ဆောင်းပါး

အာဏာရှင်တွေ တဝင်းဝင်း၊ ဒီမိုကရေစီတွေ တဖြုတ်ဖြုတ်

This article has been converted from Zawgyi One to Unicode

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆီးရီးယား အနေနဲ့ ပတ်သက်လို့ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်က တဖက်၊ ရုရှားနဲ့တရုတ်က တဖက် ညှိမရအောင် ဖြစ်နေတဲ့ သတင်းတွေကို ဖတ်ရတဲ့ အခါ လွန်ခဲ့တဲ့ နှစ်တွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မြန်မာပြည်အရေး အငြင်းအခုန်တွေကို ပြန်သတိရစရာပါ။ စိတ်မကောင်းစရာ တူညီတဲ့ အချက်ကတော့ ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင်လက်အောက်မှာ သန်းပေါင်းများစွာပြည်သူတွေရဲ့ ကြီးစွာသော ဒုက္ခတွေဟာ နိုင်ငံတကာက အကူအညီတွေရဖို့ လုံလောက်တဲ့ အကြောင်းရင်း ဟုတ်ချင်မှ ဟုတ်တယ်ဆိုတဲ့ ဆိုတာပါပဲ။

ဆီးရီးယား ပြည်တွင်းစစ် နှစ်နှစ်ခွဲ ကာလ ပြည်တွင်းစစ်ထဲမှာ လူတသိန်းကျော် သေဆုံးပြီး နှစ်သန်းကျော် စစ်ပြေးဒုက္ခသည်ဘ၀ ရောက်ရတယ်။ သြဂုတ်လ ၂၁ ရက်နေ့မှာ ဆီးရီးယား အစိုးရက အဆိပ်ဓာတ်ငွေ့နဲ့ တိုက်ခိုက်လိုက်လို့ ကလေး ၄၀၀ ကျော် အပါအဝင် အရပ်သား ၁၄၀၀ ကျော် သေဆုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေတယ်။ ဒီကိစ္စ မှန်ရင် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာပါပဲ။ အနည်းဆုံးတော့ ဆီးရီးယားအရေးဟာ ဒေသတွင်း လုံခြုံရေး ပြဿနာဖြစ်နေတာ ကြာပါပြီ။ ဒုက္ခသည်တွေ ဂျော်ဒန်၊ တူရကီတို့မှာ ခိုလှုံနေရတယ်။ ဆီးရီးယား ပြသနာကြောင့် လက်ဘနွန်နဲ့ အီရတ်မှာ ဆွန်နီ၊ ရှီအိုက် ပြဿနာကို သွေးထိုးပေးသလို ဖြစ်လာတယ်။ ဒါပေမယ့် လစ်ဗျား သူပုန်တွေဘက်က စစ်ကူပေးခဲ့တဲ့ အမေရိကန်နဲ့ မဟာမိတ်တွေဟာ ဆီးရီးယား အရေးမှာ နှစ်ခြမ်းကွဲနေတုန်းပါပဲ။ အကြောင်းတွေက အတော်ရှုတ်ထွေးပါတယ်။

ဆီးရီးယားမှာ လူဦးရေ ၂၂ သန်းရှိတယ်။ လေးပုံသုံးပုံက ဆွန်နီတွေဖြစ်ပေမယ့် လူနည်းစုဖြစ်တဲ့ ရှီအိုက် အနွယ် (အယ်လဝိုက်) တွေက ၁၉၄၉ ခုနှစ်ကတည်းက ဖိနှိပ် အုပ်ချုပ်ထားတယ်။ ၂၀၁၁ မတ်လကျမှ ဖိနှိပ်ခံထားရတဲ့ လူများစု ဆွန်နီမွတ်စလင်တွေ လမ်းပေါ်ထွက် ဆန္ဒပြ၊ နောက်ဆုံး လက်နက်ကိုင် တော်လှန်ကြတယ်။ အာဆတ်က သူ့အဖေဆီက တိုင်းပြည်အာဏာကို ဆက်ခံခဲ့တယ်။ စစ်တပ်ထဲက ခေါင်းဆောင်မှန်သမျှ၊ အယ်လဝိုက် ဘာသာရေး ကိုးကွယ်သူတွေကိုပဲ နေရာပေးထားတယ်။ အာဆတ်ရဲ့အကျိုးစီးပွားက စစ်တပ်ရဲ့ အကျိုးစီးပွားလည်း ဖြစ်နေတယ်။

