထိုငွေသည် သုံးလေးရက်စာ အိမ် အသုံး စရိတ် ပြေလည်စေပြီး ရံဖန်ရံခါ သဘောကျသည့် အဝတ်ဆန်းကလေးများ ဝယ်ရသည်ထက်တော့ ဘာမှ မပိုခဲ့ပါ။
“တညလုံး ရှာလာတဲ့ ပိုက်ဆံကို မနက်ကျတော့ အဆောင်မှာအတူတူနေတဲ့ ကောင်မလေးတွေနဲ့ ဖဲရှုံးသွားတဲ့ ရက်တွေလည်းရှိဖူး တယ်”ဟု လူသိများသည့် နာမည်ကြီး တံဆိပ် ဘီယာ အရောင်းမြှင့်တင်ရေး ဝန်ထမ်း ကောင်မလေး၏ ပြောစကားဖြစ်သည်။
အဌမတန်း အရွယ်မှာ အိမ်ထောင်ကျပြီး အလုပ်လက်မဲ့ ခင်ပွန်းဖြစ်သူနှင့် ပေါင်းသင်းနေသူ ချစ်ယု(အမည် အပြည့်အစုံမဟုတ်)၏ လက်ရှိ အလုပ်ခွင်က အနှိပ်ခန်းတခုတွင် ဖြစ်သည်။ အိမ်ထောင်သက် ၂ နှစ် ရှိပြီဖြစ်သည့် သူမကတော့ အလုပ်သွားတိုင်း လိုက်ပို့ လိုက်ကြို ပေးသော သူ့ထက် ၅ နှစ်ကြီးသည့် သူမ၏ အိမ်ဦးနတ်ကို ချစ်သည်ဟု ဆိုပါသည်။
အဆောင်ငှားခ ပေးရန် ပိုက်ဆံပြတ်လပ်ခိုက် သူငယ်ချင်းတယောက် အဆက်အသွယ်ဖြင့် ပထမဆုံး အတွေ့အကြုံကို ငွေကျပ် နှစ် သိန်း နှင့် လဲလှယ်ခဲ့သော တက္ကသိုလ် ဒုတိယနှစ် ကျောင်းသူတဦးလည်း ရှိကြောင်း ချစ်ယု၏ သူငယ်ချင်းကတဆင့် သိရသည်။
နယ်မှရန်ကုန်သို့ လာရောက်နေထိုင်အလုပ်လုပ်သူ မိန်းကလေးများသည် သာမာန်အသုံးစရိတ်အပြင် အဆောင်ငှားခနှင့် စားစရိတ် ပါ ပိုမိုကုန်ကျလေသည်။ ထို့သို့သော အထည်ချုပ် စက်ရုံ ဝန်ထမ်း မိန်းကလေးတချို့နှင့် လခစားဝန်ထမ်း မိန်းကလေးတချို့သည် အဖိုးနည်း ဝန်ပါ စပွန်ဆာပေးသူများနှင့် ပတ်သက်ရလေသည်။
အိမ်တဆောင် မီးတပြောင်မဟုတ်သော်လည်း အဆောင်ငှားခနှင့် စက်ရုံမှ တလစာနီးပါး ပိုက်ဆံတို့သည် အမြဲတမ်း မဟုတ်သည့် ရံဖန်ရံခါ လိုက်လျောမှုများနှင့် ထိုက်တန်ပါသည်ဟု ချုပ်ထည်ပါးလို့ ညည်းညူနေသည့် မိန်းကလေးငယ်တချို့က ခပ်ဆိုင်းဆိုင်းဖြေ သည်။
ဟိုတယ်သို့ လာသော ကောင်မလေးငယ်ငယ်လေးများကို တွေ့ရဖန် များလာသောအခါ အလုပ်ထွက်ချင်စိတ်ပင် ပေါက်သည်ဟု မအိတာက ပြောသည်။
ဧည့်သည် အဝင်များလျှင် မုန့်ဖိုးပိုရသည်မှန်သော်လည်း ထိုမိန်းကလေးများ၏ ပိုက်ဆံကို သူမယူရက်တာ မှန်သောသစ္စာပါဟု ဆို သည်။ မအိတာ တခါတခါ တွေးမိတာက သူတို့ နောင်တချိန် လင်ကောင်းသားကောင်းမှ ရပါ့မလား။ အသက်ကငယ်တော့ အမှု အခင်းတွေများ ဖြစ်မလား၊ ကျန်းမာရေးကိစ္စတွေ ဘယ်လိုများဖြစ်မလဲ ဆိုတာပါတဲ့။
မအိတာက သူတို့ ဟိုတယ်အနောက် အပြင်ဘက်က ခုံတန်းမှာထိုင်ရင်း၊ တထောင် တန် အသစ်ကလေးကို ထုတ်ပြရင်း“ကျမ အိမ်မှာ မဟာစည် သာသနာ့ရိပ်သာ အတွက် ရည်စူးပြီး တနှစ်စာထည့်ရတဲ စုဘူး ရှိတယ်။ သူတို့ပေးတဲ့ မုန့်ဖိုး ရလာတိုင်း မသုံးဘူး။ စုဘူးထဲ ထည့်တယ်။ သူတို့ကတော့ ဒီဘဝက ကျွတ်ချင်လား မကျွတ်ချင်လား မသိဘူး။ ကျမကတော့ ထည့်တိုင်း အသံ ထွက်ပြီး ဆုတောင်းတယ်။ နောင်ဘဝမှာတောင် မဟုတ်ပါဘူး။ အခုဘဝမှာတင် ဒီလိုမလုပ်စားရဘဲ အဆင်ပြေပါစေ။ ထီရင်လည်း ပေါက်ကြပါစေ။ ဘဝဆက်တိုင်း ဒီလိုအဖြစ်မျိုးနဲ့ ဝေးပါစေလို့”ဟု ပြောပြသွားပါသည်။ ။