ဆောင်းပါး

စစ်ဘေးရှောင် အမျိုးသမီးတို့၏ တရက် ၃၀၀ ကျပ်တန် မီးဖိုချောင်

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ် ဆဒုံးမြို့ – မြူဆိုင်းနေသော ညနေခင်းတစ်ခုတွင် အမျိုးသမီးအချို့ တောင်ကြားလမ်းလေးအတိုင်း ဆင်းလာကြသည်။ ၎င်းတို့၏ နောက်ကျောဖက်တွင် ကလေးငယ်များ သိုင်းပိုးလျှက် လက်ထဲတွင် ဟင်းရွက် များလည်း ဆုပ်ကိုင်ထားသည်။ ထို့နောက် ဝါးများဖြင့် တည်ဆောက်ထားသော ဒါဇင်နှင့်ချီသော အိမ်ငယ်လေး များရှိရာ ခြံဝင်းတခုသို့ ဝင်သွားသည်။

အိမ်ငယ်လေးအချို့မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏ (UNHCR) တံဆိပ်ပါရှိသော အမိုး အကာများဖြင့် အုပ်မိုးထားသည်။ ယင်းခြံဝင်း၏ ဘေးပတ်လည်တွင် စိမ်းစိုနေသော လယ်များတည်ရှိပြီး အနောက်ဖက် တွင်တော့ ညှိမှိုင်းနေသော တောင်တန်းကြီးများ အစီအရီ။

အမျိုးသမီးများ ကိုယ်စီကိုယ်စီ အိမ်ထဲသို့ ဝင်သွားပြီးနောက် မီးခိုးလှိုင်းကလေးများ အလိုက်လိုက်တက်လာသည်။ ဤသည်ကား ပြည်တွင်းစစ်ဘေးရှောင် – IDP စခန်းတွင် ညစာအတွက် စတင်ချက်ပြုတ်နေပြီဆိုသည့် အချက်ပြမီးတခု။ အဆိုပါ စစ်ဘေးရှောင်စခန်းသည် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့တွင် တည်ရှိပြီး လူဦးရေ ၄၀၈ ဦးဖြင့် ၂၀၁၇ အစောပိုင်းကာလတွင် စတည်ထူထောင်ခဲ့ကြသည်။ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှ ကီလိုမီတာ ၇၀ ဝန်းကျင် အကွာအဝေးတွင် တည်ရှိသည်။

ထိုဒုက္ခသည်စခန်းသည် ကချင်လွတ်မြောက်ရေးတပ်မတော် – KIA နှင့် မြန်မာ့တပ်မတော်တို့ ဇိုင်းအောင်ဒုက္ခသည် စခန်းအနီးတွင် တိုက်ပွဲသစ်များတဖန်ဖြစ်ပွားခဲ့ခြင်းတို့၏ ရလဒ်ပင်ဖြစ်သည်။ ထောင်နှင့်ချီသော စစ်ဘေးရှောင်များ လည်း ကစဉ့်ကလျားနှင့် ထွက်ပြေးကြရသည်။ တချို့မှာ ဝိုင်းမော်နှင့် မြစ်ကြီးနား စစ်ဘေးရှောင်စခန်းသို့ ရောက်သွား ကြသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့တွင် တည်ရှိသည့် စစ်ပြေးဒုက္ခသည်စခန်းတွင်းက ကလေးငယ် ၂ ဦး
မိုးမြင့်/ဧရာဝတီ

ဒေသခံများက ထိုစခန်းကို လီဆူးကမ့် (camp) ဟု သိကြသည်။ လီဆူမျိုးနွယ်များမှာ များသောအားဖြင့် ကချင်ပြည် နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေထိုင်ကြသူများဖြစ်သည်။

၂၀၁၆ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားရေးအဖွဲ့အများက ရိက္ခာထောက်ပံ့သည့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြီး ငွေကြေးထောက်ပံ့ခြင်းသို့ ပြောင်းလဲလိုက်သည်။ စခန်းရှိ အမျိုးသမီးများမှာ လုံလောက်သောထောက်ပံ့မှု မရရှိတော့သဖြင့် အနီးအနားတွင် တည်ရှိသော တောင်ကုန်း တို့တွင် ဟင်းသီးဟင်းရွက်များ ရံဖန်ရံခါ ရှာဖွေစားသောက်လာကြတော့သည်။

