ဥရောပ ၅ နိုင်ငံဆီ ခရီးထွက်လာတဲ့ သမ္မတဦးသိန်းစိန်နဲ့အဖွဲ့ဟာ နော်ဝေးနိုင်ငံကို ပထမ ဆုံးရောက် လာပြီး နော်ဝေးအစိုးရတာဝန်ရှိသူတွေအပြင် နော်ဝေးမှာနေထိုင်တဲ့ မြန်မာမိသားစုတွေနဲ့ပါ တွေ့ဆုံခဲ့ပါ တယ်။ တောခိုကျောင်းသားဟောင်းတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ စစ်ပြေးဒုက္ခသည်တွေ ထောင်နဲ့ချီရောက်ရှိနေတဲ့အရပ်မှာ ဒီလိုတွေ့ဆုံပွဲလုပ်ဖို့ သဘောတူတာကိုက ထူူးခြားပြောင်းလဲလာမှု တခုအဖြစ် မြင်မိပါတယ်။ အရင်အစိုးရတွေခေတ်က (နဝတ၊ နအဖ ခေတ် က) ဒါမျိုး တခါမှ မတွေ့ခဲ့ ဖူးပါ။
ဒီတွေ့ဆုံပွဲမတိုင်ခင် ပထမ ဆုံးကျနော်မြင်လိုက်ရတဲ့အပြောင်းအလဲကတော့ ပြည်ပရောက် မြန်မာတွေ ရဲ့ ဆန္ဒပြပွဲတွေကို လျစ်လျူရှုမထားပဲ ဆန္ဒပြသူတွေနဲ့ တွေ့ဆုံစကားပြောဖို့ လိုတယ်ဆိုတာကို အစိုးရ သစ်က လက်ခံလာခြင်းပါ။
နောက် မြင်ရတဲ့အပြောင်းအလဲကတော့ အော်စလိုမှာကျင်းပတဲ့ ‘တွေဆုံပွဲ’ နဲ့ အစိုးရပိုင် သတင်းစာ၊ တီဗွီတွေမှာမြင်ခဲ့ဖူးတဲ့ ”တွေ့ဆုံပွဲ” မတူတဲ့အချက်ပါ။ မြန်မာ့အလင်းထဲက တွေ့ဆုံပွဲတွေမှာလို တက် ရောက်လာတဲ့ ပရိတ်သတ်က သမ္မတကို လက်အုပ်ချီပြီး ဂါရဝပြုတာမျိုးမတွေ့ရသလို သမ္မတကလဲ သြဝါဒပေး၊ ညွန်ကြားချက်ပေးတာမျိုး မလုပ်ပါဘူး။ နောက်တခါ သတိဆွဲပြီးစကားပြောလေ့ရှိတဲ့ စစ် ဗိုလ်ဟောင်းသမ္မတဟာ ဒီနေ့တော့ သတိဆွဲမထားတဲ့အပြင် ဟာသလေးပါနှောပြီး ပြောသွားတဲ့ အ တွက် အတော်ထူးခြားနေပါတယ်။
”အယင် အစိုးရအဆက်ဆက်က တင်ရှိနေတဲ့ ဒီကြွေးမြီတွေကို မဆပ်နိုင်ခဲ့ပါဘူး။ အခု ဒီ ကျနော်တို့ အစိုးရသစ်က ဆပ်မှာလားဆိုတော့… ကျနော်တို့လဲမဆပ်နိုင်ပါဘူး” လို့ သမ္မတကပြောတော့ ပရိတ် သတ်ဆီက ရည်သံတချို့ထွက်လာပါတယ်။ အခုတော့ နော်ဝေးနိုင်ငံကစပြိး အဲဒီကြွေးတွေကို လျော်ပစ် လိုက်ပါပြီ။ ဒါကြောင့် ကြွေးဟောင်းကျေလို့ ကြွေးသစ်ချေးနိုင်ပြီပေါ့။ ”အကြွေးဆိုတာနဲ့ ခင်ဗျားတို့လန့် မသွားပါနဲ့” လို့ သမ္မတက အရွန်းဖေါက်ပါတယ်။ ပြီးတော့ ”ADB ဥက္ကဌဆိုရင် အာဆီယံအစည်းဝေးမှာ ကျနော်ကိုတွေ့ရင် အမြဲတန်း ရှောင်ပြေးနေပါတယ်။ ပိုက်ဆံချေးရမှာ ကြောက်လို့လေ” ဆိုပြီး သမ္မတက ပြောတော့ ပရိတ်သတ်ပွဲကျသွားပါတယ်။
