ဆောင်းပါး

ကင်ဆာကို ဖိတ်ခေါ်နေသော ရောနှောဆီ နှင့် ပြန်ကြော်ဆီများ (၂)

ဓာတုပစ္စည်းများ အသုံးပြုနေ

ရန်ကုန်မြို့ရှိ ဓာတုပစ္စည်း ကုန်ကြမ်းများ ရောင်းချနေသော ကုန်ဈေးတန်းတွင် ဆီမခဲဆေးအပြင် ပဲဆီ အနံ့ဘူးများကိုလည်း ရောင်းချနေကြသည်။

သကြားနှင့် ဆင်တူသော ဆီမခဲဆေးအမှုန့်သည် တပေါင်လျှင် ၁၃၀၀၀ ကျပ်ခန့် ဈေးရှိပြီး စားအုန်းဆီ တပေပါလျှင် ယင်း အမှုန့် ကို ထမင်းစားဇွန်း ၂ ဇွန်းခန့် ထည့်၍ ရကြောင်း ရောင်းချသူက အညွှန်းပေးသည်။

ထို့အပြင် တရုတ်စာများ ရေးထားသော ပဲဆီအနံ့ ဘူးငယ်များကို ဂရိတ် အမျိုးမျိုးဖြင့် လည်းကောင်း၊ ပဲစိမ်းနံ့၊ ပဲလှော်နံ့ စသဖြင့် အနံ့အမျိုးမျိုးဖြင့် လည်းကောင်း တလီတာလျှင် ၁၂၀၀၀ ကျပ်မှစ၍ ၁၄၀၀၀ ခန့်အထိ ရောင်းချလျက် ရှိသည်။

ယင်း ပါကင်ပိတ် ပဲဆီအနံ့ဘူးများကို ဈေးကွက်တွင် လက်လီ ခွဲမရောင်းပါ။ မြေပဲဆီအတု ပြုလုပ်ရောင်းချသူများက ပါကင် မဟုတ်ပါက အရောအနှောပါမည်ကို စိုးရိမ်ကာ မယုံကြည်၍ ဖြစ်သည်။

ဓာတုပစ္စည်းများသည် အများအားဖြင့် တရုတ်နိုင်ငံဘက်မှ ဝင်ရောက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်လှမ်းမီသရွေ့ လိုက်လံစုံစမ်းကြည့်သော ဓာတ်ခွဲခန်းများတွင် ယင်းဓာတုပစ္စည်းများကို ဓာတ်ခွဲ စမ်းသပ် ၍ မရသဖြင့် ဓာတုကျွမ်းကျင် ပညာရှင်များပင် မည်သည့် ဓာတုပစ္စည်းများ ဖြစ်ကြောင်း အဖြေ မထုတ်နိုင်ပေ။

“အနံ့ဘူးဆို အနံ့က ပြင်းလွန်းတော့ သေချာတာကတော့ ဒါကို ရှုမိရင် ရေရှည်မှာ အဆုတ်တို့၊ အသက်ရှု လမ်းကြောင်း ရောဂါတို့ ဖြစ်လာနိုင်တယ်။ အဆုတ်ထဲ ယင်သွားပြီးရင် ပြန်ထွက်ဖို့ မလွယ်ဘူး”ဟု Green Grain Group အဖွဲ့မှ ဒါရိုက်တာ အကြံပေးပညာရှင် ဦးသန်းဌေးက ပြောသည်။

အစားအသောက် ပညာရှင် ဒေါက်တာ စိုးခိုင်က စားသုံးဆီများကို သန့်စင်စေရန် Solvent(အရည်ပျော်စေသည့် သတ္တိ ရှိသော) ဓာတုပစ္စည်းများကို သုံးရပြီး Hexane(အရောင်အသွေး မရှိသော ဟိုက်ဒရိုကာဗွန် ဓာတ်ပေါင်းရည်)ဆိုသော Solvent ကို အများဆုံး အသုံးပြုကြကြောင်း၊ Hexane သည် ပင်ကိုအားဖြင့် ကင်ဆာရောဂါ ဖြစ်နိုင်သော ဓာတ်ပစ္စည်း တမျိုး ဖြစ်ရာ စနစ်တကျ မှန်ကန်တိကျစွာ အသုံးမပြုလျှင် စားသုံးသူများကို ကင်ဆာရောဂါမျိုးစုံ ဖြစ်စေနိုင်ကြောင်း ပြောသည်။