ထိုအပြောင်းအလဲသည် ကလေးငါးယောက်မိခင် လီဆူးအမျိုးသမီး ဒေါ်ဝေါ်မီတို့ အတွက်ထိခိုက်စေကြောင်းပြသ နေသည်။ ယင်းစခန်းတွင် နေထိုင်ကြသော လီဆူးအများစုမှာ ဗမာစကားမပြောတတ်ကြပေ။ ဒေါ်ဝေါ်မီးသည်ကား ရှားရှားပါးပါး ဗမာစကားပြောဆိုတတ်သူထဲက တယောက်ဖြစ်၏။

“တလမှာ ကျွန်မရဲ့ကလေးတွေကို အသားငါးဟင်း ခဏခဏချက်ကျွေးဖို့ မတတ်နိုင်ပါဘူး။ အရံဟင်း တခွက် နှစ်ခွက်နဲ့ ထမင်းစားကြတာများပါတယ်’’ ဟု သူပြောသည်။

အိုးတွေ ရေမစိုတဲ့ ထောက်ပံ့ငွေ

ပြီးခဲ့သည့် ၂၀၁၁ နှစ်မှစ၍ တပ်မတော်နှင့် KIA တို့အကြား ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲမှုသဘောတူညီချက် ပျက်ပြယ်ကာ တိုက်ပွဲများဖြစ်ပွားပြီးနောက် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် စစ်ဘေးရှောင် တစ်သိန်းနီးပါး (၁၀၀,၀၀၀) ခိုလှုံလျှက်ရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာ မင်းကြီးရုံး – UNHCR က ခန့်မှန်း ထားသည်။ ၎င်းတို့ခိုလှုံနေသည်မှာ ယခုဆိုလျှင် ၆ နှစ် ဝန်းကျင်ရှိပြီဖြစ်သည်။

ကျောက်စိမ်းကြွယ်ဝသော ကချင်ပြည်နယ်လူဦးရေ၏ ၉ ရာခိုင်နှုန်းမှာ စစ်ဘေးရှောင်များဖြစ်နေပါသည်။ ယင်းအရေ အတွက်၏ ၇၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြသည်။ ဆဒုံးစခန်းအပါဝင် စစ်ဘေးရှောင်စခန်း အသီးသီးတွင် နေထိုင်ကြသော အိုးအိမ်မဲ့သူများ တိုက်ပွဲများမဖြစ်ပွားမီက မိမိတို့ နေထိုင်ရာ အရပ်ကိုပြန်လိုသည့်မျှော်လင့်ချက် ရောင်ခြည်လေးဖြင့် နေထိုင်ကြသည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အစောပိုင်းအထိ နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီများသည် ကချင်စစ်ဘေးရှောင် များအတွက် ဆန်အိတ်များ ထောက်ပံ့ခဲ့သော်လည်း ၂၀၁၆ ခုနှစ် မတ်လမှစတင်ပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် -WFP သည် အရှေ့အလယ်ပိုင်း ဒုက္ခသည်အကျပ်အတည်း ပေါ်ပေါက်လာခြင်း အလှူရှင်များ ခြေကုန်လက်ပမ်းကျ လာခြင်း စသောအကြောင်းအရင်းများကြောင် ရိက္ခာဆန်အစား ငွေထောက်ပံ့ခြင်းသို့ ပြောင်းလဲကျင့်သုံးလာကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့ (KBC) မှလူသားချင်းစာနာထောက်ထားမှုဌာန၏ ဒါရိုက်တာ ကိုခါးလီက ရှင်းပြသည်။

ဝိုင်းမော်မြို့နယ်ရှိ သာဂရ စစ်ဘေးရှောင်စခန်း၏ စိမံခန့်ခွဲမှုကော်မတီဝင်ဖြစ်သူ ဦးသိန်းစိုးက ယခင် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အစောပိုင်း ကာလထိ စစ်ဘေးရှောင်တဦးသည် လစဉ် ဆန် ၁၃.၅ ကီလို၊ ဆီ ၂ ပုလင်း၊ ဆားနှင့် ပဲ ၂ ဗူး ရရှိကြောင်း ပြောပါသည်။ သို့သော် လက်ရှိအချိန်တွင် စစ်ဘေးရှောင်တဦးလျှင် ရိက္ခာအစား လစဉ်ထောက်ပံ့ငွေ ၉၀၀၀ ကျပ်သာရရှိကြပြီး သက်ကြီးပိုင်းနှင့် ကိုယ်အင်္ဂါမသန်စွမ်းသူများသာ ၁၃၀၀၀ ကျပ်လစဉ်ရရှိကြသည်။

