အဝါရောင် ဗီနိုင်းပေါ်မှာ စာလုံးအကြီးကြီးနဲ့ရေးထားတဲ့ ကြိုက်တာယူ ၅၀၀၀ ကျပ်၊ တဆိုင်လုံးမှ ကြိုက်တာယူ ၅၀၀၀ ဆိုတဲ့ စာကြောင်းတွေကို ရန်ကုန်မြို့တော် တခွင်က မြို့နယ် အားလုံးနီးပါးမှာ တွေ့မြင်နေရပါတယ်။
အဲဒီဆိုင်တွေမှာ အဝတ်အထည်မျိုးစုံ၊ ကလေးဝတ်၊ အမျိုးသမီး၊ အမျိုးသား စတဲ့ အရွယ်စုံ ဝတ်ဆင်နိုင်တဲ့ အဝတ်အထည် အမျိုးမျိုး အပြင် အိပ်ရာခင်း၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံးစွပ် စတဲ့ အသုံးအဆောင် ပစ္စည်းမျိုးစုံကိုလည်း ရနိုင်ပါတယ်။ ကြိုက်တာယူ ၅၀၀၀ ဆိုတဲ့ စာတန်းအတိုင်းပါပဲ ကိုယ်ကြိုက်တာကို ရွေးချယ်ယူနိုင်ပြီး၊ ဘယ်ပစ္စည်းမဆို တခုကို ၅၀၀၀ ကျပ်ပါ။
ကျပ် ၅၀၀၀ တည်းနဲ့လိုအပ်တဲ့ ပစ္စည်းတခုကို ရနိုင်တဲ့အတွက် ဝယ်ယူသူ အများအပြားကိုလည်း ဆိုင်အများစုမှာ တွေ့ရ ပါတယ်။ အဲဒီဆိုင်တွေထဲက ပစ္စည်းတွေရဲ့ အရည်အသွေးကတော့ ၅၀၀၀ ကျပ်နဲ့လိုက်လျောညီထွေ ဖြစ်မယ့် အရည် အ သွေးပါပဲ။ တချို့ပစ္စည်းဆိုရင် ပြင်ပမှာ ဝယ်ရင် ၃၀၀၀ ကျပ်၊ ၂၀၀၀ ကျပ်လောက်ပဲ တန်တာတွေလို့လည်း ဝယ်သူတချို့ က ပြောကြပါတယ်။
ကြိုက်တာယူ ၅၀၀၀ တန် ဆိုင်တွေဟာ တနှစ်ဝန်းကျင်လောက်အတွင်းမှာပဲ ရန်ကုန်တိုင်း တခွင်မှာ ဈေးကွက်ကြီး တခု အ ဖြစ် နေရာရရှိထားပါတယ်။ ရန်ကုန်တတိုင်းလုံးမှာတော့ ဆိုင်ပေါင်း ၁၀၀၀ ဝန်းကျင်ရှိနေပြီလို့ ပန်းပဲတန်း မဲဆန္ဒနယ်ရဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦး က ဧရာဝတီ ကို ပြောပါတယ်။
တကယ်တော့ ကြိုက်တာယူ ၅၀၀၀ တန်ဆိုင်တွေဟာ ရန်ကုန်တခုတည်းမကပါဘူး။ မန္တလေး၊ မူဆယ် စတဲ့မြို့နယ်တွေမှာ လည်း တခြား နာမည်တွေနဲ့ရောင်းချနေတာတွေရှိပါတယ်။ အလားတူပဲ တရုတ်နိုင်ငံက အရည်အသွေး အားနည်းတဲ့ အလှ ကုန်ပစ္စည်းတွေ ရောင်းချတဲ့ ဆိုင်တွေလည်း ရန်ကုန်မြို့နဲ့ တခြားနယ်မြို့တွေမှာ ရောင်းချနေတာတွေရှိပါတယ်။ အဲဒီ ဆိုင် တွေ အားလုံးဟာ တရုတ် နိုင်ငံသားတွေ ပိုင်ဆိုင်တာ ဖြစ်ပါတယ်။
ကြိုက်တာယူ ၅၀၀၀ တန်ဆိုင်တွေ များပြားလာတဲ့အတွက် အဝတ်အထည်တွေကို ဈေးနှုန်း ချိုသာစွာနဲ့ ဝယ်ယူနိုင်တယ် ဆိုပြီး ပြောဆိုကြသူတွေလည်းရှိပါတယ်။ ဒါပေမယ့် အဲဒီဆိုင်တွေနဲ့ ပတ်သက်ပြီး ဝေဖန်မှု အမျိုးမျိုးထွက်ပေါ်နေပြီး တိုင် တန်းမှု တချို့လည်း ရှိပါတယ်။
