ဆောင်းပါး

အမြင့်ပျံ ရန်ကုန် အိမ်ခြံမြေနှင့် တိုက်ခန်း ဈေးကွက်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ချွေးပြန်အောင် ပူလောင်နေသည့် နေ့လည်ခင်းအပူရှိန်နှင့် အသက်ရှူကြပ်စရာအမှုန်တွေက ဘိလပ်မြေအိတ်တွေကို ပုခုံးမှာထမ်းကာ ငါးထပ်၊ ခြောက်ထပ်၊ ခုနစ်ထပ် အမြင့်တွေဆီတက်နေသည့် အလုပ်သမားတွေကို စိတ်အနှောက် အယှက် မပေးနိုင်ပါ။ ကြိုးသိုင်းဖိနပ်စီးထားသည့် ခြေထောက်တွေနှင့် လှေခါးထစ်များကို တက်ရင်း လှုပ်ရှားမှု နှေးလာ သည့်အခါ ပါးစပ်က မာန်သွင်းအော်ဟစ်ကြသည်။ ဝန်မပါတော့ဘဲ ပေါ့ပါးစွာ ပြန်ဆင်းလာသည့် လုပ်ဖော်ကိုင်ဖက်တွေနှင့် လမ်းမှာ ဆုံသည့်အခါ ဘေးကိုကပ်ပေးဖို့ အော်ကြသည်။

သူတို့ဖြတ်သွားရာ အထပ်များတွင် ယောက်ျား၊ မိန်းမအချို့က နံရံအတွက် အုတ်စီနေကြသည်။ တပိုင်းတစ အုတ်စီပြီးသွားသည့် နံရံများကို ပလာစတာ အချောကိုင်နေကြသည်။  အပြန်အလှန်လည်း သူတို့ အော်ဟစ်နောက်ပြောင်ကြသည်။

ဆောက်လုပ်ရေးကာလ ဆယ်နှစ်ရှိခဲ့ပြီဖြစ်သော အဆိုပါ ဆယ်ထပ်အဆောက်အဦသည် ၂၀၁၃ခုနှစ် နှစ်ကုန်ပိုင်းတွင် အိမ်ငှားများ လာရောက်နေထိုင်ရန် အသင့်ဖြစ်မည်ဟု လုပ်ငန်းခွင်မန်နေဂျာ ဦးနိုင်ဝင်းအောင်က ပြောပြသည်။ အားကစား လေ့ကျင့်ရေးခန်းမနှင့် ရေကူးကန်ပါဝင်သည့် ဈေးနှုန်းမြင့် ထိုအဆောက်အဦမှ ကြည့်လိုက်လျှင် ရန်ကုန်မြို့ ကန်တော်ကြီး၏ စိမ်းလန်းစိုပြေသော ရှုမျှော်ခင်းများကို အပေါ်စီးမှ မြင်တွေ့နိုင်သည်။

တည်နေရာက အချက်အချာကျပြီး အကွာအဝေး တမိုင် မရှိတရှိတွင် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထား ကြသည့် ရွှေတိဂုံစေတီတော်ကို ရွှေရောင်တဝင်းဝင်းဖြင့် မြင်တွေ့နိုင်သည်။ သို့သော်လည်း ယခုချိန်မှာ လုပ်ငန်းခွင်က လျှင်လျှင်မြန်မြန် အကောင်အထည်ပေါ်လာနေသည် ဆိုသော အနေအထားမှာပဲ ရှိသေးသည်။ တည်ဆောက်နေသည့် ရတနာမြိုင် ဆောက်လုပ်ရေးကုမ္ပဏီကတော့ ရန်ကုန်မြို့တော်၏ ပြောင်းလဲတိုးတက်နေသည့် အခြေအနေများထဲတွင် အမီလိုက်နိုင်ရန်အတွက် အရှိန်မြှင့်ပြီး စွမ်းအားပြည့် အလုပ်လုပ်နေရသည်။

အပေါ်ဆုံးအထပ်ကနေ မြင်ရသည့်မြင်ကွင်းကတော့ အံ့မခန်းပင်။ ပေးရမည့် ဈေးနှင့် လိုက်ဖက်သည်။ ၁၈၂၉ စတုရန်းပေ စီ ရှိသည့် အခန်းများ၏ ဈေးနှုန်းမှာ စတုရန်း တပေလျှင် အမေရိကန်ဒေါ်လာ ၁၅၀ ဖြစ်ပြီး တခန်းလုံးအတွက်ဆိုလျှင် အမေရိကန်ဒေါ်လာ ၃၀၀၀၀၀ နီးပါး ကျသင့်မည်ဖြစ်သည်။ “အခန်း ၆၀ လုံး ရောင်းထွက်သွားပါပြီ” ဟု ဦးနိုင်ဝင်းအောင် က ပြောသည်။ သူ၏ ရုံးခန်းနံရံပေါ်၌ ရန်ကုန်မြို့နေရာ အနှံ့အပြားတွင် တည်ဆောက်ရန်ရှိသည့် ခန်းနားထည်ဝါသော လူနေတိုက်ခန်းများပုံကို ပန်းချီ ရေးဆွဲထားသည်။