သာဂရ စခန်းတွင် နေထိုင်သူ အသက် ၂၃ နှစ်အရွယ် ကလေးနှစ်ယောက်မိခင် နန်းရွှေက “ကျမတို့တလမှာ အသားငါးတောင် ခဏခဏ မဝယ်နိုင်ဘူး ကလေးတွေကျောင်းစရိတ်ဆို ဘယ်လိုပေးရမှာလဲ” ဟုပြောသည်။

မစို့မပို့ ရိက္ခာ

လက်ရှိအကူအညီပေးရေးအစီအစဉ်အရ စစ်ဘေးရှောင်တဦးလျှင် တနေ့ကျပ် ၃၀၀ သာရရှိကြပြီး ထိုပမာဏမှာ စီးပွားရေးမြို့တော် ရန်ကုန်တွင် ဘတ်စ်ကား တကြောင်းစီးရန်ပင် အဆင်မပြေပါ။ ချဉ်ရည်ဟင်းချက်မည့် ကန်စွန်းရွက် သို့မဟုတ် ချဉ်ပေါင်ရွက် တစည်းဖိုးသာရှိသည်။

မကြာသေးမီက ဧရာဝတီသတင်းဌာ၏ သတင်းထောက်သည် ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများသွား ရောက်ခဲ့သည်။ ခရီးစဉ်အတွင်း လီဆူး၊ ရှမ်းနှင့် ကချင်အမျိုးသမီးအများအပြားတို့သည် စကားပြန်မှတဆင့် ၎င်းတို့၏ငွေကြေး အခက်အခဲများ ရိက္ခာမလုံလောက်ခြင်းတို့ကို ရင်ဖွင့်ကြသည်။

သာဂရ စခန်းတွင် နေထိုင်သူ အသက် ၂၃ နှစ်အရွယ် ကလေးနှစ်ယောက်မိခင် မနန်းရွှေ
မိုးမြင့်/ဧရာဝတီ

ကလေးနှစ်ယောက်မိခင် ရှမ်းတိုင်းရင်းသူ နန်းရွှေက “ ကလေးတွေကျောင်းသွားရင် မုန့်ဖိုး ၁၀၀ ကျပ်တောင် ပုံမှန်မပေးနိုင်ဘူး” ဟုပြောသည်။

မိသားစုဝင် ၇ ဦးရှိသော လီဆူးအမျိုးသမီး ဒေါ်ဝေါ်မီးတို့သည် ဆဒုံးစစ်ဘေးရှောင်စခန်းသို့ လွန်ခဲ့သော လအနည်း ငယ်ကရောက်ရှိလာပြီး ရိက္ခာ ပိုမိုထိရှလွယ်သူများအဖြစ်သတ်မှတ်ခံရသောကြောင့် တစ်လလျှင် တဦးစီအတွက် WFP ၏ ထောက်ပံ့ငွေ မြန်မာငွေ ၁၃၀၀၀ ကျပ် ကို ပုံမှန်ရရှိသည်။ ထို့ကြောင့် မိသားစုဝင် ၇ ဦးအတွက် ၉၁၀၀၀ ကျပ်ရရှိကြောင်း ရှင်းပြပါသည်။

ထောက်ပံ့ငွေ ထုတ်ပြီးသည့်အကြိမ်တိုင်း အဝတ်အစားထက် ကီလိုဂရမ် ၅၀ ပါသော ဆန်ကြမ်းများကိုသာ ဦးစီးပေး ဝယ်ယူလေ့ရှိသည်။ ဆဒုံးတွင် ဆန်ကြမ်းတအိတ်လျှင် အနည်းဆုံး မြန်မာငွေ ၃၀၀၀၀ ကျပ် မှ ၄၀၀၀၀ ကျပ်ထိပေါက် ဈေးရှိသည်။ သူ၏မိသားစုအတွက် တလလျှင် အနည်းဆုံး ဆန်နှစ်အိတ်စားသုံးပြီး ကျန်ငွေ ၃၀၀၀၀ ခန့်ကိုဆီ၊ ဆား နှင့်အခြားအခြေခံကုန်စည်များဝယ်ယူကြောင်း ရှင်းပြသည်။