တိုင်တန်းမှုကတော့ ကြိုက်တာယူ ၅၀၀၀ တန်ဆိုင်တွေမှာ မြန်မာစကား မတတ်၊ နားမလည်တဲ့ တရုတ်နိုင်ငံသားတွေ အ များ အပြားရှိလာနေခြင်းဟာ တရားဝင်လာရောက် လုပ်ကိုင်သူတွေ ဟုတ်မဟုတ်ဆိုတာပါပဲ။ အဲဒီကိစ္စကို ရန်ကုန်တိုင်း လွှတ်တော်မှာလည်းပဲ အောက်တိုဘာလ အတွင်းက မေးခွန်းမေးမြန်းမှု၊ သက်ဆိုင်ရာက ဖြေဆိုမှုတွေ လုပ်ခဲ့ကြပါသေး တယ်။
အထူးသဖြင့် ဆိုင်ပိုင်ရှင်တွေဖြစ်တဲ့ တရုတ်နိုင်ငံသားအများစုဟာ တရားမဝင်လာရောက်သူတွေဖြစ် တယ်ဆိုပြီး ရန်ကုန် မြို့ခံ အများစုက ယူဆနေကြတာပါ။ ၅၀၀၀ တန်ဆိုင် အားလုံးဟာ တရုတ် နိုင်ငံသားတွေ ပိုင်ဆိုင်တာ ဖြစ်ပေမယ့် ပိုင်ရှင် အမည်ခံထားသူ အများစုကတော့ သက်ဆိုင်ရာမြို့နယ်တွေက မြန်မာလူမျိုးတွေရဲ့ အမည်တွေနဲ့ ဖွင့်လှစ်ထားတာ ဖြစ်ပါ တယ်။
လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက “ကျနော်တို့ ပန်းပဲတန်းက ဆိုင်တွေကို ဝင်စစ်တဲ့အခါမှာ တချို့ဆိုင်တွေဆိုရင် မြန်မာ လူမျိုးတဦးတည်း နာမည်နဲ့ ဆိုင် ၂ ဆိုင် ဖွင့်ထားတာမျိုးတွေ စစ်ဆေးတွေ့ရပါတယ်၊ တကယ်လို့ ကျနော်တို့နိုင်ငံမှာ စီးပွားရေး လာလုပ်မယ်ဆိုရင် တရားဝင် လုပ်မှရမယ်၊ နောက်ကွယ်ကနေ လုပ်လို့မရဘူး ဆိုတာမျိုးတွေကိုတော့ ရှင်းပြခဲ့ တယ်”လို့ ဆိုပါတယ်။
ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ စည်ပင်သာယာ၊ လူဝင်မှုကြီးကြပ်ရေး (လ.ဝ.က)၊ အကောက်ခွန်၊ တိုင်းဒေသ လွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အဖွဲ့တဖွဲ့ဟာ နိုဝင် ဘာလ ၂၈ ရက်နေ့က ပန်းပဲတန်းမြို့နယ်ထဲမှာ ဖွင့်လှစ်ထားတဲ့ ကြိုက် တာ ယူ ၅၀၀၀ တန်ဆိုင် ၇ ဆိုင်ကို ဝင်ရောက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ပန်းပဲတန်းအပြင် ကျောက်တံတား၊ ဗိုလ်တထောင် စတဲ့မြို့နယ် အားလုံးမှာရှိတဲ့ ၅၀၀၀ တန်ဆိုင်တွေ စစ်ဆေးသွားမယ်လို့ လည်း သိရတယ်။ စစ်ဆေးပြီးရင်တော့ တိုင်းဒေသရဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဆီကို အစီရင်ခံစာ တင်ပြသွားမှာ ဖြစ်ပါ တယ်။
သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေ အနေနဲ့ စစ်ဆေးမယ့်အကြောင်းကို ကြိုတင် ကြေညာထားတဲ့ အပေါ်မှာလည်း ဝေဖန်မှုတွေ ရှိပါတယ်။ အာဏာပိုင်တွေကတော့ ရှောင်တခင် ဝင်စစ်ရင် ပြဿနာ ပိုမိုရှုပ်လာနိုင်တဲ့ အတွက် ကြိုတင်ကြေ ညာပြီးမှ စစ်ရတာပါလို့ ပြောဆိုပါတယ်။