အလားအလာကောင်းနေသည့် ဆောက်လုပ်ရေး လုပ်ငန်းသို့ အစု အပြုံလိုက် တိုးဝှေ့ဝင်လာကြသည့်အတွက် ကိုလိုနီခေတ်ဟောင်း အဆောက်အဦများ ဖြိုချဖျက်ဆီးခံနေရသည့် ရန်ကုန်မြို့ပြ၏ ဒဏ္ဍာရီသစ်တွင် ထိတ်လန့်အံ့သြဖွယ်ရာ ဈေးနှုန်းများက အစိတ်အပိုင်းတခု ခပ်မြန်မြန်ဖြစ်လာသည်။ အချို့နေရာများတွင် ရုံးခန်းငှားခ ဈေးနှုန်းသည် အလွန်ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်သည့် “ပထမကမ္ဘာနိုင်ငံ” မြို့ကြီးများမှ ဈေးနှုန်းများထက် ကျော်လွန်၍ နေသည်။

ရန်ကုန်တွင် အနည်းအကျဉ်းသာရှိသည့် ရုံးခန်းဖွင့်ရန် သင့်တော်သော Sakura Tower နှင့် Center Point တို့ကဲ့သို့သော နေရာများတွင် ငှားရမ်းခက တစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၆၀ မှ ၇၀ အတွင်းတွင်ရှိသည်။ Sakura Tower မှ လမ်းတဖက်တွင် ရွှေတောင်ဖွံ့ဖြိုးရေး ဆောက်လုပ်ရေးကုမ္ပဏီက နံဘေးမှ နာမည်ကျော် ကုန်သည်ကြီးများ ဟိုတယ်ထက် မြင့်မားမည့် ဘက်စုံသုံးအဆောက်အဦးတခု တည်ဆောက်နေသည်။ ရုံးခန်းများ ဖွင့်လှစ်ရန် အထပ် ၁၄ ထပ်ပါဝင်မည့် ထိုအဆောက်အဦးကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင် အသုံးပြုနိုင်မည် ဖြစ်သည်။

ပြီးခဲ့သည့် နှစ်အတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများထဲမှ အကြီးမားဆုံးမှာ ဗီယက်နမ် လုပ်ငန်းစု တခုမှ တာဝန်ယူတည်ဆောက်မည့် ရုံးခန်းများ၊ ဟိုတယ်၊ လူနေအိမ်ခန်းများနှင့် ဈေးဆိုင်ခန်းများပါဝင်သော အမေရိကန် ဒေါ်လာ သန်း ၃၀၀ တန် စီမံကိန်းတခု ဖြစ်သည်။ ထိုစီမံကိန်းသည် ဆီဒိုးနား ဟိုတယ်ဘေးတွင်ရှိပြီး ၂၀၁၇ မတိုင်မီ ပြီးစီးရန် မလွယ်ကူပေ။

ရေရှည်ကို စဉ်းစားကြည့်လိုက်လျှင်မူ ရုံးခန်းနေရာ လိုအပ်မှုတဟုန်ထိုး တိုးတက်လာသည်နှင့်အမျှ မြင့်မားလာသော ဈေးနှုန်းနှင့် အားကောင်းလာသော ဝယ်လိုအားကြောင့် လုပ်ငန်းရှင်များ အလုအယက် ဝင်ရောက် ရင်းနှီးမြှုပ်နှံလာကြလျှင် ဈေးနှုန်းများ ကျဆင်းသွားနိုင်သည်ဟု Power 7 အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဒေါ်မေထက်အောင် ကပြောသည်။

“ဈေးတွေက စတုရန်း တပေကို ဒေါ်လာ ၅၀ လောက်၊ ဒါမှမဟုတ် အဲဒီအောက်ကို ကျသွားမယ်လို့ မျှော်လင့်ပါတယ်၊ တည်ဆောက်ဆဲ လုပ်ငန်းတွေပြီးသွားရင် ရုံးခန်းနေရာတွေ အများကြီးရှိလာမှာပါ” ဟု သူကဆိုသည်။