“တကယ်လို့ ဈေးမှာ အသားဝယ်ရင် အနည်းဆုံး ၄၀၀၀ ကျပ် ကုန်တယ်။ ဒါကြောင့်ဟင်းသီးဟင်းရွက်တွေပဲ အဓိက ဝယ်ဖြစ်တယ်” ဟုပြောသည်။

တခါတရံ ငွေပြတ်သည့်အခါ ကလေးများမှာ ထမင်းကို ဆားနှင့်နယ်စားလေ့ရှိကြောင်းလည်းဆိုကြပါသည်။

မကြာသေးမီက ဝိုင်းမော်မြို့နယ်ရှိ လော်ဝေါ် ခရစ်ရှန်ဘုရားကျောင်းဝင်း ဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့လာသူ အသက် ၄၄ နှစ်အရွယ်၊ ကလေး ၃ ယောက်မိခင် ဒေါ်လန်းယိုက အောက်ပါကဲ့သို့ပြောသည်။

“ဈေးသွားဖို့ ငွေမရှိတော့ရင် ထမင်းနဲ့ ဆားနဲ့ ပဲစားဖြစ်တယ်”

ဝိုင်းမော်မြို့နယ်ရှိ လော်ဝေါ် ခရစ်ရှန်ဘုရားကျောင်းဝင်း ဒုက္ခသည်စခန်းတွင်းက မီးဖိုချောင်
မိုးမြင့်/ဧရာဝတီ

အလုပ်အကိုင်ရှာဖွေခြင်း

အစားအသောက်ဖူလုံရေး ရုန်းကန်ရသောအခြေအနေမှာ ဧရာဝတီသတင်းဌာနသွားရောက်ဖြစ်ခဲ့သည့် မြစ်ကြီးနား၊ ဝိုင်းမော်နှင် ဆဒုံးမြို့ရှိ စစ်ဘေးရှောင်စခန်းတိုင်းတွင် ကြိမ်ဖန်များစွာ ကြားခဲ့ရသော ဇာတ်လမ်း တပုဒ်ဖြစ်သည်။ အမျိုးသားများ မြို့ပေါ်တက်ပြီး နေ့စားအလုပ်လုပ်ခြင်း၊ ဝါးခုတ်ခြင်း၊ ထင်းခုတ်ခြင်းဖြင့် ဝင်ငွေ ရှာဖွေနေစဉ် စစ်ဘေးရှောင် မိခင်တို့၏ နိစ္စဓူဝလုပ်ငန်းများမှာ ချက်ပြုတ် လျှော်ဖွတ် ကလေးထိန်းခြင်းတို့ပင်ဖြစ် သည်။

အချို့သော အမျိုးသမီးများသည် စပါးစိုက်ခင်းများတွင် အလုပ်လုပ်ရန် စခန်းမှထွက်ခွာကြရပြီး မြို့နှင့်နီးသော အချို့စစ်ဘေးရှောင်စခန်း များတွင်နေသူများသည် ပယင်းပုတီးကုန်း၊ လည်ဆွဲ အစရှိသော လက်မှုပစ္စည်းများ ပြုလုပ်ရောင်းချကာ ဝင်ငွေအနည်းငယ်ရှာကြသည်။

အကူအညီပေးရေးအဖွဲ့အစည်းများက စစ်ဘေးရှောင်များကို အသက်မွေးဝမ်းကြောင်း ပညာသင်ကြားပေးခြင်းနှင့် အသက်မွေးဝမ်းကြောင်းစီမံချက်များ အတွက် အသေးစားငွေကြေးထောက်ပံ့ခြင်းတို့ပြုလုပ်ပေးကြောင်း၊ နိုင်ငံတကာ ဘာသာရေးအဖွဲ့အစည်းများကလည်း အခါအားလျှော်စွာ လှူဒါန်းကြကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် များအဖွဲ့ (KBC) မှ လူသားချင်းစာနာမှုဌာန၏ ဒါရိုက်တာ ကိုခါးလီကပြောသည်။ သို့သော်လည်း သူက ယခုကဲ့သို့ ဝန်ခံပါသည်။