“အုန်းဆီ၊ စားအုန်းဆီ၊ ဟင်းရွက်ဆီခဲ (Magarine) တွေက ပြည့်ဝဆီ (Saturated fats) ဖြစ်လို့ အခန်းအပူချိန် အောက် အေးတဲ့ အနေအထားဆို အဆိုင်အခဲတွေ ဖြစ်နေတတ်တယ်။ အဲဒီလို မဖြစ်ဖို့ ခုနက ပြောတဲ့ Solvent တွေကို သုံးရတဲ့ အတွက် ရောဂါတွေ ဖြစ်လာနိုင်တယ်”ဟုလည်း ဒေါက်တာ စိုးခိုင်က ပြောဆိုသည်။

ဈေးကွက်ထဲက ဘေးအန္တရာယ်

ကွန်ကရစ် အကြမ်းခင်းထားသော ရန်ကုန် ဘုရင့်နောင် ပွဲရုံရှေ့ လမ်းပေါ်နှင့် ပေ ၂၀ ခန့်အကျယ်ရှိ မှောင်ကုတ်ကုတ် ပွဲရုံခန်း ထဲတွင် ဆီချိုးများတက်ပြီး ညစ်ပတ်ပေရေနေသော တိုင်ကီများသည် ဟိုတစု၊ ဒီတစု ပြန့်ကျဲလျက် ရှိသည်။

မည်းညစ်ပြီး ဆီချေးများ အထပ်ထပ်တက်နေသော ယင်းတိုင်ကီများထဲတွင် လူအများစု စားသုံးကြသည့် စားအုန်းဆီများ ရှိနေသည်။

ပြည်တွင်းသို့ တရားဝင် ဝင်ရောက်သော စားအုန်းဆီများ၏ အရည်အသွေးနှင့်ပတ်သက်၍ တင်သွင်းခွင့်ပြုသော စီးပွား ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် တရားဝင် တင်သွင်းနေသော ဆီကုန်သည်များက အပြည့်အဝ တာဝန် ယူသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ တွဲဖက် အတွင်းရေးမှူး ဦးပိုင်ဖြိုးသန့် က “Normal trade ( တရားဝင် လမ်းကြောင်း) နဲ့ဝင်တဲ့ဆီက အကုန် ကျန်းမာရေး စစ်ဆေးပြီးမှ ဝင်တာ။ နိုင်ငံတော်လည်း အခွန်ရတယ်။ ပြည်သူတွေ အနေနဲ့လည်း ကျန်းမာရေး အာမခံချက်ရှိတယ်”ဟု ပြောသည်။

သို့သော်နယ်စပ်မှ တရားမဝင်တင်သွင်းလာသော ဆီများသည် အာမခံချက်မရှိသလို ပြည်တွင်းတွင် မည်မျှပျံ့နှံ့ ရောင်းချ နေသည်ဆိုသော ကိန်းဂဏန်း အချက်အလက်လည်း မရှိပေ။

ထို့အပြင် ပြည်တွင်းတွင် ရောင်းချနေသော စားသုံးဆီများနှင့် ပတ်သက်၍ ပြည်သူများ၏ ကျန်းမာရေးအပေါ် မည်ကဲ့သို့ သက်ရောက်နိုင်ကြောင်း သုတေသန ပြုလုပ်ထားသော စစ်တမ်းများလည်း ရှာမရပါ။

လက်ရှိအချိန်ထိ စားသုံးဆီဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ချက်နှင့် စည်းမျဉ်း သတ်မှတ်ချက်များ မရှိသဖြင့် စားသုံးဆီ များ၏ အရည်အသွေးနှင့် ဘေးအန္တရာယ် ကင်းမှုအခြေနေကို မသိနိုင်ကြောင်း၊ အခြားသော ဘေးအန္တရာယ် ကင်းရှင်းရေး ပြဿနာတရပ်မှာ ယခင်က ဓာတုဆီများ သိုလှောင်ထားသော ပုံးများဖြင့် စားသုံးဆီများကို သယ်ယူ သိုလှောင်ခြင်း ဖြစ်ကြောင်း Business opportunities and food safety of the Myanmar edible oil sector စစ်တမ်း အရ သိရသည်။