လစ်ဗျားကို ကန္တာရဖြစ်လို့ လေကြောင်းက ဗုံးကျဲရတာ လွယ်တယ်။ ဆီးရီးယား မြို့တော်က လူဦးရေ ထူထပ်တယ်။ လေကြောင်းက ဗုံးကြဲရင် ပြည်သူတွေ အရပ်သားတွေ အထိအခိုက်များနိုင်တယ်။ ပိုပြီး အရေးကြီးတာက ကဒါဖီမှာ နိုင်ငံတကာ မဟာမိတ်တွေ အသေအချာမရှိပေမယ့် အာဆတ်မှာ ရုရှားနဲ့ အီရန်တို့လို မဟာမိတ်အခိုင်အမာ ရှိတယ်။ တကယ်လို့ ဆီးရီးယား ပြည်တွင်းစစ်မှာ အမေရိကန်က တဖက်သတ်တိုက်ရင် “Proxy Wars” တဆင့်ခံ စစ်ပွဲက အခုထက် ပိုပြီး ပြင်းထန်ဖို့ပဲရှိတယ်။

“Proxy Wars တဆင့်ခံ စစ်ပွဲ” ဆိုတာ စစ်အေးကာလမှာ အတွေ့ရ များပါတယ်၊ နယူးကလီးယား လက်နက်တွေ ပိုင်ဆိုင်ထားတဲ့ စူပါပါဝါ နှစ်နိုင်ငံ (အမေရိကန်နဲ့ ရုရှား) ကြားမှာ တိုက်ရိုက် စစ်တိုက်ရင် နယူးကလီးယား စစ်ပွဲကို ဦးတည်သွားနိုင်တဲ့ အန္တရာယ်ကြီးမားတယ်။ ဒါကြောင့် ကြားခံအုပ်စုတွေက တတိယနေရာမှာ တတိယအုပ်စုတွေကို ပဋိပက္ခထဲမှာ အသုံးချကြတယ်။ အာဖဂန်နစ္စတန်၊ အန်ဂိုလာ၊ ကိုရီးယား၊ ဗီယက်နမ်၊ အရှေ့အလယ်ပိုင်း၊ လက်တင် အမေရိကားတို့မှာ အမေရိကန်က ကျောထောက်နောက်ခံပေးတဲ့ အဖွဲ့တွေက တဖက်၊ ဆိုဗီယက်က ကျောထောက်နောက်ခံ ပေးတဲ့ အဖွဲ့တွေက တဖက် ပြည်တွင်းစစ်တွေ ဖြစ်ကြတယ်။

အခုလည်း ဆီရီးယား ပြည်တွင်းစစ်မှာ အမေရိကန်နဲ့ မဟာမိတ် ဆွန်နီ နိုင်ငံတွေက တဖက်၊ အီရန်၊ ရုရှားနဲ့ ရှီအိုက် စစ်သွေးကြွတွေက တဖက် ဆီးရီးယား မြေပေါ်မှာ စစ်တိုက်နေကြတာ နှစ်ပေါက်ေနေပါပြီ။ လွန်ခဲ့တဲ့ တနှစ်ကျော်ကျော်လောက်က ဆီးရီးယား ပဋိပက္ခက ဘာသာရေးဆန်လာတဲ့ အခါမှာ အီရတ်ကနေ ဆွန်နီ အယ်ကိုင်ဒါးတွေက ဆီရီးယားက အစ္စလာမ္မစ်သူပုန်တွေနဲ့ သွားပြီး စစ်ကူပေးကြတယ်။ တဖက်မှာလည်း အီရတ်စစ်မှာ အမေရိကန်ဘက်က ဝိုင်းတိုက်ပေးခဲ့တဲ့ ရှီအိုက် စစ်သွေးကြွတွေကလည်း နယ်စပ်ကို ဖြတ်ပြီး အာဆတ် စစ်တပ်နဲ့သွားပေါင်းကြတယ်။ အမေရိကန်နဲ့ ဆွန်နီ မဟာမိတ်တွေက သူပုန်တွေဘက်ကို အကူအညီပေးထားသလို၊ ရုရှားနဲ့ အီရတ်တို့ကလည်း အာဆတ်အစိုးရဘက်က အကူအညီပေးထားတယ်။ ဒါကြောင့် ဆီးရီးယား ပြည်တွင်းစစ်ဟာ အခုလောက် အသေအပျောက်တွေ များနေတာပါ။