‘‘သူတို့တွေ အသားငါး ပုံမှန်စားရတဲ့နေ့ဆိုတာ အင်မတန်ရှားမယ်လို့ ကျနော်ထင်တယ်”

ဆိုးရွားလှသော ငွေကြေးအကျပ်အတည်းကြောင့် အချို့သောအမျိုးသမီးငယ်များသည် တရုတ်နိုင်ငံတွင်အလုပ်ရှာရန် သွားရောက်သည်များရှိကြောင်း ပြည်တွင်းကယ်ဆယ်ရေးအဖွဲ့အစည်းတချို့ကဆိုပါသည်။ အချို့သည် တရုတ်လူမျိုး နှင့်လက်ထပ်ကြပြီး အချို့မှာ လူကုန်ကူးခံရကြောင်းပြောသည်။ သို့သော် လူကုန်ကူးမှုနှင့်ပတ်သတ်သော အချက်အလက်တို့မှာ စနစ်တကျပြုစုထားခြင်း မရှိပေ။

အချို့စစ်ဘေးရှောင် အမျိုးသမီးများသည် ပြည်သူ့စစ်များ ထိန်းချုပ်ထားရာနေရာတစ်ခုဖြစ်သော ဗလမင်းထင် တံတားအနီးရှိ တရားမဝင် ကာစီနိုလောင်းကစားရုံတွင် ပြည့်တန်ဆာအလုပ်လုပ်နေကြကြောင်း ဝိုင်းမော်မှ အမည် မဖေါ်လိုသော ရှေ့နေတဦးကပြောသည်။ ထိုပြောဆိုချက်နှင့် ပတ်သတ်ပြီး ဧရာဝတိသတင်းဌာနအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

စစ်ဘေးရှောင်များ ရိက္ခာလုံလောက်ခြင်း မရှိသည့်ကိစ္စနှင့် ပတ်သတ်၍ ပြည်ထောင်စုအစိုးရအနေဖြင့် ဖြေရှင်းပေးရန် လွန်ခဲ့သောလက နိုင်ငံတော်တိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်နှစ်ခြင်းအသင်းတော်များအဖွဲ့ (KBC) တွေ့ ဆုံစဉ် ကိုယ်စားလှယ်များက တင်ပြခဲ့ကြောင်း သို့သော်လည်း မည်သည့်အချိန်တွင် စတင်ဆောင်ရွက်မည်ကို မသိရှိရ သေးကြောင်း ကိုခါးလီက ပြောသည်။

တဖက်တွင် ရိက္ခာကိစ္စကို ဆောင်ရွက်နေကြသည်ဆိုသော်လည်း စစ်ဘေးရှောင်အမျိုးသမီးတို့၏ စိတ်တွင် ငွေနှင့် အစားအစာထက် တိုက်ပွဲများပိုမိုဖြစ်ပွားမည်ကို စိုးတထိတ်ထိတ်ဖြစ်နေကြသည်။ အထူးသဖြင့် ဆဒုံးဒေသကဲ့သို့သော နေရာတွင် တပ်မတော်တပ်ရင်းများ၊ ပြည်သူူ့စစ်များ နှင့် KIA တပ်ရင်း ၆ တို့ အားပြိုင်လျှက်ရှိသော နေရာတစ်ခု ဖြစ်သည်။

ကလေး ၅ ယောက်မိခင် လီဆူးတိုင်းရင်းသူ ဒေါ်ဝေါ်မီးသည် ၂၀၁၁ခုနှစ်တွင် တကြိမ်နှင့် ၂၀၁၆ ခုနှစ်တွင် တကြိမ် စစ်ဘေးရှောင်ဖူးခဲ့သည်။

“ကျမကနိုင်ငံရေးတော့ နားမလည်ပါဘူး။ ဒါပေမယ့် သူတို့ တိုက်ပွဲဖြစ်တိုင်းကျွန်မတို့ ပြည်သူတွေကြားညပ်ပြီး အရမ်းဒုက္ခရောက်တယ်” ဟု သူကပြောသည်။

(ယခုဆောင်းပါးကို အင်္ဂလိပ်စာဖြင့် ဖတ်လိုပါက ဧရာဝတီအင်္ဂလိပ်ပိုင်းပါ Displaced Mothers Struggle to Feed Their Children ကို ဖတ်ပါ)

Did you find apk for android? You can find new Free Android Games and apps.
Loading