လက်ရှိအချိန်တွင် နေရာရှားပါးမှု အခက်အခဲက အာရှ၏ နောက်ဆုံးနှင့် ဖွံ့ဖြိုးမှု အနည်းဆုံးဈေးကွက် တခုအဖြစ်မှ ဖွံ့ဖြိုးမှုအတွက် အလားအလာအကောင်းဆုံး ဖြစ်လာနေသည့် မြန်မာနိုင်ငံအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရေးကို နှေးကွေးသွားစေနိုင်သည်။

“နိုင်ငံခြားက ဆေးကုမ္ပဏီကြီးတခု ကျမဆီလာပြီး ရုံးခန်းနေရာရှာတယ်၊ ဒါပေမယ့် ဈေးနှုန်းတွေ အရမ်းမြင့်နေတာကို လည်း မြင်လိုက်တော့ မငှားတော့ဘူးလို့ ပြောတယ်၊ မြန်မာနိုင်ငံမှာ လုပ်ငန်းလာလုပ်ဖို့ကိုလည်း ရွှေ့ဆိုင်းလိုက်တယ်တဲ့” ဟု ဒေါ်မေထက်အောင် ကပြန်ပြောပြသည်။

ဒီလိုဖြစ်ရပ်မျိုးက တကြိမ်တခါထဲ မကပါ။ “ကုမ္ပဏီကြီး နှစ်ခု၊ သုံးခု လောက် ဒီလိုပဲ ပြန်သွားကြတာ ကျမ ကြုံခဲ့ရတယ်” ဟု သူက ညည်းတွားသည်။

ရန်ကုန်မြို့ရှိ ဂျပန် ပင်လယ်ရပ်ခြား ကုန်သွယ်ရေးရုံးတရုံးမှ အကြီးအကဲ Masaki Takahara က သူ၏ နိုင်ငံမှ ငွေကြေး ကြွယ်ဝသူများက မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ချက်ရှိနေကြသော်လည်း အခြေခံအဆောက်အအုံ အားနည်းမှုများကြောင့် နောက်ပြန်ဆုတ်သွားနိုင်ကြောင်း ပြောသည်။ ဂျပန်နိုင်ငံသည် မကြာသေးမီကမှ ရန်ကုန်မြို့အနီးရှိ သီလဝါတွင် စက်မှုဇုန်နှင့် ဆိပ်ကမ်းတည်ဆောက်ရန် ဂျပန်ယန်းငွေ ၂၀ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း၂၀၀ နီးပါး) ရင်းနှီးမြှုပ်နှံသွားမည်ဟု ကတိပြုခဲ့သည်။

“လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံမှာ အခြေခံ အဆောက်အအုံပိုင်းမှာ မပြည့်စုံတာတွေ ရှိနေပါတယ်။ ဒါပေမယ့် ဒီကိစ္စကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု သူကဆိုသည်။

ဂျပန်တို့ ရောက်ရှိလာခြင်းသည် သီလဝါဇုန်ကို လူသိများစေခြင်း အကြောင်းတခုသာမကဘဲ  မြန်မာနိုင်ငံ၏ ပြတ်တောင်း ပြတ်တောင်း လျှပ်စစ်ဓာတ်အားပေး စနစ်ကို အားဖြည့်ပေးရန်နှင့် လမ်းများကို အဆင့်မြှင့်ပေးရန် ရည်ရွယ်ချက်များလည်း ရှိနေသည်။ အရေးပါသည့် ထိုပြဿနာနှစ်ခု ပြေလည်သွားလျှင် ရင်းနှီးမြှုပ်နှံသူများအတွက် ကုန်ကျစားရိတ် လျော့ကျ စေမည့်အပြင် တက်ချင်တိုင်းတက်နေသည့် ရန်ကုန်မြို့မှ အိမ်ခြံမြေဈေးနှုန်းများ ကို မျှတသွားအောင် ချိန်ညှိပေးနိုင်မည် ဖြစ်သည်။

ထိုအချိန်တွင် စွန့်စားချင်သည့် လုပ်ငန်းတခုက ရန်ကုန်မြို့တွင် ရှားပါးနေသော ရုံးခန်းနေရာပြဿနာကို ဖြေရှင်းရန် အတွက် ဧရိယာစတုရန်းမီတာ ၃၀၀ ခန့်ရှိသည့် အခန်းငယ်များကို ရုံးခန်းဖွင့်လှစ်လိုသည့် ကုမ္ပဏီများသို့ ငှားရမ်းပေး နေသည်။