ယခင်က မြန်မာနိုင်ငံတွင် Packing Material(ထုတ်ပိုးမှု ပစ္စည်းများ) မလုပ်နိုင်သလို၊ နည်းပညာလည်း မတိုးတက် သေး ပေ။ စားသုံးဆီ သယ်ယူသိုလှောင်ရန် ပေပါများကိုလည်း နိုင်ငံခြားမှ မှာယူသုံးစွဲခြင်း မပြုနိုင်သဖြင့် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ အင်ဂျင်ဝိုင် စသည့် လုပ်ငန်းသုံးရန် သွင်းလာသော တိုင်ကီများကိုပြန်လည် အသုံးပြုရခြင်းများလည်း ရှိသည်။

ယင်း တိုင်ကီများကို ရေဆေး နေလှန်းကာ ပြန်လည် အသုံးပြုသော်လည်း အလုံးစုံ မသန့်စင်နိုင်သဖြင့် အလွန် အန္တရာယ် များကြောင်း ဆီထွက် သီးနှံဆိုင်ရာ အကြံပေး အဖွဲ့တဖွဲ့ ဖြစ်သော Green Grain Group အဖွဲ့မှ ဒါရိုက်တာ အကြံပေး ပညာရှင် ဦးသန်းဌေးက ပြောသည်။

“အဲဒါက ပိုပြီး ကြောက်စရာ ကောင်းတယ်။ အဲဒီထဲ ထည့်တဲ့ဆီတွေက Mineral oil ခေါ်တာပေါ့။ ရေနံ၊ ဓာတုက ထွက်လာ တဲ့ ပစ္စည်းတွေ၊ အင်ဂျင်ဝိုင်တို့၊ ဘရိတ်ဆီတို့၊ အဲဒီ ဆီတွေက ဘယ်လိုနည်းနဲ့မှ ပြောင်အောင် ဆေးလို့မရဘူး။ ဆေးရတာ လည်း အင်မတန်ခက်ခဲတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

တိုင်ကီ အစပ်ကြားများထဲတွင် ဆီအကြွင်းအကျန်များ ကပ်ကျန်နေနိုင်သည်။ ထိုတိုင်ကီထဲသို့ စားသုံးဆီများ ထည့်ပါက ဆီ ၂ မျိုးမှာ ဓာတ်ပြုမှု မြန်ဆန်ပြီး စားသုံးဆီထဲသို့ ယင်းဓာတုဆီများ ပျော်ဝင်သွားကြောင်း သိရသည်။
“အဲဒါတွေထဲကို လုံးဝ ထည့်မသုံးသင့်တာ။ ရေရှည်ဆို ဘာဖြစ်လာလဲဆို ဓာတ်ဆီ၊ ဒီဇယ်ဆိုတာ Heavy Molecule တွေ ဆိုတော့ ကြာရင် ကင်ဆာဖြစ်လာနိုင်တယ်”ဟု ဦးသန်းဌေးက ဆိုသည်။

ထို့အပြင် စားအုန်းဆီ ပေပါများကို နိုင်ငံခြားမှ တင်သွင်းလာပြီးနောက် ယင်းပေပါများကို အကြိမ်ကြိမ် အသုံးပြုခြင်း၊ ဆီ စက် ရုံများတွင် သိုလှောင်ရာ၌ သံတိုင်ကီများဖြင့် သိုလှောင်ခြင်းများလည်းရှိရာ သံတိုင်ကီမှ အိုင်းယွန်း၊ ကော့ပါး ဓာတ် များက ဆီနှင့် ဓာတ်ပြုလွယ်ပြီး ဆီထဲသို့ တဖြည်းဖြည်း ပျော်ဝင်လာနိုင်ကြောင်းလည်း သိရသည်။

၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မင်းဘာကြီး ရပ်ကွက်တွင်း ထမင်းကြော်နှင့် အစား အစာ တချို့စားပြီး မူးဝေအော့အန်၍ ကလေး လူကြီး ၆၀ ကျော် ဆေးရုံသို့ အရေးပေါ် တက်ရောက် ကုသခံခဲ့ရသည်။

ထိုဖြစ်စဉ်ကို သက်ဆိုင်ရာက စုံစမ်းရာ အသုံးပြုသည့်ဆီ မသန့်ရာမှ ဆီကြောင့် အစာအဆိပ်သင့်ခြင်း ဖြစ်ပေါ်သည်ဟု ယူဆ ပြီး ယင်း ဆီရောင်းချသည့် ဆိုင်များအား ဆက်လက် မရောင်းချရန် ညွှန်ကြားခဲ့သည်။