ဒါက ၅ မိနစ်လောက်အချိန်အတွင်း ကျနော်မြင်လိုက်ရတဲ့ စစ်ဗိုလ်ဟောင်းသမ္မတရဲ့ လူသားဆန်မှုနဲ့ ပရိတ်သတ်နဲ့ ဆက်ဆံရေးနည်းဗျုဟာ ပြောင်းလဲလာပုံဖြစ်ပါတယ်။ ဒါပေမဲ့ ၅ မိနစ်ထက် ပိုပြီး အပြောင်းအလဲကို မပြသချင်သေးလို့လား၊ ပရိတ်သတ်အမေးကို မျက်နှာချင်းဆိုင်ဖြေကြားဖို့ အဆင်သင့် မဖြစ် သေးလို့လားတော့ မသိပါ။ ၅ မိနစ်ခန့် စကားပြောပြီးတာနဲ့ သမ္မတက ပြန်ထွက်သွားပါတယ်။
သမ္မတပြီးတော့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းရဲ့ အလှည့်။ သမ္မတ စကားနည်းသလောက် ဝန်ကြီးက စကား များတယ်။ ဒါမှမဟုတ် ပရိတ်သတ်မေးခွင့်မရအောင် သူပြောချင်တာကိုပဲ များများပြော သွားတဲ့ သဘောလားတော့မသိပါ။ စစ်ဗိုလ်တွေစစ်မတိုက်ဘဲ စားပွဲဝိုင်းမှာ ထိုင်စကားပြောတာကောင်း တယ်လို့ဆိုပေမဲ့ တဖက်သားကိုပြောခွင့်မပေးပဲ သူချည်းပြောနေတာကတော့ သိပ်မဟုတ်သေး။
ဒါပေမယ့် ကောင်းတာကတော့ ဝန်ကြီးဦးစိုးသိန်း အဲဒီလို အများကြီးပြောသွားတဲ့အတွက် အစိုးရအဖွဲ့ရဲ့ လက်ရှိအခြေနေနဲ့ သဘောထားတွေကို အတော်သိခွင့်လိုက်ရပါတယ်။ ရေတပ်ဦးစီးချုပ် စစ်ဗိုလ်ဘ၀ ကနေ ၂၀၁၀ ရွေးကောက်ပွဲမှာ တနသာၤရီတိုင်း ကျွန်းစုမြိ့ုနယ်က အရွေးခံပြီး ဝန်ကြီးဖြစ်လာသူလို့ မိတ်ဆက်ပေမယ့် သူရဲ့ပြောပုံဆိုပုံဟာ စစ်ဗိုလ်နဲ့မတူပဲ အရပ်သားတဦး နိုင်ငံရေးမဲဆွယ်နေတဲ့ အတိုင်းပါပဲ။
”ကျနော်တို့အစိုးရကို စစ်ဗိုလ်တွေချည်းလုပ်တဲ့ အစိုးရလို့ဝေဖန်ကြပါတယ်။ အခု ဒါမျိုး မဟုတ်တော့ပါ ဘူး။ ဟောဒီမှာ အမျိုးသမီးဝန်ကြီးတွေလည်း ပါတယ်။ Gender အရလဲ အရင်က အိမ်မက်မက်လို့ မရတာ တွေ အခု တကယ်ရှိနေပါပြီ။ ဒုတိယ ဝန်ကြီး ၅၀ ရာခိုင်နှုန်းခန့်ဟာ အရပ်သားတွေဖြစ်ပါတယ်” လို့ပြောပြီး သူ နောက်မှာထိုင်နေတဲ့ ဒုတိယဝန်ကြီး ၄ ဦးကိုမိတ်ဆက်ပေးပါတယ်။ ပရိတ်သတ်ရဲ့မေးခွန်းတွေကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဒီဝန်ကြီးတွေက ဖြေပေးလိမ့်မယ်လို့လဲ သူကဆိုပါတယ်။
ဒါပေမဲ့ တနာရီကျော်ကြာ ပွဲပြီးသွားတဲ့အထိ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် (သမ္မတပြောခွင့်ရပုဂ္ဂိုလ်လဲ ဖြစ်ပါတယ်)၊ နိုင်ငံခြားရေး ဒု ဝန်ကြီး သန့်ကျော်၊ သဘာဝပတ်ဝန်းကျင် ဒု ဝန်ကြီး ဒေါ်သက်သက်ဇင်တို့ လုံး၀ စကားပြောခွင့်မရလိုက်ပါ။ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌကနေ ကျန်းမာရေးဒုဝန်ကြီးဖြစ်လာ သူ ဒေါ်သိန်းသိန်းဌေးကတော့ Gender နဲ့ အမျိုးသမီး အခွင့်အရေး ထမေးသူရှိလို့ ၃ မိနစ်ခန့် ဖြေကြား ခွင့်ရလိုက်ပါတယ်။ ပရိတ်သတ်နဲ့ မိတ်ဆက်ခွင့်တောင် မရလိုက်တဲ့ ဒုတိယဝန်ကြီးတွေရဲ့နောက်ကြောင်းကို သိနိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာန ဝက်ဆိုက်ထဲ ဝင်ရှာပေမယ့် ဓာတ်ပုံလဲမရှိ၊ Bio လဲမသိ။ ဘာမှကို ဖေါ် ပြထားခြင်းမရှိပါဘူး။