သမိုင်းရဲ့ သရော်ချက်က ဆီရီးယား ပြည်တွင်းစစ်မှာ အမေရိကန်နဲ့ အယ်ကိုင်းဒါးနဲ့ နွယ်တဲ့အဖွဲ့တွေက တဘက်တည်းသားတွေ ဖြစ်တော့မယ့် ကိန်းပါပဲ။ ဆီးရီးယား သူပုန်တွေထဲမှာ Free Syrian Army လို အမေရိကန်က အနိုင်ရစေချင်တဲ့ လစ်ဘရယ်အုပ်စုတွေပါသလို အယ်ကိုင်းဒါးနဲ့နွယ်တဲ့ အုပ်စုတွေလည်း ပါနေတယ်။ ဒါကြောင့် သူပုန်တွေဘက်က ကူတိုက်ပေးရင် အယ်ကိုင်းဒါတွေကို အားပေးသလို ဖြစ်မှာမို့ အမေရိကန်က အတော်လေး ချင့်ချိန်နေရတယ်။

ဆီးရီးယားဟာ ဒေသတွင်းမှာ အမေရိကန်အတွက် အန္တရာယ်အကြီးဆုံး ရန်သူအဖြစ် သတ်မှတ်ကြတဲ့ အီရန်နဲ့ မဟာမိတ်လုပ်ထားတယ်။ လက်ဘနွန်က ဟစ္စဘိုလာတွေကို ထောက်ပံ့ပေးတဲ့ အတွက် အမေရိကန်က ကြည့်မရတာ ကြာနေပြီ။ အမေရိကန်က အီရတ်ကို သိမ်းပိုက်တဲ့ အချိန်တုန်းက အစ္စလာမ္မစ်အုပ်စုတွေ အီရတ်မြေပေါ်မှာ အမေရိကန် စစ်သားတွေကို တိုက်ခိုက်ခွင့်ရအောင် အာဆတ်က နယ်စပ်ဂိတ်တွေဖွင့်ပေးခဲ့တယ်။ ဒေသတွင်းက အမေရိကန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ အစ္စရေး၊ တူရကီ၊ ဆော်ဒီအာရေဗီးယား၊ ကာတာ တို့ကလည်း ဆီးရီးယားကို အီရန်နဲ့ ကင်းကင်းနေစေချင်တယ်။

ရုရှားက ဆီးရီးယားကို ၂၀၀၉ နဲ့ ၂၀၁၀ မှာ အမေရိကန်ဒေါ်လာ ၁၆၂ သန်းဖိုးစီ ရောင်းချခဲ့တယ်လို့ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနအင်စတီကျု (SIPRI) က ခန့်မှန်းတယ်။ ဆီရီးယားရဲ့ တာတက်စ် ဆိပ်ကမ်းကို ရုရှားရေတပ်စခန်းအတွက် ငှားထားတယ်၊ ဒါဟာ ရုရှာအတွက် မြေထဲပင်လယ် ရေကြောင်းအတွက် တိုက်ရိုက် လက်လှမ်းမီနိုင်တဲ့ တခုတည်းသော ရေတပ်စခန်းပါပဲ။ အရှေ့အလယ်ပိုင်းမှာ အမေရိကန် ဝင်တာကလည်း လူသားချင်းစာနာမှုလို့ ဘယ်လောက်ပဲ ပြောပြော ရုရှားက မယုံပါဘူး။ ဒါဟာ အမေရိကန်အတွက် နိုင်ငံရေးနဲ့ စီးပွားရေး အကျိုးစီးပွား၊ ဒေသတွင်းက မဟာမိတ်တွေရဲ့ အကျိုးစီးပွားပဲလို့ ရုရှားက နားလည်ထားတယ်။