ထုတ်လုပ်ပုံ အဆင့်ဆင့်ကရော သန့်စင်ရဲ့လား

ပဲဆီ ထုတ်လုပ်ရာတွင် မြေပဲဆန်ကို ရွေးချယ်ကာ ရေနွေးငွေ့ဖြင့် ပေါင်းပြီး ပထမအဆင့် ကြိတ်ခြေလိုက်သည်။

ပြီးနောက် Pre-press ပြုလုပ်ကြိတ်ခွဲကာ ဆီကြိတ်စက်ထဲသို့ ထည့်ပြီးနောက် ဆီသပ်သပ်၊ မြေပဲဖတ် သပ်သပ် ထွက်လာ သည်။

ယင်းဆီများတွင် အမှုန်အမွှားများပါလာသဖြင့် Filter ဖြင့် စစ်ယူပြီး ရလာသောဆီများကို ပုံးသွတ်ကာ ပါကင် ပိတ်ပြီး ဈေးကွက်တွင်းသို့ ဖြန့်ဖြူး ရောင်းချခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆီစက်အများစုမှာ သန့်စင်ခြင်းလုပ်ငန်းစဉ်ကို မပြုလုပ်နိုင်ဘဲ ယင်းစနစ်အတိုင်း လုပ်ကိုင်နေခြင်း ဖြစ် သည်။

မြေပဲဆန်၏ အရည်အသွေး၊ မြေပဲ အခြောက်ခံမှု၊ ကုန်ကြမ်း သိုလှောင်မှုစနစ်ပေါ် အခြေခံ၍ ဆီ အရည်အသွေး ကွာခြား သည်။

ထို့အပြင် မြေပဲ သိုလှောင်ရာ နေရာသည် စိုထိုင်းဆရှိနေပါက ယင်းကို ကြိတ်ခွဲရာတွင် အာဖလာတောက်စင် မှိုဆိပ်များ ရှိနေနိုင်ကြောင်း၊ ယင်းမှိုဆိပ်မှာ ပြင်းထန်သော အဆိပ်တမျိုးဖြစ်ပြီး ကင်ဆာရောဂါ အထိ ဖြစ်စေနိုင်ကြောင်း ဓာတ်ခွဲခန်း ပညာရှင် တဦးက ပြောသည်။

လက်ရှိဈေးကွက်တွင် ပဲဆီ၊ နှမ်းဆီဈေးကွက် ကျဆင်းရခြင်းသည် ကုန်ကြမ်းရရှိမှု နည်းပါးလာခြင်း၊ ဆီထွက်သီးနှံများ ကို နိုင်ငံခြား တင်ပို့ခွင့်ပြုလိုက်သဖြင့် Export ဈေးနှင့်ယှဉ်ကာ ဈေးမြင့်ဝယ်ယူရခြင်း၊ ပြည်တွင်း ဆီစက်များသည် မိရိုးဖလာ လုပ်ကိုင်ခဲ့ကြ၍ ခေတ်မမီတော့ခြင်း၊ ပြည်ပမှ တံဆိပ်အမျိုးမျိုးဖြင့် ဆီများ အမြောက်အများ ဝင်လာခြင်း တို့ကြောင့် ဖြစ်ကြောင်း ဆီလုပ်ငန်းရှင်များ ထံမှ သိရသည်။

ကုန်ကြမ်း အခြေအနေ

ဆီကြိတ်ရာတွင် အဓိက လိုအပ်သော မြေပဲဆန်၊ နှမ်းဆန်များကို၂၀၁၄ ခုနှစ်မှစကာ နိုင်ငံခြားသို့ တင်ပို့ခွင့် ပြုလိုက်ပြီး နောက် Export ဈေးနှင့်ယှဉ်ကာ ဝယ်ယူရပြီး ဈေးနှုန်းများ မြင့်လာသည်။

အဓိက အားဖြင့် မြေပဲဆန်ကို တရုတ် နိုင်ငံ၊ နှမ်းကို ဂျပန်၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယ နိုင်ငံများက အဝယ်များပြီး ပြည်ပ မှ ဝယ်ယူမှုအပေါ် မူတည်၍ ဈေးအတက်အကျ ကြမ်းသောကြောင့် တောင်သူများကလည်း မြေပဲ အစိုက် နည်းလာသည်။