အဆိုပါလုပ်ငန်း၏ တွဲဖက်ကုမ္ပဏီအဖြစ်လုပ်ကိုင်နေသော Myanmar Access မှ Marc Rudolf von Rohr က ဒေသခံ မြန်မာလုပ်ငန်းရှင်များက ရုံးခန်းနေရာနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းရာတွင် မြန်မာနိုင်ငံသို့ စီးပွားရေးအတွက် အကြို သဘော လာရောက် စူးစမ်းလေ့လာသည့် နိုင်ငံခြားသားများ တည်းခိုနေထိုင်လေ့ရှိသည့် နေရာများကို ပိုပြီး စိတ်ဝင်စားလာကြကြောင်း လေ့လာတွေ့ရှိခဲ့သည်ဟု ဆိုသည်။

“အစပိုင်းမှာတော့ ကျနော် အံ့သြသွားပါတယ်။ မြန်မာကုမ္ပဏီတွေရဲ့ ရုံးချုပ်တွေက ရန်ကုန်မြို့တခြားနေရာတွေမှာ ရှိပါတယ်။ ဒါပေမယ့် သူတို့က ဟိုတယ်တွေနဲ့ နီးတဲ့နေရာနဲ့ မြို့လယ်မှာ ရှာလာကြတယ်၊ ဒါမှလည်း နိုင်ငံခြားသား လုပ်ငန်းရှင် တွေနဲ့ လွယ်လွယ်ကူကူ တွေ့နိုင်မယ်လေ” ဟု Marc Rudolf von Rohr ကပြောသည်။

နိုင်ငံခြားစီးပွားရေး လုပ်ငန်းအမြောက်အများသည် မြန်မာနိုင်ငံတွင် အခွင့်အလမ်း လာရောက်ရှာဖွေကြသည့် အဆင့်မှာသာ ရှိနေသေးပြီး သူတို့ ပုဂ္ဂိုလ်ရေးလိုအပ်ချက်နှင့် ကိုက်ညီသည့် နေရာတွေ့လျှင် ယာယီ ငှားရမ်းနေထိုင်ကြသည်။ “သူတို့ လာတယ်၊ ဆွေးနွေးမှုတွေ လုပ်တယ်၊ လျှောက်ကြည့်တယ်၊ လုပ်ငန်းကို မြန်မြန်ဆန်ဆန်ကြီး စဖို့ မလိုသေးတာမျိုးက ရှိတတ်ပါတယ်” ဟု Marc Rudolf von Rohr ကပြောသည်။

နိုင်ငံခြားကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံကြရန် နှေးကွေးသလို ဖြစ်နေရသည့် အကြောင်းမှာ လျှပ်စစ်ဓာတ်အားကဲ့သို့  မရှိမဖြစ် လိုအပ်သည့် အခြေခံအဆောက်အအုံများ ဖြည့်တင်းပေးနိုင်ရန် မသေချာမှုများ ရှိနေခြင်းကြောင့်သာမက အဓိက လိုအပ်ချက်ဖြစ်သော ရုံးခန်းနေရာ ခပ်ကျဉ်းကျဉ်း နေရာမျိုးကိုပင် ခက်ခဲနေရခြင်း ကြောင့်လည်း ဖြစ်သည်။

“အဆင်ပြေတဲ့ နေရာတခုကို ကိုယ်တတ်နိုင်တဲ့ ဈေးနဲ့ ရနိုင်ဖို့က တကယ်ကိုမလွယ်ပါဘူး၊ လျှပ်စစ်မီး နဲ့ အင်တာနက် မှန်မှန်ရဖို့လိုတယ်၊ ငှားရမ်းစာချုပ်ကလည်း ခိုင်မာဖို့လိုတယ်၊ အခုထိတော့ နေရာတော်တော်များများဟာ မပြည့်စုံကြ သေးဘူး” ဟု Marc Rudolf von Rohr ကပြောသည်။

ထို့ပြင် နေစရာ အိမ်ငှားရမ်းလိုသူများအတွက်လည်း သင့်တော်သည့် နေရာတခုရရှိရန်မှာ ကျော်ဖြတ်ရမည့် စမ်းသပ်ချက် တခုဖြစ်ပြီး စိတ်ရှည်ဖို့လည်း လိုသည်။

ကနေဒါနိုင်ငံသား Emmanuel Jaquet သည် ရန်ကုန်တွင် ၁၀ လ ကျော်ကြာနေထိုင်ခဲ့ပြီး ဖြစ်သည်။ သူနှင့် သူ၏အဖော်တို့ တတ်နိုင်သည့် ဈေးနှုန်း အတွင်းတွင် ရှိသည့် တိုက်ခန်းတခု မငှားရမ်းမီ နေရာ ၁၅ ခုခန့် လိုက်ရှာကြည့်ခဲ့ရသည်ဟု သူက ပြောပြသည်။