ပြောင်းလဲလာနေတဲ့ မီဒီယာ ခေတ်သစ်မှာ ဝန်ကြီးဌာနနဲ့ ဝန်ကြီးတွေအကြောင်းကို သက်ဆိုင်ရာ ဝန် ကြီးဌာနဝက်ဆိုက်တွေမှာ ဖေါ်ပြထားတာဟာ နိုင်ငံတကာအစိုးရတွေရဲ့ လုပ်ထုံးလုပ်နည်းတခု ဖြစ်ပါတယ်။
”Command စင်တာကနေ People စင်တာကိုပြောင်းတာ၊ လူကြီးအကြိုက်ကနေ ပြည်သူအကြိုက်ကို ပြောင်းတာ၊ Top down စနစ်ကနေ လူထုအုပ်ချုပ်ရေးစနစ်ဆီပြောင်းရတာ တကယ်မလွယ်ဘူူးဗျ” လို့ ဝန်ကြီးဦးစိုးသိန်းကတော့ ငြီးပါတယ်။ ပြီးတော့ အမေရိကားတို့၊ အခုနော်ဝေးတို့မှာဆိုရင် Institution တွေ က အခိုင်မာရှိပြီးသားဖြစ်တဲ့အတွက် သမ္မတပြောင်းတာဘာမှမခက်ဘူး၊ အစိုးရပြောင်းတာဘာမှ မခက် ဘူး၊ Commander ပြောင်းလိုက်ယုံပါပဲလို့သူကထောက်ပြပါတယ်။
”ဒါပေမဲ့ ကျနော်တို့ဆီမှာကျတော့ Military Government ကနေ Democratic Government ကို ပြောင်းရတာဗျ။ အရင်က လုပ်ပုံကိုင်ပုံနဲ့ ဘာမှမတူတော့ အစိုးရပြောင်းပြီးပြီးချင်း ၃-၄ လလောက်မှာ ကျ နော်တို့ ဘယ်ကနေစပြီး ဘာလုပ်ရမှန်းတောင်မသိဘူး” လို့ ဦးစိုးသိန်းက အစိုးရသစ်ရဲ့ ၂ နှစ်တာသက် တန်း အတွေ့အကြုံတွေကိုရှင်းပြပါတယ်။ အစိုးရကို ဒီလိုပြောင်းလိုက်ပေမယ့် လူတွေရဲ့ Mindset တွေကို ချက်ချင်းပြောင်းဖို့က မလွယ်သေးဘူးလို့လဲ သူကဆိုပါတယ်။
တခြားလူတွေရဲ့ Mindset ကိုပြောင်းဖို့ ဦးစိုးသိန်းက တိုက်တွန်းနေပေမယ့် ကျန်တဲ့ဝန်ကြီးတွေကို စကားပြောခွင့်မပေးပဲ သူချည်းပြောနေတာကိုက စနစ်ဟောင်းရဲ့ မပြောင်းလဲနိုင်သေးတဲ့ Mindset တခုအဖြစ် ကျနော်က မြင်မိပါတယ်။ ဗိုလ်ချုပ် တာဝန်ယူခဲ့ဖူးတဲ့သူက ဗိုလ်မှုးတာဝန်ယူခဲ့ဖူးတဲ့၊ ဒါမှမဟုတ် အရပ်သားအဖြစ်သာ အမှုထမ်းခဲ့ဖူးတဲ့ ဒုတိယ ဝန်ကြီးတွေအပေါ် Top down စနစ်အရ သြဇာလွှမ်းဆဲရှိနေပုံ၊ ဝန်ကြီးအဖွဲ့မှာ Team Work အားနည်းနေဆဲဖြစ်တာတွေကို မြင်လိုက်ရပါတယ်။
ဝန်ကြီးဦးစိုးသိန်းရဲ့ မပြောင်းလဲသေးတဲ့ အပြောင်းအလဲများအကြောင်း ၂ နှစ်တာအတွေ့အကြုံကို နားထောင်ပြီးတဲ့အခါမှာတော့ ပရိသတ်ရဲ့မေးခွန်းတွေကို ဖြေကြားတဲ့အလှည့်ပေါ့။ ပရိတ်သတ်မေးသမျှကို ဦးစိုးသိန်းက ဒိုင်ခံဖြေကြားပေးတယ်ဆိုပေမယ့် မေးခွန်းအတော်များများကို အတိအကျမဖြေပါဘူး။ တချို့ မေးခွန်းတွေဟာ နိုင်ငံရေးအရ တာဝန်ခံရမှာစိုးလို့ ရှောင်လွဲဖြေတာလို့ နားလည်နိုင်ပေမယ့် တချို့မေးခွန်း တွေကတော့ တိကျတဲ့လုပ်ငန်းစဉ်ကို မရှိသေးလို့ မဖြေနိုင်တာလို့ ထင်မိပါတယ်။
ဥပမာ တတိယနိုင်ငံ တွေဆီ ရောက်နေသူတွေပြန်လာကြဖို့ သမ္မတကတော့ ဖိတ်ခေါ်သွားပါပြီ။ ဒါပေမယ့် ကျနော်တို့ထဲက လူအတော်များများဟာ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်ခဲ့သူတွေ၊ မတရားအသင်းအဖြစ် ကြေညာထားတဲ့အဖွဲ့ထဲမှာ ပါနေသူတွေဖြစ်ပါတယ်။ ဒီအတွက် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပေးပြီး ဥပဒေအရ ရှင်းရှင်းလင်းလင်း အာမခံချက်ပေးနိုင်မလားလို့ ပရိတ်သတ်တဦးက မေးပါ တယ်။
”လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ရင် ရာဇဝတ်မှုနဲ့ ထောင်ကျနေသူတွေကိုပါ လွတ်ပေးရမှာဖြစ်တယ်။ ကျ နော်တို့က နိုင်ငံရေးအရ အကျဉ်းကျနေသူတွေကိုသာ လွတ်ပေးချင်တာလေ” ဆိုပြီး ဝန်ကြီးကဖြေပါတယ်။ ပြီးတော့ ”ပြန်လာကြပါ။ ခင်ဗျားတို့အားလုံ ပြန်လာလို့ရပါတယ်။ မိုးသီးဇွန်တို့၊ ဒေါက်တာ သောင်းထွန်းတို့ အကုန်လာနေကြတာပဲ။ လေယာဉ်ကွင်းရောက်ရင် ကျနော်နာမည်ကိုသာ ပြောလိုက်၊ သူတို့က တုံးထုပေးလိုက်ပါလိမ့်မယ်…” လို့ဆိုပါတယ်။
မေးခွန်းရဲ့ဆိုလိုရင်းကို ဝန်ကြီး နားမရှင်းတာလား။ ဒါမှမဟုတ် တတိယနိုင်ငံကလူတွေကို ပါးစပ်က ဖိတ် ခေါ်နေပေမယ့် ဒီလူတွေပြန်လာခွင့်ရအောင် ဘယ်လိုလုပ်ပေးရမယ်၊ ပြန်လာပြီးရင် ဘာတွေလုပ်ဆောင် စေချင်တယ်ဆိုတဲ့ Mechanism လုပ်ငန်းစဉ်မရှိ သေးတာလား။ စကားကို အလွယ်ပြောတတ်တာမျိုးလား။
ဝန်ကြီးဦးစိုးသိန်း အတိအကျဖြေသွားတယ်လို့ပြောနိုင်တဲ့ တခုတည်းသောအဖြေကတော့ အယင်အစိုး ရခေတ်က ပြစ်မှုကျုးလွန်သူတွေကို အခုအစိုးရသစ်က အရေးယူဖို့ အစီစဉ်မရှိသေးဘူးဆိုတာပါ။ ”စစ်အစိုးရခေတ်က စစ်ရာဇဝတ်မှု ကျုးလွန်သူတွေကို လက်ရှိအစိုးရက ဘယ်လိုအရေးယူဖို့ အစီအစဉ်ရှိပါသလဲ” ဆိုပြီး ကရင် အမျိုးသမီးတဦးက ထမေးတော့ ပရိတ်အားလုံးနီးပါး လက်ခုတ်တီးပြီအားပေးကြပါ တယ်။