မကွေးတိုင်းဒေသကြီး တောင်သူလယ်သမား သမဂ္ဂ အတိုင်ပင်ခံ ကိုအောင်ကျော်ကျော်က ဆီထွက်သီးနှံ စိုက်ပျိုးမှု ကျဆင်း လာခြင်းသည် ပြောင်းလဲလာသော ရာသီဥတုနှင့်လည်း သက်ဆိုင်ပြီး မျိးကောင်းမျိုးသန့် မရရှိခြင်း ကြောင့်လည်း ဖြစ်ကြောင်း ပြောသည်။

“တဖြည်းဖြည်းနဲ့ တောင်သူတွေက နည်းပညာ အကူညီ၊ မျိုးကောင်းမျိုးသန့် အကူအညီ မရတော့တာ ဒီနေ့အချိန်ထိပဲ။ အဲဒါကြောင့် မြေပဲအစိုက်နည်းလာတယ်။ မကွေးတိုင်းဟာ မြန်မာပြည်ရဲ့ ဆီအိုးကြီးလို့ ပြောတာကနေ မဟုတ်သလိုလို ဖြစ် လာတယ်။ စိုက်တယ်ဆိုတာကလည်း ကုန်ကျစရိတ်နဲ့ ကာမိမှ စိုက်မှာပေါ့။ ရှင်းရှင်း ပြောရရင် မြတ်မှ စိုက်မှာပေါ့” ဟု လည်း ၎င်းက ဆိုသည်။

ဆီထွက်သီးနှံ ကုန်ကြမ်းအတွက် အဓိကကျသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အနေဖြင့်လည်း ပြည်တွင်း ဆီထွက်သီးနှံ စိုက်ပျိုးမှု တိုးတက်စေရန် အာရုံစူးစိုက်မှု အားနည်းနေသေးသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လက်ထောက် အတွင်းဝန် ဦးမျိုးတင့်ထွန်း က “ကျနော်တို့ ဝန်ကြီးဌာန အနေနဲ့ နှမ်းဘက်ကို နည်းနည်းလေး စိတ်ဝင်စားတဲ့သဘော ရှိတယ်။

ဘာလို့လဲဆို သူက Export Demand တက်လာတဲ့ သဘောရှိတယ်။ ကိုရီးယားနဲ့ ဂျပန်နိုင်ငံကဆို ဝယ်ချင်တဲ့သဘော ကမ်းလှမ်း လာတာရှိတယ်။ ကျနော်တို့ နှမ်းဘက်ကို အာရုံပေး အလေးထားမယ့် သဘောတော့ရှိတယ်။ ရာသီဥတု အခြေအနေအရ တိုးချဲ့နိုင်မှု ရှိမရှိ ချိန်ဆ ရဦးမယ်”ဟု ပြောဆိုသည်။

ယင်းကဲ့သို့သော အခြေအနေများကြောင့် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စား ခေါ်ဝေါ်ရသော မကွေးတိုင်းအတွင်းမှာပင် ဆီစက်ပေါင်း အကြီး အသေး အလတ် ၁၅၀ ခန့်တွင် အမှန်တကယ် လည်ပတ်နိုင်သော စက်ရုံမှာ ၃၅ ရာခိုင်နှုန်း ခန့်သာ ရှိကြောင်း မကွေးတိုင်းဒေသကြီး ဆီစက်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးနေလင်းအောင် က ပြောသည်။

မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၁၃ -၂၀၁၄ ခုနှစ် နောက်ဆုံး ကောက်ယူထားသော စာရင်းများအရ လက်ရှိတွင် ၈၀ ရာခိုင်နှုန်းနှင့် ၉၀ ရာခိုင်နှုန်းကြားရှိ ဆီစက်များမှာ ရပ်ထားရကြောင်း မန္တလေးတိုင်း ဒေသကြီး ဆီကုန်သည်များနှင့် ဆီ လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

(သက်ထားဆွေ သည် အလွတ် သတင်းထောက် တဦးဖြစ်ပြီး ယခု ဆောင်းပါးကို ကိုယ်တိုင် ကွင်းဆင်းလေ့လာ၍ Investigative Reporting ရေးသား တင်ပြထားခြင်း ဖြစ်ပါသည်။ ၂၀၁၅ – ၂၀၁၆ အခြေအနေများကို အဓိက လေ့လာ ရေးသား ထားခြင်းလည်း ဖြစ်ပါသည်။)

Loading