တကယ်လို့ ရှောင်တခင် စစ်ဆေးပြီး ဖမ်းဆီးအရေးယူမယ်ဆိုရင်တော့ တရားစွဲဆို ဖမ်းဆီးထောင်ချ တာတွေ လုပ်ရင် လည်းပဲ ကျွေးမွေး စရိတ်တွေ စတဲ့ လုပ်ဆောင်ချက်တွေ အများအပြား လုပ်ဆောင်နေရမှာ ဖြစ်တာကြောင့် အစိုးရ အနေနဲ့ အခက်အခဲတချို့ရှိတယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ထိရောက်တဲ့ အရေးယူမှု တွေ လုပ်ဆောင်သွားမယ်လို့ သိရတယ်။
အဲဒါကြောင့် လက်ရှိလိုအပ်နေတဲ့ အချက်အလက်တွေ၊ အထောက်အထားတွေကိုပဲ တရားဝင်ဖြစ်အောင် ကြိုတင်ပြင် ဆင်ဖို့ အချိန်ပေး လုပ်ဆောင်ကြဖို့၊ သတိပေးထားတယ်လို့ သိရတယ်။ တကယ်လို့ သတိပေးထားတဲ့အတိုင်း လိုက်နာ လုပ်ဆောင်မှု မရှိမှပဲ ဥပဒေကြောင်း အရ အရေးယူဖို့ အာဏာပိုင်အဖွဲ့ က ဆောင်ရွက်ထားပါတယ်။
၅၀၀၀ တန် ဆိုင်တွေရဲ့ ငွေရှင်း ကောင်တာတွေမှာ တာဝန်ယူကြီးကြပ်နေတဲ့ တရုတ်နိုင်ငံသားတွေဟာ ဗမာစကားတလုံးမှ မပြောတတ်တဲ့ အပြင် နားလည်း မလည်ကြပါဘူး။ ဈေးဝယ်သူတွေက ငွေရှင်းပေးတဲ့အခါ ဗမာစကားပြန်တွေက တဆင့် လုပ် ဆောင်နေတာတွေလည်း တွေ့ရပါတယ်။
ပန်းပဲတန်းမြို့နယ်မှာ နိုဝင်ဘာလ ၂၈ ရက်နေ့က စတင် စစ်ဆေးမှုတွေပြုလုပ်ပြီး နောက်ပိုင်းမှာတော့ ဆိုင်ကောင်တာတွေ မှာ ထိုင်လေ့ရှိတဲ့ တရုတ်နိုင်ငံသားတွေ အစား မြန်မာ အမျိုးသမီးတွေကိုပဲ တွေ့ရပါတော့တယ်။
၅၀၀၀ တန် ဆိုင်တွေမှာ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားအများစုဟာ စီးပွားရေး ဗီဇာတွေနဲ့ လာရောက်လုပ် ကိုင်နေကြ တာဖြစ်တယ်လို့ သိရတယ်။ ဒါပေမယ့် နိုင်ငံခြားသားတွေအနေနဲ့ တကယ်လို့ စီးပွားရေး ဗီဇာနဲ့ လာမယ်ဆိုရင်လည်းပဲ တရားဝင် စီးပွားရေး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
အဲဒီလိုမှမဟုတ်ဘဲ နောက်ကွယ်ကသာ လုပ်ဆောင်နေမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ အခွန်ငွေတွေ ဆုံးရှုံးစေပါတယ်။ ၅၀၀၀ တန်ဆိုင်က တရုတ်နိုင်ငံသားတွေဟာ လက်ရှိမှာတော့ နောက်ကွယ်က လုပ်ဆောင်နေသူတွေပါ။ ဒါ့အပြင် တချို့ ဆိုင်တွေဆိုရင် အခွန်တောင် ပုံမှန်ဆောင်ခြင်း မရှိပါဘူး။ အဲဒီအတွက် သက်ဆိုင်ရာ မြို့နယ် အခွန်ဌာနက သတိပေးစာ ပို့ထားတာတွေ ရှိတယ်လို့ လည်း သိရတယ်။