“ကျနော်တို့က တလကို ဒေါ်လာ ၁၀၀၀ လောက်ပဲ စပ်တူသုံးပြီးငှားမှာ၊ ကျနော့် မိန်းကလေးကတော့ နေရာတော်တော်များများ ကြည့်ခဲ့တယ်။ ဒါပေမယ့် တချို့တွေက ဆောက်လို့ မပြီးသေးဘူး၊ တချို့နေရာတွေက ညစ်ပတ်တယ်၊ လိုအပ်တဲ့ အထောက်အပံ့ ပစ္စည်းပစ္စယလည်း မစုံလင်ဘူး။ ဒါတောင်မှ သူတို့တောင်းတဲ့ဈေးတွေက ရူးချင်စရာပဲ” ဟု Jaquet က ဆိုသည်။

သူတို့စုံတွဲ၏ နေရာရှာဖွေခြင်း စွန့်စားခန်းတွင် အများနှင့် မတူ တမူထူးခြားသည့် အိမ်တွင်းပြင်ဆင်မှု ပုံစံတွေလည်းတွေ့ခဲ့ ရသေးသည်။ “မီးဖိုခန်းထဲမှာ ရေချိုးခန်းသုံးတဲ့ ရေပန်း တပ်ထားတာလည်း ကျနော်တို့ တနေရာမှာ တွေ့ခဲ့ရသေးတယ်” ဟု သူက ပြောပြသည်။

နောက်ဆုံးတွင် သင့်တော်သည့်နေရာတခု ရခဲ့သော်လည်း Jaquet က သူတို့ စုံတွဲအတွက် ပြဿနာတွေက မဆုံးသေး ပါကြောင်း ပြောသည်။ “ကျနော်တို့ဆီက တနှစ်စာအတွက် ကြိုတင်ငွေရတော့ အိမ်ရှင်ကပျော်နေတယ်၊ ဒါပေမယ့် ပြင်စရာက နည်းနည်း ကျန်နေတယ်၊ အဲဒီအတွက် ရက်သတ္တပတ် နည်းနည်းလောက် ထပ်စောင့်ရမယ်တဲ့။ နောက်ဆုံး တော့ ပြင်စရာရှိတာ ကိုယ်ဖာသာပဲ ပြင်ဖို့ဆုံးဖြတ်လိုက်တယ်၊ ပြီးတော့မှ အိမ်ရှင်ဆီကို ကျသင့်ငွေ ဘောက်ချာ ပို့ပေးလိုက်တယ်လေ”

ထိုသို့သော ဖြစ်ရပ်မျိုးမှာ ရန်ကုန်ကိုရောက်လာကြသော နိုင်ငံခြားသား အိမ်ငှားများကြားတွင် အမြောက်အများ ရှိသည်။ Power 7 အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဒေါ်မေထက်အောင်က တနှစ် အတွင်းတွင်မှာပင် အကြိမ် တော်တော်များများ တွေ့ခဲ့ရသည်ဟု ဆို၏။

ရန်ကုန်တွင် အိမ်ရှင်များက စံသတ်မှတ်ချက်တခုသဖွယ် ကျင့်သုံးနေကြသည့် အလေ့အထတခုလည်း ရှိသေးသည်။ အိမ်ရှင်များက တနှစ်စာ ကြိုတင်ငွေကို အပြည့်အ၀ လိုချင်ကြသည်။ အကယ်၍ ငှားရမ်းသူက တနှစ်မပြည့်မီ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာရမည့် အကြောင်းမျိုးရှိလာလျှင်ပင် ကျန်ငွေကို ပြန်လည်ရရှိရန် အခွင့်အလမ်း အလွန်နည်းသည်။ အိမ်ရှင် အများစုနှင့်ပတ်သက်၍ ဒေါ်မေထက်အောင်က သက်ပြင်းချရင်း “သူတို့ တွေက အိမ်ငှားတာကို စီးပွားရေးလုပ်ငန်း တခု လုပ်တယ်လို့ သဘောထားကြတာ မဟုတ်ဘူး၊ သူတို့လိုချင်တာက ပိုက်ဆံတခုပဲ” ဟုဆိုသည်။