ဒီမေးခွန်းကို ဦးစိုးသိန်းဖြေတာကတော့ ”ကျနော်တို့က ဒီမိုကရေစီကိုပဲ သွားချင်ပါတယ်။ အရေးယူတဲ့ အပိုင်းကို ပထမ ဦးစားပေးနေရာမှာ မထားချင်ပါဘူး။ ဒါကို ပထမနေရာထားရင် ရှေ့မတိုးနိုင်ပဲ ဖြစ်နေလိမ့်မယ်။ အရေးယူတာက နောက်တပိုင်းဖြစ်ပါလိမ့်မယ်” တဲ့။ မေးခွန်းရှင်က ဒီအဖြေကို သိပ်ကျေနပ် ပုံမရပါဘူး။ ဒါပေမဲ့ ဝန်ကြီးမျက်နှာကို အကဲခတ်လိုက်တော့ ဘာမှမဖြစ်သလို ပုံမှန်ပါပဲ။
တကယ်က ဒီမေးခွန်းဟာ အတော်အရေးကြီးပါတယ်။ သမ္မတကိုယ်တိုင်က အယင်စစ်အစိုးရခတ်က ဝန်ကြီးချုပ်တာဝန်ယူလာသူ၊ ဦးစိုးသိန်းကိုယ်တိုယ်က ရေတပ်ဦးစီးချုပ်အဖြစ်တာဝန်ယူလာသူတွေဖြစ် ခဲ့ကြတယ် မဟုတ်ပါလား။ ဒါနဲ့ အယင်အစိုးရနဲ့အခုအစိုးရ ဘာများကွာသလဲ။ လက်ရှိအစိုးရထဲမှာ အယင်အစိုးရဟောင်းက ဝန်ကြီး ဘယ်နှစ်ပါးပါနေသလဲ ဆိုတာကိုသိနိုင်ဖို့ သမ္မတရုံးဝက်ဆိုက်ထဲက အစိုးရအဖွဲ့ဆိုတဲ့အခန်းကို သွားကြည့်မိပါတယ်။
အစိုးရသစ်ရဲ့ ဝန်ကြီး ၈၀ ရာခိုင်နှုန်းနီးပါးဟာ အရင်အစိုးရခေတ်က ဝန်ကြီးဟောင်း၊ စစ်ဗိုလ်ဟောင်း သို့မဟုတ် ကြံ့ခိုင်ရေးပါတီဝင်တွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါဆိုရင် ဦးစိုးသိန်းက အရင်အစိုးရ ဟောင်းက လူတွေကို ကာကွယ်ပြောဆိုနေတာလား။
ဒီအချက်ကိုသိနိုင်ဖို့ သမ္မတရုံးဝက်ဆိုက် လွှတ်တော်အခန်းထဲက ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လှန်ကြည့်မိပါတယ်။ စာမျက်နှာ ၁၇၈၊ အခန်း ၁၄၊ ပုဒ်မ ၄၄၅ အသွင်ကူးပြောင်းရေးကာလ ပြဌာန်းချက်များ အခန်းမှာ ဟောဒီလို အတိအလင်းရေး ထားတာ တွေ့လိုက်ရမှ ဦးစိုးသိန်းပြောတဲ့ ”အရေးယူတာက ပထမ ဦးစားပေး နေရာမှာ မထားချင်ဘူး” ဆိုတာကို သဘောပေါက်သွားပါတယ်။
”ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံ တော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရဲ့ မူဝါဒလမ်းညွန်မှုများ၊ ဥပဒေများ၊ နည်းပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေညာာချက်များကိုလည်းကောင်း။ ထိုနှစ်ဖွဲ့ရဲ့ ဆောင်ရွက်ချက် များ၊ တာဝန်နှင့် ရပိုင်ခွင့်များကိုလည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့၊ သို့မဟုတ် အဖွဲ့ဝင်တဦးဦး၊ သို့ မဟုတ် အစိုးရအဖွဲ့ဝင်တဦးဦးရဲ့ တာဝန်အရဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျှက် ယင်းတို့ အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ”…တဲ့။