အလားတူပဲ နိုင်ငံခြားသားတွေအနေနဲ့ တည်းခိုနေထိုင်တဲ့အခါမှာလည်းပဲ ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာပဲ နေထိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့် ကြိုက်တာယူ ၅၀၀၀ ဆိုင်ပိုင်ရှင် တရုတ်နိုင်ငံသားအများစုဟာ ဟိုတယ်၊ တည်းခိုခန်းတွေမှာ တည်း ခိုနေသူတွေ မဟုတ်ဘူးလို့ စစ်ဆေး တွေ့ရှိထားပါတယ်။
ကြိုက်တာယူ ၅၀၀၀ တန်ဆိုင်တွေ ပေါ်ပေါက်လာတဲ့အတွက် တဖက်က ကြည့်ရင်တော့ မြန်မာနိုင်ငံ သားတချို့ အလုပ် အကိုင်ရတယ်၊ ဈေးသက်တာတဲ့ အဝတ်တွေ ဝယ်ယူနိုင်တယ်လို့ ကောင်းတဲ့ဘက်က တွေးလို့ရပါတယ်။ ဒါပေမယ့် တခြား တဖက်မှာတော့ တိုင်းပြည်အတွက် နစ်နာမှုတွေ အများကြီးရှိပါတယ်။
နယ်စပ်က ပေါပေါများများ တင်သွင်းနေတဲ့အတွက် အခွန်ဘဏ္ဍာငွေ အများအပြားကို ထိခိုက်စေတယ်။ အလားတူပဲ မြန်မာ နိုင်ငံတွင်းက တနိုင်တပိုင် အထည်ချုပ် လုပ်ငန်းတွေကိုလည်း ထိခိုက်လာနိုင်ပါတယ်။ ဒါ့အပြင် နယ်စပ်ဒေသတွေ ကို ကိုယ်တိုင်သွားရောက် ဝယ်ယူတင်သွင်းပြီး ရောင်းချနေကြတဲ့ မြန်မာနိုင်ငံသား အရောင်းအဝယ်သမားတွေကိုလည်း ထိခိုက်စေပါတယ်။
တိုင်းဒေသလွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက “နယ်စပ်ဒေသက အလုံးအရင်းနဲ့ တင်သွင်းတာဖြစ်တော့ စနစ် တကျ စစ်ဆေးမှုလည်း အားနည်းတယ်။ ၅၀၀၀ တန်ဆိုင်တွေ ပေါများလာတာဟာ မြန်မာနိုင်ငံအတွက် အကျိုးအမြတ် ထက် အကျိုးမရှိဘူးလို့ပဲ ပြောရမှာပါ”လို့ ပြောဆိုပါတယ်။
ကြိုက်တာယူ ၅၀၀၀ တန် အဝတ်အထည်တွေဟာ တရုတ်နိုင်ငံရဲ့ စက်ရုံ အလုပ်ရုံတွေက စံချိန်စံနှုန်းမမီတဲ့ ပစ္စည်းအများစု ဖြစ်တယ်လို့ သိရပါတယ်။
တချို့ပစ္စည်းတွေဆိုရင် ဓာတုပစ္စည်း မကင်းတဲ့အတွက် ကျန်းမာရေးအရ မသုံးသင့်တဲ့ ပစ္စည်းတွေ ပါဝင်တယ်လို့ ပြောဆို မှုတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်သလဲ ဆိုတာကို အာဏာပိုင်တွေအနေနဲ့ အခုချိန် ထိတော့ စစ်ဆေးမှုတွေ မရှိသေးပါဘူး။
ကြိုက်တာယူ ၅၀၀၀ တန် အုပ်စုဟာ အခုအချိန်မှာ တကယ့် စီးပွားရေး လုပ်ငန်းစုကြီး တခုလို ဖြစ်နေပါပြီ။
ဘယ်လိုပဲ ဖြစ်ဖြစ် လတ်တလောမှာ လူပြော၊ သူပြောများနေတဲ့ ကြိုက်တာယူ ၅၀၀၀ တန် ဆိုင်တွေရဲ့ လုပ်ဆောင်ချက် တွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ လုပ်ဆောင်မှုတွေဟာ ဥပဒေနဲ့ ညီမညီ၊ တိုင်းပြည်အတွက် အကျိုးရှိမရှိ၊ ရေရှည်မှာ ဘယ်လို စနစ်တွေနဲ့ လုပ်ဆောင် ခွင့်ပြုပေးသွားမယ် ဆိုတာတွေကိုတော့ အာဏာပိုင်တွေအနေနဲ့ ပြည်သူလူထုကို ရှင်းလင်းပေးဖို့ လိုအပ်ပါတယ်။ ။