သူ၏ ကုမ္ပဏီ အနေဖြင့် ယခု နွေရာသီတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနိုှုင်းနိုင်သည့် အခြေအနေများ ဖြစ်အောင် စီစဉ်နေသည်ဟု သိရသည်။ “အိမ်ရှင်ရော အိမ်ငှားကိုပါ အတူရှိအောင် ခေါ်နိုင်ဖို့ ကြိုးစားမယ်” ဟု ဒေါ်မေထက်အောင်က ပြောသည်။ သို့သော်လည်း တလချင်းသာ ပိုက်ဆံကောက်ယူရန်နှင့် ငှားရမ်းမှု အဆုံးသတ်မည့်အခါတွင် တလ ကြိုတင်၍ အသိပေးရန် အစရှိသည့် သတ်မှတ်ချက်များကို အိမ်ရှင်များဖက်က လက်ခံဆောင်ရွက်ကြရန် ဖြစ်လာနိုင်ခြင်း ရှိမရှိကို သူ ပြောနိုင်ခြင်း မရှိပေ။ “ကျမတို့ နိုင်ငံထဲမှာ ဖြစ်နေတဲ့ ဈေးကွက် အနေအထားကို တိုးတက်လာအောင်လုပ်ဖို့ လိုပါတယ်” ဟု သာ ပြောသည်။

လတ်တလောတွင်မူ မည်သို့သော သတ်မှတ်ချက်တွေ ရှိနေသည်ဖြစ်စေ နိုင်ငံခြားသားများ၏ လိုအပ်ချက်များအတိုင်း ဝန်ဆောင်ပေးနိုင်ရန်၊ သင့်လျော်သော နေရာရနိုင်လျှင် အကျိုးအမြတ်ရရှိဖို့က သေချာနေသည်။ ရန်ကုန်တွင် နိုင်ငံခြား သားများ အတွက် တိုက်ခန်းငှားခမှာ တလလျှင် အမေရိကန်ဒေါ်လာ ၂၀၀၀ နှင့် ၄၀၀၀ ကြားတွင်ရှိသည်ဟု ဒေါ်မေထက် အောင်ကပြောသည်။ အချို့နေရာများတွင် တလအတွက် ဒေါ်လာ၂၀၀၀၀ ခန့်ပေးကြရသည်ဟုလည်း သူက ထပ်ပြောသည်။

“ဟုတ်တယ်၊ ကုမ္ပဏီကြီးတွေ နဲ့ ရေနံကုမ္ပဏီတွေပေါ့၊ သူတို့ကတော့ ဝန်ထမ်းတွေအတွက် အဲဒီလောက် သုံးနိုင်ကြတယ် လေ” ဟု ဒေါ်မေထက်အောင်က တိုက်ခန်းတခန်းကို တလ ဒေါ်လာ ၂၀၀၀၀ ပေးငှားသည့် ကိစ္စကို ရှင်းပြသည်။

နေရာတွေ များလာပါက အခုလိုတက်နေသည့် ဈေးနှုန်းတွေ ကျဆင်းသွားလိမ့်မည်ဟု ပြောနိုင်ဖို့က မသေချာသေး။ သေချာသည့် အချက်က ရန်ကုန်တွင် ရုံးခန်းဖွင့်ရန် နှင့် လူနေထိုင်ရန် နေရာတွေ အလွန်အမင်း လိုအပ်နေသည် ဆိုခြင်းသာ ဖြစ်ပါသည်။ လအတန်ကြာ သို့မဟုတ် ထို့ထက်ပို၍ ကာလရှည်ကြာစွာ နေထိုင်နိုင်မည့် နေရာထိုင်ခင်းရှိဖို့ လိုသည်။ တိုးပြီးလာနေကြသည့် ကမ္ဘာလှည့် ခရီးသွားတွေ အတွက်လည်း ဟိုတယ်ခန်းတွေလိုနေသည်။

အစိုးရ တာဝန်ရှိသူများက ရာစုနှစ် အလယ်ပိုင်းတွင် လူဦးရေ ၁၀ သန်း ကျော် နေထိုင်နိုင်မည့် “မဟာမြို့ကြီး” ဖြစ်လာမည်ဟု ပြောဆိုကြသည့် ရန်ကုန်မြို့ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာတွင် သမိုင်း၏ အငွေ့အသက်များ၊ သမိုင်းဝင် အဆောက်အဦ များသည် အောက်ခြေကနေဖြိုလှဲခံရတော့မည့် စိုးရိမ်စရာ အခြေအနေတွေ ဖြစ်ပေါ်လာသည်။ မြန်မာနိုင်ငံ၏ မြို့ကြီးများတွင် မြို့ပြစီမံကိန်း နှင့် ပြန်လည်နေရာချထားမှု အစီအစဉ်များ အားနည်းသည့်အတွက် ဗိသုကာလက်ရာ မြောက်ပြီး ပေါ်လွင်ထူးခြားသည့် အဆောက်အဦများနေရာတွင် မှန်အပြည့်ကာသည့် ဈေးဆိုင်ကြီးများ၊ အကျည်းတန်သည့် အထပ်မြင့်တိုက်ကြီးများနှင့် အစားထိုးခဲ့ခြင်းများ ရှိခဲ့သည်။