အီရန်ကလည်း သူ့အကြောင်းနဲ့သူ။ ကမ္ဘာမှာ ရှီအိုက်မွတ်စလင် လူဦးရေ အများဆုံး နိုင်ငံ ဖြစ်တယ်။ ဆီးရီးယား အစိုးရက ရှီအိုက် မွတ်စလင်မှာပါဝင်တဲ့ အယ်လဝိုက် အနွယ်ဝင်တွေ ဖြစ်တယ်။ သူပုန်တွေကျတော့ ဆွန်နီတွေ အများစု ဖြစ်နေတယ်။ တရုတ်ကတော့ ၂၀၁၀ မှာ ဆီးရီးယားရဲ့ တတိယအကြီးဆုံး ကုန်ပစ္စည်း တင်သွင်းတဲ့ နိုင်ငံ ဖြစ်တယ်။ အရေးကြီးတဲ့ ကုန်သွယ်ဖက် နိုင်ငံရဲ့ အကျိုးစီးပွားဘက်က တရုတ်က လိုက်မှာပဲ။ နောက်ဆုံးမှာတော့ ဆီးရီးယားက ဒေသတွင်း ပါဝါတွေရဲ့ အကျိုးစီးပွားတွေ အားပြိုင်တဲ့ နေရာဖြစ်လာတယ်။

အာရပ်နွေဦးမှာ ပြင်ပဖိအားနဲ့ အာဏာရှင်ကို ဖြုတ်ချခဲ့တဲ့ လစ်ဗျားမှာလည်း အစိုးရသစ်ဟာ လုံခြုံရေး ပြဿနာ၊ စီးပွားရေး ပြဿနာတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။ လစ်ဗျား ရှေ့က အီရတ်၊ အာဖဂန်နစ္စတန်တို့မှာလည်း အခုအချိန်အထိ လုံခြုံရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရတုန်းပဲ။ ဒါကြောင့် ဆီရီးယားဟာ သူ့ရှေ့က အီရတ်၊ အာဖဂန်နစ္စတန်၊ လစ်ဗျားတို့ လမ်းကြောင်း လိုက်မှာကို အမေရိကန် အစိုးရ စိုးရိမ်နေတယ်၊ ရုရှားက ဒါကိုပဲ ထောက်ပြနေတယ်။

ဆီးရီးယားအပါအဝင် အာရပ်နွေဦးမှာ ထင်ရှားသွားတဲ့ သင်ခန်းစာက အာဏာရှင်အလွန် ဒီမိုကရေစီ တည်ဆောက်ရတာက အာဏာရှင်ဖြုတ်ချရတာထက် ပိုခက်တယ်ဆိုတဲ့ အချက်ပါပဲ။ ဒီမိုကရေစီ တည်ဆောက်ရေးအတွက် အာဏာရှင်ကို ဖြုတ်ချဖို့ လိုတာ မှန်ပါတယ်။ ဒါပေမယ့် အာဏာရှင်ကို ဖြုတ်ချနိုင်တိုင်းလည်း ဒီမိုကရေစီ မရနိုင်ပါဘူး။ ဒုတိယတဆင့် ဒီမိုကရေစီ တည်ဆောက်ရေးမှာ အာရပ်နိုင်ငံတွေ အားလုံး ဝရုန်းသုန်းကား ဖြစ်နေတယ်။ အဓိကကတော့ လူမျိုးရေးနဲ့ ဘာသာရေး ပြသနာတွေနဲ့ ပတ်သက်နေပါတယ်။ စောစောက အီရတ်၊ အာဖဂန်နစ္စတန်၊ လစ်ဗျားတို့မှာသာမက ပြည်တွင်း ဖိအားနဲ့ အာဏာရှင်ကို ဖြုတ်ချတဲ့ အီဂျစ်၊ တူနီးရှားတို့မှာလည်း ဒီမိုကရေစီတည်ဆောက်တဲ့ အဆင့်မှာ အခက်အခဲတွေ အများကြီး ကြုံနေရတုန်းပါပဲ။

ပြဿနာက အာရပ်တွေနဲ့ပဲ ဆိုင်ပါတယ်။ အာရပ်တွေဟာ နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက်မှာ သွေးခွဲအုပ်ချုပ်တာ ခံခဲ့ရတယ်။ တိုင်းရင်းသားမျိုးစုံ၊ ဘာသာရေးမျိုးစုံ၊ ရှီအိုက်၊ ဆွန်နီ၊ ခရစ်ယာန်၊ ကက်ဒ်၊ ဒရူဇီ၊ တက်ခမန်း စသဖြင့်ရှိကြပေမယ့် သည်းခံခြင်းတရားနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းကြတယ်။ အာဏာရှင်တယောက်က အပေါ်ကနေ သူတို့ကို သွေးခွဲပြီး အုပ်ချုပ်လာတဲ့အခါ အဆင်ပြေနေသေးတယ်။ အာဏာရှင်လည်း ပြုတ်ကျသွားတဲ့ အခါမှာ အားလုံးက အလျားလိုက် ဖြစ်သွားတယ်။ ယုံကြည်မှု အားနည်းတယ်၊ ပူးပေါင်း ဆောင်ရွက်မှု အားနည်းတယ်။ ဘယ်အုပ်စုကမှ တခြားအုပ်စု လက်ထဲကို အာဏာရောက်သွားမှာကို မလိုလားကြဘူး။ ရောက်သွားရင်လည်း ပြဿနာက အနည်းနဲ့အများရှိနေတယ်။

အခု အရှေ့ အလယ်ပိုင်းမှာ ဖြစ်နေတဲ့ ပြဿနာက လူတွေချည်း အဆိပ်ဓာတ်ငွေ့သင့်တာ မဟုတ်တော့ပါဘူး။ နှလုံးသားတွေ အဆိပ်ခပ် ခံထားရတာဖြစ်နေတယ်။ ဆိုလိုတာက တိုင်းရင်းသား အုပ်စုတစု၊ ဘာသာရေး အုပ်စုတစုဟာ တခြားအုပ်စုအပေါ် ဗိုလ်ကျ အုပ်ချုပ်နိုင်ရေးက သေရေးရှင်ရေး rule-or-die ဖြစ်နေတယ်။ အီဂျစ်၊ လစ်ဗျား၊ တူနီရှားတို့ရဲ့ ပြဿနာက ဒါပါပဲ။ ၂၀၁၁ အာရပ်နွေဦး နိုးထမှု နဲ့ ၁၉၉၀ အလွန် တောင်အာဖရိက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကြားမှာ ခြားနားချက်က ဘာလဲလို့ မေးရင် ဘာမှ မဟုတ်ပါဘူး။ ခေါင်းဆောင်တွေရဲ့ အရည်အချင်းနဲ့ သည်းခံနိုင်တဲ့ စွမ်းရည်ပါပဲ။ ခေါင်းဆောင်ဆိုတဲ့နေရာမှာ ဒေသခေါင်းဆောင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ လူမျိုးစု ခေါင်းတွေ ပါဝင်ပါတယ်၊

တိုင်းရင်းသား လူမျိုးစုမျိုးစုံ၊ အာဏာရှင် စနစ်အောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ သွေးခွဲ အုပ်ချုပ်ခံခဲ့ရလို့ အချင်းချင်း ယုံကြည်မှု အားနည်းတဲ့ နိုင်ငံ၊ လောလောဆယ် ဘာသာရေး ပဋိပက္ခတွေနဲ့ ရင်ဆိုင် နေရတဲ့ မြန်မာပြည်အတွက် ဆီးရီးယား အရေး၊ အာရပ်နွေဦးကနေ တွေးတောဆင်ခြင် သင်ခန်းစာ ယူစရာတွေ ယူမကုန်အောင်ပါပဲလားလို့ တွေးမိပါတယ်။

Loading