The Yangon Heritage Trust (YHT) သည် မြို့တော်၏  ဖြိုဖျက်ခံရတော့မည့် ကိုလိုနီခေတ်လက်ရာ အဆောက် အဦးကြီးများကို တတ်နိုင်သမျှကာကွယ်စောင့်ရှောက်ရန် ဦးဆောင်အားထုတ်နေသည့် အဖွဲ့ဖြစ်သည်။

YHT ၏ ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးလွင်က အဖွဲ့အနေဖြင့် အရေးတကြီးလိုအပ်နေသော အိမ်ယာများ၊ စီးပွားရေး အဆောက်အဦးများ တည်ဆောက်နေမှုကို ကန့်ကွက်တားဆီးရန် မရှိသော်လည်း ထိုသို့ ဆောက်လုပ်နိုင်ရန်အတွက် ဗြိတိသျှတို့ တောင်အာရှ အင်ပါယာ တည်ထောင်နိုင်ခဲ့စဉ်က  ရောမနှင့် ဂရိရှေးဟောင်း ဂန္တဝင်ပုံစံကို အခြေခံကာ တည်ဆောက်ထားခဲ့သည့် ဝိတိုရိယနှင့် အက်ဒွပ် ခေတ်လက်ရာ အဆောက်အဦးများ ဖျက်ဆီးဖယ်ရှားခံရပြီး  ရန်ကုန်၏ ဝိဉာဉ်ပျောက်ဆုံးသွားမည်ကိုတော့ စိုးရိမ်ကြောင်း ပြောသည်။

ထိုအဆောက်အဦးများသည် ကိုလိုနီခေတ်၏ အမွေအနှစ်များ ဖြစ်သည့်အတွက် ဖျက်ဆီးပစ်သင့်သည် ဆိုသော အမြင်သ ဘောထားများ ကိုလည်း ဒေါ်မိုးမိုးလွင်က “အဲဒီလို ပြောမယ်ဆိုရင် ဒီမှာ မွန်ရိုးရာ အဆောက်အဦးတွေပဲ ရှိသင့်ပါ တယ်၊ ဒီနေရာကို ဗမာတွေ မသိမ်းပိုက်ခင်က မွန်တွေရဲ့ နေရာလေ” ဟု ပယ်ချခဲ့သည်။

ဗိသုကာပညာရှင်တယောက်လည်း ဖြစ်သော ဒေါ်မိုးမိုးလွင်က ဗြိတိသျှတို့ ဆောက်လုပ်ခဲ့သည့် အဆောက်အဦးကြီးများ ဖြစ်သော ယခုအခါ မြို့တော်စည်ပင်သာယာရေးကော်မတီရုံးပြုလုပ်ထားသည့် မြို့တော်ခန်းမ နှင့် မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည့် အတွင်းဝန်ရုံး တို့နှင့် ပတ်သက်၍ လည်း “ဒီ အဆောက်အဦးတွေက ကျမတို့ရဲ့ သမိုင်းဖြစ်စဉ်ထဲက နေရာတွေပါ” ဟုဆိုသည်။

လိုအပ်ချက်များအရ အိမ်ယာများ၊ ရုံးခန်းများနှင့် ဟိုတယ်များ အသစ်တိုးချဲ့တည်ဆောက်နေရခြင်း နှင့် ရှေးဟောင်း အမွေ အနှစ်ထိန်းသိမ်းရေး တို့ကြားတွင် ဟန်ချက်ညီသော အခြေအနေတရပ် ဖြစ်ထွန်းလာနိုင်ရေးအတွက် မြို့တော် ဖွံ့ဖြိုးရေး စီမံကိန်းများ အကောင်အထည်ဖော်သည့် အခါတွင် ကဏ္ဍအသီးသီးမှ ပါဝင်သည့် ဆန်းစစ်ဝေဖန်ရေးအဖွဲ့တဖွဲ့ ဖွဲ့စည်း တည်ထောင်ရန် မြို့တော် အာဏာပိုင်များကို ဆွဲဆောင်တိုက်တွန်းနိုင်လိမ့်မည်ဟု YHT က မျှော်လင့်ထားသည်။

သို့သော်လည်း အငြင်းပွားဖွယ်ရာ စီမံကိန်းတခုက ပြည်သူ့ဥယျာဉ် ပန်းခြံအတွင်းတွင် သုံးထပ် ဈေးဝယ်စန်တာကြီးတခု ဆောက်လုပ်နေခြင်းပင်။ မလှမ်းမကမ်းတွင် ရှိနေသည့် ရွှေတိဂုံစေတီတော်ကို အနီရောင် သံမဏိတန်းကြီးများ ကြားမှကြည့်နေရသည့် မြင်ကွင်းက တချို့တွေအတွက် စိတ်အနှောက်အယှက်ဖြစ်စရာ ကောင်းနေသည်။

“ပန်းခြံထဲက မြေမြေနေရာက အများပြည်သူအတွက်ပဲ ဖြစ်ရပါမယ်၊ ပုဂ္ဂလိက ကုမ္ပဏီ တခုအတွက် မဖြစ်သင့်ပါဘူး” ဟု ဒေါ်မိုးမိုးလွင်က ပြောသည်။

ညနေစောင်းချိန်တွင် ပန်းခြံထဲတွင် ပန်းခြုံများအောက်တွင် ဟိုတစုဒီတစု ထိုင်ကာ နေဝင်ချိန်ကို အကာအကွယ်ယူရင်း စုံတွဲများ တယောက်ကို တယောက် ပွတ်သီးပွတ်သပ်လုပ်နေကြသည်။ အုပ်ထိန်းသူများနှင့်အတူ ရောက်လာကြသည့် ကလေးငယ်များက ဟိုမှာဒီမှာ ပြေးလွှားဘောလုံး ကစားနေကြသည်။ ရံဖန်ရံခါ မိခင်များ အော်ဟစ် ဆူပူခြင်းတတ်ကြ၏။ တခြားတဖက်မှာကား တကျီကျီ အော်မြည်နေသည့် ငှက်သံများကို အကာအကွယ် မပါဘဲ အလုပ်လုပ်နေသည့် အလုပ်သမားများဆီမှ ကျောက်စက်တိုက်သံများက ဖုံးလွှမ်းထား၏။ အမှောင်ဝင်လာစ ညနေခင်း တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ဆီမှ ဂဟေဆော်နေသည့် မီးပန်း တွေကလည်း တဖျတ်ဖျတ် လက်နေသည်။

သူ၏ ချစ်သူနှင့်အတူ ညနေခင်း အပန်းဖြေ လမ်းလျှောက်ထွက်လာသော ရန်ကုန်မြို့ခံ ကိုကျော်ဇင်မင်းက အသစ်တည် ဆောက်မည့် ဈေးဝယ်စန်တာကြီး ဒီနေရာမှာ ရှိသင့်၊ မရှိသင့်ကို သူ သေသေချာချာ မပြောတတ်ဟု ဆိုသည်။

“အဲဒါက တကယ့် အထင်ကရ အထွဋ်အမြတ် နေရာတခုနဲ့ နီးလွန်းနေတယ်” ဟု ရွှေတိဂုံစေတီကြီးကို ရည်ညွှန်း၍ သူက ပြောသည်။ ထို့နောက် စဉ်းစားဟန်ဖြင့် ရပ်လိုက်ပြီး “ဒါပေမယ့် ကျနော်တို့တိုင်းပြည်ရဲ့ စီးပွားရေးကလည်း ဖွံ့ဖြိုး တိုးတက်ဖို့ လိုနေတယ်လေ” ဟု ကိုကျော်ဇင်မင်းက ထပ်ပြောလိုက်သည်။

ထိုအချက်က ရန်ကုန်မြို့တော် ရှာဖွေဖို့ လိုအပ်နေသည့် ဟန်ချက်ညီမျှမှု ဖြစ်သည်။ အဆောက်အဦးသစ်များ ဖွံ့ဖြိုးများပြားလာခြင်းနှင့်အတူ ရှေးဟောင်းအမွေအနှစ်များကို တန်ဖိုးထားသူတို့က ရန်ကုန်မြို့ကို မူလအခြေအနေအတိုင်း ထိန်းသိမ်းထားနိုင်ရန် မျှော်လင့်နေခြင်းမှာ အလွန်သင့်လျော်သောအချက်ပင်ဖြစ်တော့သည်။

(Simon Roughneen ၏ Property boom fuels Yangon’s skyward climb ကို နိုင်မင်းသွင် ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading